Miles of Happiness added 39 new photos.
ခေါ်နူးစုမ် ဒိုင်ယာရီ
တောင်ဇလပ်တွေပွင့်တဲ့ ချင်းပြည်နယ်ရဲ့ ဂုဏ်ယူစရာအလှတရား ခေါ်နူးစုမ် ခေါ် နတ်မတောင် ခေါ် ၀ိတိုရိယတောင် - ကမ္ဘာဦးသစ်တောကြီးတွေ သစ်ခွတွေ ၊ ချယ်ရီတွေ ၊ အရိုင်းဆန်တဲ့ တောပန်းလေးတွေ - ပါးရဲထိုးချင်းမျက်နာတွေ မျက်စိတစ်ဆုံး စိမ်းညို့ချင်းတောင်တန်းကြီးတွေ ကိုယ်တိုင် မြင်ဖူးချင်ခဲ့တာ ရောက်ဖူးချင်ခဲ့တာ တော်တော်ကြာခဲ့ပါပြီ -
ခေါ်နူစုမ် ( Khaw Num Cong ) ကျွန်မနှလုံးသားထဲ ရောက်နေခဲ့တာ ကြာပါပြီ။
ခရီးတွေအမြဲလိုလို ထွက်ဖြစ်နေပေမယ့် အကြောင်းအမျိုးမျိုးနဲ့
မရောက်ဖြစ်ခဲ့ဘူး။ ရုံးက ထွက်တဲ့ ၂၆ ကြိမ်မြောက် ခရီးစဉ်မှာမှ
လူလည်းသိပ်မများတာကြောင့် လိုက်ခဲ့ဖြစ်တာ ။ ဘာလိုလိုနဲ့ ချင်းပြည်နယ် -
ခေါ်နူးစုမ် ခရီးစဉ်ပို့ခဲ့တာ ၂၆ ကြိမ်တောင်ရှိခဲ့ပြီ ။ မနည်းတော့ဘူး ။
ကိုယ်တစ်ကယ်သွားချင်ခဲ့ အရမ်းစိတ်ဝင်စားခဲ့တဲ့ နေရာတစ်ခုကို ခရီးစဉ်တစ်ခုအနေနဲ့ Design လုပ်ပြီး ကိုယ်တိုင်အကြိမ်ကြိမ် စီစဉ်ပို့ဆောင်နေပေမယ့် ကိုယ်တိုင်ကျခရီးစဉ်စီစဉ်ပို့ဆောင်ပေးနေတာ ၂ နှစ်ကျော် ကြာမှ ရောက်ဖြစ်တော့တယ် ။ ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့ ဂျူးရဲ့ တိမ်နဲ့ချည်တဲ့ကြိုး ဖတ်ဖူးသူတိုင်း ရူးသွပ်ဖူးကြမှာပါ ။ ကိုယ့်ခေါင်းပေါ်ဖြတ်ပြေးသွားမယ့် တိမ်တွေ ကိုယ့်အခန်းထဲ ၀င်လာမယ့် တိမ်တွေ ငြိမ်ငြိမ်လေး အကြာကြီး ထိုင်ငေးကြည့်နေရမယ့် တိမ်ပင်လယ်တွေ မျက်စိတစ်ဆုံး ချင်းတောင်တန်းကြီးတွေ တွေးတွေးပြီး ခရီးမသွားခင်တည်းက ကြိုတင်ရူးနေတာပေါ့ ။
တကယ်ရောက်ခဲ့တဲ့အခါ ကြိုတင်ရူးခဲ့တာ မြင်ယောင်တွေးကြည့်ခဲ့တာတွေရဲ့ အဆပေါင်းများစွာ စာတွေနဲ့လဲ မရေးပြနိုင်တဲ့ ဓါတ်ပုံတွေလဲ မဖော်ပြနိုင်တဲ့ တစ်ကယ့်အလှတရားကို ကိုယ့်မျက်လုံးနဲ့ကြည့်ပြီး နှလုံးသားနဲ့ ခံစားခဲ့ရတာ ။ တက်ယ ပိုတာမဟုတ်ဘူး ချင်းပြည်ကနေအိမ်အပြန်လမ်းမှာ ရင်ထဲ ဟာတာတာကြီးဖြစ်ကျန်နေခဲ့အောင် ကိုဖမ်းစားသွားတာ ။ ဒီဇင်ဘာ ဇန်န၀ါရီ အလုပ်ရှုပ်မယ့် ရက်တွေ ပီးရင် ဖေဖော်ဝါရီ ထပ်ကိုသွားဦးမှာ ။
ကိုယ့်လိုပဲ ချင်းတောင် ဆို အရူးအမူး သွားချင်တဲ့ သူတွေအတွက် Information လေးတွေ တတ်နိုင်သမျှ Share ပေးပါ့မယ်။
ဘယ်လိုသွားမလဲ
ခေါ်နူးစုမ်က ချင်းပြည်နယ် ကန်ပက်လက်မြို့နဲ့အနီးဆုံးမှာ ရှိပါတယ်။ ရန်ကုန်ကနေ ကားနဲ့ဆို ကျွန်မတို့သွားခဲ့တာ အမြန်လမ်းအတိုင်းလာပြီး မထ္ထီလာကနေ လမ်းခွဲပြီး ချောက် - ဆိပ်ဖြူ- ဆော- ကန်ပက်လက် လမ်းအတိုင်း သွားရတယ် ။ ကန်ပက်လက်ထိ လမ်းကောင်းပါတယ်။ ဆောကျော်ရင် တောင်တက်လမ်းမို့ အကွေ့အကောက်တွေတော့ရှိတယ်။ ရန်ကုန်ကနေ ဆော လောက်အထိက ကားကြီး Express တွေသွားနိုင်ပေမယ့် ဆောကျော်ရင်တော့ 33 ယောက်စီး ကားလောက်သာ အကြီးဆုံးသွားသင့်တယ် ။ ကားကြံ့ခိုင်ရေး ကောင်းပြီး လမ်းကြောင်း ကျွမ်းကျင်တဲ့ Driver နဲ့သွား သင့်တယ်။
ကိုယ့်ကားနဲ့ကိုယ် မိသားစု သွားမယ်ဆို Surf , Pajaro , RVR လို 4 wheel တွေနဲ့သွားတာ ပိုအဆင်ပြေတယ်။ ရန်ကုန်ကနေ ကန်ပက်လက်မြို့အထိ ၁၄ နာရီခန့် ကားမောင်းချိန်ကြာပါတယ်။ ကားနဲ့သွားရတာ အနည်းငယ်ကြာပေမယ့် အနည်းငယ်ပင်ပန်းပေမယ့် လမ်းတစ်လျှောက် ရှုခင်းတွေ တောင်တွေ တောတွေ ရွာတွေ လူတွေ တံတားတွေ တစ်မြို့ပီးတစ်မြို့ဖြတ်သွားတာ ကားပေါ်ကနေ ဟိုကြည့်ဒီကြည့် သွားရတာ အရမ်းမိုက်ပါတယ်။ မကွေးတိုင်းလို အပူပိုင်းဒေသကနေ ချင်းပြည်နယ်လို တောင်ပေါ် အေးတဲ့ဒေသကို ဖြတ်သွားတာ မြင်ကွင်းတွေက ခြားနားလို့နေတယ်။
Bus နဲ့သွားမယ်ဆိုရင် ရန်ကုန်ကနေ ချောက် အထိစီး ၊ ချောက်ကနေ ဆော တစ်ခါထပ်စီး ၊ ဆောကနေမှ ကန်ပက်လက်ကို သွားတဲ့ ကားတွေကိုထပ်စီးမှ ရောက်မှာပါ ။ သက်သက်သာသာ သွားချင်ရင်တော့ ရန်ကုန်ကနေ ညောင်ဦးကို လေယာဉ်စီး ညောင်ဦးကနေ ကားငှားပီး ကန်ပက်လက်ကို ဆက်သွားလို့ရပါတယ်။
ကန်ပက်လက်မြို့ကို ရောက်ပီဆိုရင် ခေါ်နူးစုမ်နဲ့အနီးဆုံးကိုေ ရာက်နေပါပြီ။ ကန်ပက်လက်က ခေါ်နူးစုမ်ရဲ့ ပေ ၄၀၀၀ ကျော်မှာရှိတဲ့မြို့လေးပေါ့ ။ နေ့နေ့ ညည တိမ်တွေမြူတွေ ဝေနေတာပဲ။ တောင်စောင်းတစ်လျှောက်က အိမ်လေးတွေ ချစ်စရာလေးတွေ ။ ကန်ပက်လက်မြို့ထဲမှာလဲ တည်းခိုစရာ Guest House တွေရှိတယ်။ ဒါပေမယ့် ဟိုတယ်တွေကတော့ ကန်ပက်လက်ကနေ တောင်ပေါ်ထပ်တက်ရတယ်။
တည်းခိုဖို့
ကျွန်မတို့တည်းခဲ့တာ Pine Wood Villa ပါ ။ ကိုယ့်ဧည့်သည်တွေ အကြိမ်တိုင်း တည်းခဲ့တဲ့ ဟိုတယ်လေးပေါ့။ ဟိုတယ်ထဲမှာတင် ထင်းရူးတောထဲရောက်နေသလို ခံစားရတယ်။ သစ်သား ဘန်ဂလိုလေးတွေ တောင်စောင်းလေးတွေပေါ်မှာ ဆောက်ထားတာ ။ မနက် နေထွက်ချိန် နဲ့ နေ၀င်ချိန်ကို မြင်ရတဲ့ ရှုခင်း အကောင်းဆုံးနေရာမှာ ရှိတယ်။ နတ်မတောင်တက်မယ်ဆိုရင် Pine Wood Villa ကို Reconmend ပေးပါတယ်။ ဟိုတယ်ပိုင်ရှင် အမက ဗုဒ္ဓဘာသာ ချင်းအမျိုးသမီးတစ်ယောက်ဖြစ်ပြီးတော့ အရမ်းစိတ်ထားပြည့်ဝတယ်။
Pine Wood Villa - 09 6565584 ကိုဆက်သွယ်ပြီး အခန်းတွေ ဘိုကင်ယူနိုင်ပါတယ်။ အခန်းစုစုပေါင်း ၁၈ ခန်းပဲရှိပီးတော့ နိုဝင်ဘာကနေ မတ်လလောက်ထိ ပြည်တွင့်း  ပြည်ပ ခရီးသွားဧည့်သည်တွေနဲ့ အခန်းတွေပြည့်နေတတ်တယ်။ ၂ ယောက်ခန်း ဘန်ဂလို တစ်လုံးကို ၇သောင်း ၈သောင်း ခန့်ရှိပါတယ်။
နောက်ထပ် ဟိုတယ်တွေက အသစ်ဖွင့်လှစ်ထားတဲ့ - ပန်းလေပြေ ဟိုတယ် - 09450023710 မှာလဲ တည်းခိုနိုင်တယ် ။ Pine Wood ကနေ ၅ မိနစ်လောက်တက်သွားရင် ရောက်ပါပြီ။ အခန်းအမျိုးအစားပေါ်မူတည်ပြီး ၆သောင်း ၊ ၈သောင်း အစားစားရှိပါတယ်။ တောင်အပေါ်ကို ၅ မိနစ်လောက် ကားနဲ့ဆက်တက်ရင် Sky Palace ဟိုတယ်ရှိပါတယ်။ သူကတော့ ၈သောင်း ပါ ။ အောက်ဘက်ဆုံးမှာ Moutnain Oasis – 09 250 147 208 မှာလဲတည်းခိုနိုင်တယ်။ သူကတော့ အောက်ဘက်ဆုံးဖြစ်ပြီးတော့ Eco Lodge အမျိုးအစားပေါ့။ အသစ်ထပ်ဆောက်နေတဲ့ ဟိုတယ် လေး ငါးလုံးလဲ ရှိပါသေးတယ်။
Must do @ ခေါ်နူးစုမ်
- မနက် ၅နာရီခွဲထပြီး တိမ်ပင်လယ်ကြီးနဲ့ Sun rise ကို ထကြည့်ပါ ။ ဘ၀မှာ ဘယ်တုန်းက မှမမြင်ဖူးတဲ့မြင်ကွင်းမျိုး ဖြစ်နေမှာပါ ။ ဒီမြင်ကွင်းနဲ့တင် ဒီခရီးကို လာရတာ တန်ပြီလို့ ခံစားရစေမှာပါ ။
- အော်ဂဲနစ် စစ်စစ် ထောပတ်သီး ကို အစိပ်လေးတွေလုပ်ပြီး သံပုရာရည် ညှစ်စားပါ ။ ချင်းတောင်က ထောပတ်သီးဟာ ဆွေမျိုးမေ့အောင် ကောင်းလွန်းလှပါတယ်။ Pine Wood မှာတည်းခိုရင်း ဆုံခဲ့တဲ့ ငှက်ကြည့်လာကြတဲ့ အင်္ဂလိပ်အဘိုးကြီး ၂ ယောက်က ညတိုင်း ထောပတ်သီးကိုပဲ ညစာအဖြစ်စားကြတာ တွေ့ခဲ့ရတယ်။ ထောပတ်သီးကို သံပုရာရည် ညှစ်စားတာ ချင်းတောင်ရဲ့ စတိုင်ထင်ပါတယ်။ အလွန်ကောင်းပါတယ်။
- ခေါင်ရည်သောက်ပါ ။ ခေါင်အိုးတစ်အိုးကို ၂ သောင်း ၃ သောင်းလောက်ရှိပါတယ်။လူ လေး ငါး ယောက်လောက် သောက်လို့ရပါတယ်။ ခေါင်သောက်မူးပြီး ရီဝေေ၀ လေးနဲ့ရာသီဥတု အေးစိမ့်စိမ့်နဲ့ မိုက်မှ မိုက်ပါ
- နွားနောက်သားနဲ့ အေးတွီးနဲ့စားပါ ။ နွားနောက်သားကတော့ အမြဲမရတတ်ပါဘူး။ ကံကောင်းလို့ကိုယ်သွားတုန်း ရတာနဲ့ ကြုံရင်တော့ အပီကြိတ်ပေါ့ ။ အရမ်းနူးညံ့အရသာရှိပါတယ်။ အေးတွီးက ဆာဘူးသီးပါ တောင်ပိုင်းချင်းတွေက အေးတွီးလို့ခေါ်ကြတာပါ ။ ပြောင်းဆန်တွေကို ကြိတ်ပြီး အသားပြုတ်ရည်နဲ့ ကြိုထားတာပါ ။ချမ်းချမ်းအေးအေးနဲ့ တစ်ပန်းကန်ပီး တစ်ပန်းကန် ကို ထိုင်သောက်ချင်နေမှာပါ ။
- တောင်ပိုင်းချင်းရိုးရာ ပြာရည်ဟင်းတွေမြည်းစမ်းကြည့်ပါ ။ တမူထူးခြားပြီး စားလို့ကောင်းပါတယ်။ ကြက်သားပြာသုပ် ၊ ချဉ်ပေါင်ပြာဟင်း တွေကို မျက်ရည်ထွက်အောင် စပ်တဲ့ ချင်းငရုတ်သီးထောင်းနဲ့ထမင်းစားမယ်ဆို ဆွေမျိုးပါ မေ့မှာပါ
- ချင်းရွာတွေကို အလည်သွားပြီး ပါးရဲထိုး ချင်းအမျိုးသမီးတွေရဲ့ မျက်နာတွေကို သွားကြည့်ပါ ။ လူစိမ်းကိုမြင်ရင် ရှက်သလိုလိုနဲ့ ပြုံးနေတဲ့ အဖွားတွေကို တွေ့ရမှာပါ ။ ပါးပေါ်က တက်တူးတွေနဲ့ မြင်မြင်ချင်း ထူးဆန်းပြီး အံ့သြမိနေလိမ့်မယ်။ သူတို့ပါးပေါ်က တက်တူးကို သဘောကျနေမှန်းသိရင် အဖွားတွေက ပြုံးရယ်ပြီး လက်ဆွဲနှုတ်ဆက်ပါလိမ့်မယ်။ ခင်စရာကောင်းတဲ့ ပါးရဲထိုးအဖွားတွေနဲ့ စိတ်ကြိုက် ဓါတ်ပုံတွေရိုက်ပါ ။
- လှုပါ ။ ချင်းပြည်နယ်ကိုသွားရင် လှုစရာတွေ ပါသွားအောင် ယူသွားပါ။ ဘာမှ မယူနိုင်လို့ ဘာမှ မပါဘူးဆိုရင် ပိုက်ဆံထည့်သွာြး့ပီး ပိုက်ဆံလှုပါ ။ သူတို့နဲ့ဓါတ်ပုံတွဲရိုက်ပြီး လက်ထဲ ပိုက်ဆံထည့်လှုပေးရင် မျက်လုံးကလေးတွေ ၀ိုင်းပြီး ကျေးဇူးအရမ်းတင်တဲ့အကြည့်နဲ့ ကြည့်နေလိမ့်မယ်။ ကျေးဇူးတင်ပါတယ်လို့တော့သူတို့ပါးစပ်ကပြောမှာ မဟုတ်ဘူး။ သူတို့က မြန်မာစကား မတတ်လို့ပါ ။ ချင်းပြည်နယ်မှာ လှုရတာ ဘယ်မှာ လှုရတာနဲ့မှ မတူပါဘူး။ အရမ်းကြည်နူးစရာကောင်းတာ ကိုယ်တိုင်ကြုံမှ သိမှာပါ
- ချင်းရိုးရာအက ကိုကြည့်ပါ ။ ရိုးရာ အက ကြည့်ဖို့က ဟိုတယ်ကို ကြိုစီစဉ်ခိုင်းဖို့လိုပါတယ်။ ကြိုတင်စီစဉ်ခိုင်းထားရင် ဟိုတယ်ဆီကိုလာပြီး မီးပုံပွဲနဲ့ ချင်းတိုင်းရင်းသူ တိုင်းရင်းသားလေးတွေ ကပြဖျော်ဖြေတာ ကြည့်ရှုနိုင်တယ်။ အတူဝိုင်းဖွဲ့ပြီး ချင်းအကတွေ ကိုယ်ပါ ပျော်ပျော်ရွှင်ရွှင်ဝင်ကနိုင်တယ်။ ကိုယ့်ပိုက်ဆံလေးတွေ ရိုးရာအက ကပြမယ့် ဒေသခံ ချင်းလူမျိုး ညီ ညီမလေးတွေဆီ ရောက်သွားမယ် ကိုယ်တို့လာလို့ သူတို့ ၀င်ငွေ ရသွားမယ်ဆိုတာလဲ ကြည်နူးစရာတစ်ခုပါ ။
-
ခေါ်နူးစုမ်ဘယ်လိုတက်မလဲ
ခေါ်နူးစုမ် ပေပေါင်း ၁၀၀၈၀၀ ကိုတက်ဖို့ဆို မနက် ၆နာရီခွဲလောက် ဟိုတယ်က ထွက်သင့်တယ် နောက်ကျရင် တောင်ပေါ်ရှုခင်းက နေမြင့်သွားပြီး သိပ်မလှတော့ဘူး။ ဟိုတယ်ကနေ ကားနဲ့ ၁၀ မိုင် စခန်းထိ သွားရပါမယ်။ ကားကို ဟိုတယ်ကို စီစဉ်ခိုင်းရင်ရပါတယ်။ ၁၀ မိုင်စခန်းရောက်ရင် တောင်တက်ခရီး ၃ မိုင်ကို တောင်ထိပ်ထိ ခြေကျင်တက်ရုံပါပဲ။ ကျွန်မတို့လို လမ်း သိပ်မလျှောက်နိုင်တဲ့သူတွေက ဆိုင်ကယ် ငှားစီးပီး တက်နိုင်တယ်။ အတက်ကို ၁သောင်း အဆင်းကို ၁ သောင်းပါ ။ တောင်တက်မယ့် ဧည်သည့်လာမှ ချင်းလူမျိုး ဆိုင်ကယ် ကယ်ရီသမားတွေ ၀င်ငွေ ရမှာမို့ လမ်းမလျှောက်နိုင်ဘူးဆိုရင် ဆိုင်ကယ် ငှားစီးသင့်ပါတယ်။ ဓါတ်ပုံရိုက်ချင်တဲ့နေရာရောက်ရင် ရပ်ခိုင်းလို့ရပါတယ်။ ဗမာစကားတော့ သိပ်မပြောတတ်ကြဘူးရယ်။
တောင်တက်ခရီးကတော့ တစ်ကယ့် ဒဏ္ဏာရီထဲက ကမ္ဘာသစ်တစ်ခုထဲ တိုးဝင်သွားသလိုပါပဲ။ တောင်ခြင်းတူတူပေမယ့် လုံးဝ ခြားနားတဲ့ မြင်ကွင်းတွေ ၊ အုံ့ဆိုင်းနွယ်ယှက်နေတဲ့ သစ်ပင်ကြီးတွေ ၊ တောပန်းရောင်စုံလေးတွေ ၊ ရေညှိပင်လေးတွေ ၊ တောင်ဇလပ်ပန်းတွေ စုံလို့ပါပဲ။ ပြီးရင် တစ်တောင်ပေါ် တစ်တောင်ဆင့်နေတဲ့ ချင်းတောင်တန်းကြီးတွေ အသက်ရှုမှားစေနိုင်တဲ့ တိမ်လွင်ပြင်တွေ တောင်ပေါ်မှာပဲ တွေ့ရတဲ့ တောင်ကြာပန်း ၊ တောခရေ ပင်တွေနဲ့ လမ်းတစ်လျှောက်လုံး အေးစိမ့်တဲ့ရာသီဥနဲ့ ရသစုံကို ခံစားသွားရမှာပါ။
ကမ္ဘာအနှံ့က တောင်တက် ၀ါသနာရှင်တွေ ခေါ်နူးစုမ်ဆီကို လာပြီး လည်ပတ် တောင်တက်ကြတာ ဒီလို ထူးခြားတဲ့ ရှုခင်းတွေ အရသာတွေကြောင့်ဆိုတာ ကိုယ်တိုင်ရောက်တော့မှ နားလည် ခဲ့တော့တယ်။
ဒီဇင်ဘာ ၁၂ ရက် ခေါ်နူးစုမ်ကို ရောက်တဲ့အခါ အလွန်စိတ်ချမ်းသာစရာတစ်ခု မြင်တွေ့ခဲ့ရပါသေးတယ်။ အမှိုက်တွေလုံးဝ မရှိပါ ။ ကိုယ်တွေ အဖွဲ့လည်း အမှိုက်မပစ်ပါ ။ စည်းကမ်းတစ်ကျ ထိမ်းသိမ်းတဲ့ အဖွဲ့တွေ ဖွဲ့စည်းထားပြီးပါပြီ။ ကိုယ်တွေကားကိုတားပြီး တောင်ဇလပ်ပန်းခူးလား ၊အမှိုက်ပစ်လား ၊ ထင်းရူးပင်ခုတ်လား ဆိုပြီး စစ်တဲ့အဖွဲ့တွေလဲရှိနေပါပြီ။ ခေါ်နူစုမ်ကို ဒီလို စနစ်တကျ ပြန်လည်ထိမ်းသိမ်းပေးထားလို့ ကျေးဇူးအများကြီးတင်ရပါတယ်။ ကိုယ်ကိုယ်တိုင်သွားတဲ့အခါလဲ လုံးဝ လုံးဝ အမှိုက်မပစ်ရဘူးနော်။ ကိုယ့အမှိုက်ကို ကိုယ်ပြန်သယ်လာခဲ့ပါ ။
အိမ်ပြန်လက်ဆောင် ဘာဝယ်မလဲ
ထောပတ်သီးဝယ်ပါ ။ ချင်းပြည်နယ်က ထောပတ်သီးဟာ တကယ်ကို အရသာ ကောင်းလွန်းလို့ပါ။ ခြံတွေအများကြီးစိုက်ပြီး တစ်နိုင်ငံလုံး ပို့ပါလားလို့ ပြောတဲ့အခါ စစိုက်နေပြီတော့ ပြောတာပဲ ။ ခြံတွေတော့ ဘယ်နားရှိမှန်းမသိခဲ့ဘူး ။
ချင်းရိုးရာ အထည်တွေ ၀ယ်ပါ ။ ဒီဇိုင်းလှလှ ချုင်းရိုးရာ အမျိုးသားဝတ် အမျိုးသမီးဝတ် လုံချည်တွေ ပုဝါတွေ ပုတီး နားဆွဲ လက်ကောက် အစုံ အိမ်ပြန်လက်ဆောင် ၀ယ်နိုင်ပါတယ်။ ဈေးလဲ မှန်ပါတယ်။ ဒေသခံတွေ ၀င်ငွေရဖို့ ရိုးရာအထည်တွေ လက်ဆောင် ၀ယ်ယူအားပေးဖို့ မမေ့ပါနဲ့နော် ။
ချင်းပြည်နယ်က ထွက်ကုန်ပစ္စည်း မရှိလို့ ၀ယ်စရာတော့ သိပ်မရှိပါဘူး ။ ရှိတာလေးတွေကိုပဲ အားပေးကြပေါ့နော်။ အိမ်ပြန်လမ်းမှာတော့ စလေက ဇီးသီး ၊ ဇီးဖျော်ရည် ၊ အာလူးကြော် ၊ ပဲပွကြော် ၊ လက်ပံပျား ကြက်ကြော် တွေ လမ်းသင့်လို့ ၀ယ်နိုင်ပါသေးတယ်။
ချင်းပြည်နယ် - ခေါ်နူးစုမ် ခရီးစဉ်ကို သွားလို့ ဘယ်တော့မှ နောင်တ မရစေရပါဘူး။ ချစ်ခင်တဲ့ သူငယ်ချင်းတွေ အားလုံးကိုလဲ ရောက်ဖူးစေချင်ပါတယ်။ မြန်မာပြည်တွင်းက သယံဇာတထွက်ကုန်အနည်းဆုံး ၊ ဖွံ့ဖြိုးမှု အနည်းဆုံး ဖြစ်တဲ့ချင်းပြည်နယ်ကို ကျွန်မကတော့ ခရီးသွားလုပ်ငန်းနဲ့ ဖွံ့ဖြိုး ကြီးပွား ချမ်းသာစေချင်လှပါတယ်။
နောက်ဆုံးအနေနဲ့ ကြော်ငြာဝင်ပါရစေ ။ချင်းပြည်နယ်ရဲ့ အလှတရားတွေ ကိုယ်တိုင်ကိုယ်ကျ ခံစားသိရှိနိုင်ဖို့ ခေါ်နူးစုမ်ကိုသွားရောက်လည်ပတ်ချင်တယ် ကိုယ်တိုင် စီစဉ်ရတာလဲ အဆင်မပြေဘူး မစီစဉ်ချင်ဘူးဆိုရင် ချင်းပြည်နယ်ခရီးစဉ်၂၆ကြိမ်တိုင်တိုင် သွားရောက်ပြီးဖြစ်တဲ့ ကျွန်မရဲ့ TANGO Travels & Tour နဲ့ဆက်သွယ်လိုက်ပါနိုင်ပါတယ်။ နိုဝင်ဘာကနေ ဖေဖော်ဝါရီ လအထိသာ ချင်းပြည်နယ်ကိုသွားရောက်လည်ပတ်ဖို့ အကောင်းဆုံးအချိန်မို့ အမြန်ဆုံးလေးသာ အထုပ်ပြင်ပြီး သွားရောက်သင့်ပါကြောင်း သတင်းကောင်းလေး ပါးလိုက်ပါတယ်နော် ။ Tango ရဲ့ Service ကတော့ ပြောရရင် ကြွားတယ်ဖြစ်မှာစိုးလို့ သွားဖူးရောက်ဖူးတဲ့သူတွေသာ မေးကြည့်ကြပါလို့။ TANGO Travels – 09 259585294 / 09 73109637 / 09 250243343 ကို ခရီးစဉ်များ ဆက်သွယ်စုံစမ်းနိုင်ပါတယ် ။
ခရီးစဉ်အကြောင်း အောက်ပါ Link မှာ ကြည့်ရှုစုံစမ်းနိုင်ပါတယ်
😊
😊
https://www.facebook.com/Tangotourmyanmar/posts/1335989216453520
ကျေးဇူးအထူးတင်လျှက်
ခေါင်ခေါင်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။