ကြို့ထိုးနာ
"မင်းဟာ..သူခိုးပဲ၊ ငါ့အိတ်ထောင်ထဲက ငွေခုနစ်ထောင် ပျောက်နေတယ်"
အဖေ့ရဲ့ စွပ်စွဲသံကို ကြားလိုက်ရတဲ့အချိန်မှာ ကျွန်တော့်ရဲ့ ဒေါသက ငယ်ထိပ်ကို တက်စောင့်သွားပါတယ်။
လက်ထဲမှာ ကိုင်ထားတဲ့ စားလက်စမုန့်ကို 'ဝီးခနဲ' လွှင့်ပစ်လိုက်ပြီး
"အဖေ..ကျွန်တော့်ကို မတရား စွပ်စွဲတာ"
လို့ ငိုသံနဲ့ ပြန်ပြောချိန်မှာ အဖေနဲ့ အမေက ကျွန်တော့်ကို ပြုံးပြီး ကြည့်နေပါတယ်။
"မင်း..ကြို့ထိုးနေတာ ပျောက်သွားပြီ မဟုတ်လား၊ မင့်းအဖေက မင်းကြို့ထိုးပျောက်အောင် ပြောတာပါကွယ်။ ငါ့သားကြီးက သူခိုး မဟုတ်ပါဘူး"
အမေ ရှင်းပြလိုက်မှ ကျွန်တော် သဘောပေါက်သွားပါတယ်။
ကျွန်တော်က မုန့်ကို လောဘတကြီး စားမိတော့ 'အစာနင်'ကာ ကြို့ထိုးနေတာပါ။ အဖေက စိတ်ပညာနည်းနဲ့ ကျွန်တော့်ကို ဒေါသထွက်အောင် ဆွပေးပြီး 'ကြို့ထိုးနာ'ကို ကုလိုက်တာပါ။
ကျွန်တော် မုန့်ကို လွှင့်ပစ်ချိန်မှာပဲ ကျွန်တော့်ရဲ့ 'ကြို့ထိုးနာ'ကလဲ တစ်ခါတဲ ရပ်သွားပါတယ်။
အဖေက သူခိုးလို့ ကျွန်တော့်ကို တကယ်စွပ်စွဲတာမှ မဟုတ်ဘဲဗျာ။ အစာနင်ပြီး 'ကြို့ထိုး'နေတာကို ပျောက်သွားအောင် ကုပေးတာပဲ။
တော်လိုက်တဲ့အဖေ..။
ဒါပေမဲ့
တကယ်တော့
အဖေ့အိတ်ထောင်ထဲက ငွေတွေကို
ကျွန်တော်
ခဏခဏ နှိုက်ခဲ့ဖူးသပေါ့ဗျာ....။
ဦးမြင့်ဇော် (ရွှေတံခါး)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။