ဖခင်ဆိုတာလည်း မိခင်တွေလိုပဲ သားသမီးတွေအတွက်ဆိုရင် အကောင်းဆုံးတွေကိုပဲ ဖန်တီးပေးချင်လိုကြတာပါ။ အဆိုးဆုံးအခြေနေရောက်နေရင်တောင် ရင်သွေးတွေ မျက်နှာမငယ်ရအောင် ကြိုးစားဖြည့်တင်းပေးတတ်သူတွေပါ။ ဖခင်တွေဟာ အများအမြင်မှာပဲ လူညံ့ဖြစ်ပါစေ၊ လူကြောက်ဖြစ်နေပါစေ သားသမီးတွေရှေ့မှာဆိုရင် သူရဲကောင်းကြီးတွေပါပဲ။ သူတောင်းစားဖခင်တစ်ယောက်ဟာ သမီးငယ်အတွက် ၂နှစ်ကြာအောင် ငွေစုပြီး ဂါဝန်ဝယ်ပေးတဲ့သတင်းကလည်း စိတ်နှလုံးနူညံ့သူတွေအတွက် မျက်ရည်မဆယ်နိုင်အောင်ပါပဲ။ ဖခင်နာမည်ကတော့ အမ်(မ်)ဒီ ကော်စာ ဟော့စိမ် (MD. Kawsar Hossain) ပဲဖြစ်ပါတယ်။
သူတောင်းစားဘဝ
ကော်စာ ဟော့စိမ်ဟာ လွန်ခဲ့တဲ့၁ဝနှစ်လောက်တုန်းက ယာဉ်မတော်တဆမှုတစ်ခုကြောင့် ညာဘက်လက်ဖြတ်လိုက်ရပြီး မသန်စွမ်းဖြစ်ခဲ့ရတာပါ။ မိသားစုအတွက် စားဝတ်နေရေးပြေလည်ဖို့ရန်အတွက် တောင်းရမ်းစားသောက်ရာကနေ သူတောင်းစားဘဝဖြစ်မှန်းမသိ ဖြစ်လာရတာပါ။ တစ်နေ့မှာ သမီးငယ်က ဂါဝန်ဝယ်ချင်တယ်ဆိုလို့ စတိုးဆိုင်ကို သွားဝယ်ခဲ့ပေမယ့် ကော်စာ ဟော့စိမ်မှာ ၅တာကာ (Taka Notes) သာ ပါခဲ့တယ်။ ဆိုင်ရှင်ဟာ သူတောင်းစားသားအဖ ပိုက်ဆံမလောက်ဘဲ ဂါဝန်လာဝယ်မှန်းသိတဲ့အတွက် မောင်းထုတ်ခဲ့ပါတယ်။ဂါဝန်လေး ဝယ်ပေးတယ်
ကော်စာ ဟော့စိမ်ဟာ သူတောင်းစားဘဝရောက်နေပေမယ့် သူစိမ်းတစ်ယောက်က သမီးရှေ့မှာ မောင်းထုတ်ခံရတဲ့အတွက် အရှက်ကြီးပြီး သမီးလေး ဂါဝန်ဝယ်ဖို့အတွက် မစားရက်မသောက်ရက် ၂နှစ်ကြာအောင် ငွေစုခဲ့တာဖြစ်ပါတယ်။ ဂါဝန်အသစ်လေးနဲ့ လှနေတဲ့ သမီးငယ်ကို ဖခင်သူတောင်းစားက ဖုန်းအဟောင်းတစ်လုံးနဲ့ ဓာတ်ပုံရိုက်ပေးနေတဲ့ မြင်ကွင်းကို ကမ္ဘာကျော်ဓာတ်ပုံဆရာ GMB Akash က လူမှုကွန်ရက်ပေါ်မှာ တင်ရာကနေ လူသိများလာတာဖြစ်ပါတယ်။ အဲဒီဓာတ်ပုံဟာ ဖခင်တစ်ယောက်ဟာ သမီးကို အလှဆုံးဖြစ်စေချင်တဲ့မေတ္တာတရားတွေ မီးမောင်းထိုးပြရုံသာမက လူမှုကွန်ရက်မှာလည်း ဝေငှသူများပြားလာခဲ့ပါတယ်။ဘာတွေရင်ဖွင့်သွားလဲ
သူတောင်းစားဖြစ်သူ ကော်စာ ဟော့စိမ်ကတော့ “ သမီးကို ခေါ်ပြီးတော့ ဂါဝန်သွားဝယ်ခဲ့တယ်။ ပိုက်ဆံအလုံအလောက်မပါလို့ ဆိုင်ရှင်က မောင်းထုတ်ခဲ့တယ်။ သမီးလေးက ဖေဖေရယ် သမီးဂါဝန်မလိုချင်ပါဘူးလို့ ပြောရှာတယ်။ ကျွန်တော် စိတ်မကောင်းလိုက်တာဗျာ။ ကိုယ့်ဘဝက သူ့ကို ဘာကိုမှ မဖြည့်ဆည်းပေးနိုင်ခဲ့ဘူးလေ။ ၂နှစ်ကြာအောင် ပိုက်ဆံစုပြီးတဲ့အခါ မနေ့က သမီးလေးအတွက် ဂါဝန်ဝယ်ပေးနိုင်ခဲ့ပြီဗျာ။ ဂါဝန်လေးနဲ့ လှနေတဲ့သမီးကို ဓာတ်ပုံရိုက်ပေးချင်လို့ အိမ်နီးနားချင်းဆီကနေ ဖုန်းခဏငှားလာတယ်။ တစ်နေ့မှာတော့ ကလေးတွေအကုန်လုံးကို ဓာတ်ပုံရိုက်ပေးလို့ရအောင် ဖုန်းတစ်လုံး ဝယ်နိုင်ရမယ်ဗျာ။ ဂါဝန်အသစ်လေး ဝတ်ရလို့ သမီးလေးလည်း ပျော်နေပြီ။ လှလိုက်တာ သမီးလေးရယ်။ ဒီအချိန်မှာတော့ ကျွန်တော်လည်း သူတောင်းစား မဟုတ်သလို သမီးလည်း သူတောင်းစားသမီး မဟုတ်တော့ဘူး။ ကျွန်တော်က ဘုရင်ကြီး၊ သမီးလေးက မင်းသမီးလေးပါ” လို့ ပြောသွားပါတယ်။ကဲ . . သူများပေးစာကမ်းစာနဲ့ အသက်ရှင်နေရတဲ့ သူတောင်းစားတစ်ယောက်လည်း ဖခင်စိတ်အပြည့်အဝရှိသူတစ်ယောက်ပါ။ ကျောင်းလိုက်ပို့ပေးတဲ့အမေ့ကိုလည်း ချစ်ပါ၊ ပညာသင်နိုင်အောင် ပိုက်ဆံရှာနေတဲ့အဖေ့ကိုလည်း သတိရပေးပါလို့ တိုက်တွန်းလိုက်ရပါတယ်။ ဓတ်ပုံမူရင်း – GMB Akash
ကျော်စိုးအောင် (အခရာ)
www.akhayar.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။