ဗန်းမော်သိန်းဖေရဲ့မျှဝေလိုသောအတွေးများ added 3 new photos.
ကြီးပွားအောင်မြင်ရေးအကျင့် (၈)။
#လက်မြှောက်မရှုံးပေးပါနဲ့
တကယ်လို့ ကျွန်တော်ဟာ စာအုပ်တစ်အုပ်ကို ရေးနေရင်းနဲ့ တဝက်လောက် ရောက်တဲ့အခါမှာ အလုပ်များလို့၊ ပျင်းလို့၊ စိတ်မပါတော့လို့စတဲ့ အကြောင်းပြချက်တစ်ခုခုနဲ့ ရေးနေတာကို ရပ်ဆိုင်းလိုက်ရင် အဲဒီစာအုပ်ကို စာအုပ်ဆိုင်တွေမှာ မတွေ့နိုင်တော့သလို သင်လည်း ဖတ်ခွင့်ရမှာ မဟုတ်တော့ပါဘူး။ ရေးပြီးသလောက်ကိုပဲ ထုတ်ဝေသူဆီ ပို့လိုက်ရင်လည်း တစ်ပိုင်းတစ်စစာကို ဘယ်သူမှ ထုတ်ဝေကြမှာ မဟုတ်ပါဘူး။ ပြောပြချင်တာက အလုပ်တစ်ခုကို ပြီးစီးအောင် မလုပ်ဘဲ တဝက်တပျက်နဲ့ ရပ်ဆိုင်းလိုက်တာဟာ မကောင်းသလို အောက်ပါဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတာပါ။
- ၁။ သေချာတာကတော့ ကိုယ်လုပ်ချင်တဲ့အလုပ်၊ ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်ကို ဘယ်လိုမှ မရောက်နိုင်တော့ဘူး။
- ၂။ ပန်းတိုင်ရောက်အောင် ကြိုးစားရင်း အခက်အခဲကို ဖြေရှင်းတဲ့ အတွေ့အကြုံတွေကို ရနိုင်တော့မှာ မဟုတ်ဘူး။ အတွေ့အကြုံ မရှိသူဟာ နောင်မှာ အခက်အခဲနဲ့ ကြုံတွေ့လာရင် ဖြေရှင်းတတ်မှာ မဟုတ်ပါဘူး။
- ၃။ သင်ဖြစ်ချင်တဲ့ အလုပ်ကို ပြီးမြောက်အောင်မြင်လို့ လူတွေရဲ့ အသိအမှတ်ပြုမှု၊ ချီးကျူးခံရမယ့် အခွင့်အလမ်းတွေ ဆုံးရှုံးသွားမယ်။
- ၄။ နောက်အလုပ်တစ်ခု ထပ်လုပ်ရင်လည်း တစ်ဝက်တစ်ပျက်နဲ့ ရပ်ပစ်ချင်တဲ့ အကျင့်စွဲသွားလိမ့်မယ်။ ငါ အလုပ်ကို ပြီးမြောက်အောင် လုပ်နိုင်တယ်ဆိုတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတော့ဘူး။
- ၅။ အလုပ်တစ်ခုကို မပြီးခင် ရပ်ဆိုင်းလိုက်တဲ့အတွက် အဲဒီအဆင့်ထိ လုပ်ခဲ့လို့ ကုန်ဆုံးသွားတဲ့ အချိန်တွေ၊ ငွေတွေ၊ ပစ္စည်းတွေ၊ လုပ်အားတွေဟာ အလာဟသဖြစ်သွားမယ်။ တကယ်လို့ သင်ဟာ တစ်ခြားသူတွေနဲ့ အလုပ်တွဲလုပ်နေခဲ့ရင် သူတို့ရဲ့ အချိန်၊ လုပ်အားတွေကို ဖြုန်းတီးပစ်လိုက်တာပါပဲ။ ဒီလိုဖြစ်ရင် သူငယ်ချင်းတွေကလည်း သင့်အပေါ် ယုံကြည်လေးစားမှု လျော့နည်းသွားပါလိမ့်မယ်။
အောင်မြင်ချင်လို့ ရည်မှန်းချက်ပန်းတိုင်ဆီ ရောက်အောင် ကြိုးစားနေသူများဟာ
ဒီဆိုးကျိုးတွေကို အမြဲမပြတ် နှလုံးသွင်းရင်း အလုပ်တစ်ခုကို
စလုပ်ပြီဆိုရင် ပြီးအောင် လုပ်မယ်ဆိုတာကို ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားပါ။
အလုပ်တစ်ခုကို ပြီးအောင် မလုပ်ခဲ့ရလေခြင်းဆိုတဲ့ နောင်တမျိုး မရပါစေနဲ့။
ယနေ့အထိ ဘယ်လိုအခက်အခဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲ ကြီးမားတဲ့ အကျပ်အတည်း ဒုက္ခနဲ့ပဲ တွေ့တွေ့ ဘယ်တော့မှ အရှုံးမပေး လက်မမြှောက်တတ်တဲ့ စံထားရမယ့် ပုဂ္ဂိုလ်ကြီးတွေ အများကြီး ရှိပါတယ်။ သူတို့ဟာ လမ်းတစ်ဝက်ကနေ လက်လျှော့အရှုံးပေး လှည့်ပြန်သွားကြမယ့်သူတွေ မဟုတ်ကြပါဘူး။
အဲဒီအထဲက အထင်ရှားဆုံးနဲ့ လူသိအများဆုံး ပုဂ္ဂိုလ်ကြီးတစ်ချို့ကို ထုတ်နူတ်ပြောရမယ်ဆိုရင်
- အေဘရာဟင် လင်ကွန်းဟာ ၁၈၃၁ ခုနှစ် ၂၂ နှစ်သားအရွယ်ကစပြီး အမေရိကန်နိုင်ငံရဲ့ တရားသူကြီးရွေးကောက်ပွဲ၊ ကွန်ဂရက် လွှတ်တော်အမတ်၊ ဒုတိယသမ္မတ ရွေးကောက်ပွဲတွေမှာ ယှဉ်ပြိုင်ရင်း အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့တယ်။ ရှုံးနိမ့်မှုတွေကို စိတ်မပျက် လက်မလျှော့ဘဲ ဆက်လက်ကြိုးစားယှဉ်ပြိုင်ရင်းနဲ့ ၁၈၆၀ ခုနှစ် အသက် ၅၁ နှစ်မှာ အမေရိကန်နိုင်ငံရဲ့ ၁၆ ယောက်မြောက် သမ္မတကြီး ဖြစ်လာခဲ့ပါတယ်။
- သောမတ်စ် အယ်ဒီဆင်ဟာ သိပ္ပံပစ္စည်းအသစ်အဆန်းတွေ တီထွင်ရင်း မအောင်မြင်မှုတွေ အကြိမ်ကြိမ်နဲ့ ကြုံတွေ့ခဲ့ရတယ်။ တီထွင်မှု မအောင်မြင်တာတွေကို ရှုံးနိမ့်မှုလို့ သဘောမထားဘဲ အတွေ့အကြုံ သင်ခန်းစာသစ်တစ်ခု ရလိုက်တယ်လို့ သဘောထားပြီး ဆက်လက်ကြိုးစားရင်း ကမ္ဘာကြီးကို ပြောင်းလဲသွားစေတဲ့ တီထွင်မှုကြီးများစွာကို ပြုလုပ်နိုင်ခဲ့ပါတယ်။
- ကာနယ်ဆင်းဒါးဆိုသူဟာ KFC (ကင်တာကီကြက်သားကျော်)ဆိုင်ကို တည်ထောင်ခဲ့သူပါ။ သူရဲ့ ကြက်သားကျော်နည်းကို အမေရိကန်နိုင်ငံတစ်ခွင် သူ့ကားစုတ်လေးကို ကိုယ်တိုင်မောင်းရင်း လှည့်လည်ရောင်းချနေခဲ့တာ တစ်နှစ်ကျော်ကာလအထိ ဘယ်သူမှ မဝယ်ကြပါဘူး။ သူ့နည်းကို ဝယ်ဖို့ ကမ်းလှမ်းတာကို စားသောက်ဆိုင်တွေက ဘယ်နှစ်ကြိမ် ငြင်းပယ်ခဲ့ကြသလဲ။ အကြိမ်ပေါင်း (၁,၀၀၉) ကြိမ်ပါ။ အကြိမ် (၁,၀၁၀) မြောက် ကမ်းလှမ်းတဲ့အခါကျမှ ဝယ်သူ တွေ့ခဲ့တယ်။ အဲဒီအချိန်ကစပြီး KFC ဆိုင်တွေကို ကမ္ဘာအနှံ့မှာ ဖွင့်လှစ်နိုင်ခဲ့တယ်။
သင်ဟာ တကယ်လို့ သင့်အိပ်မက်၊ ရည်မှန်းချက်ပန်းတိုင်တစ်ခုကို အကောင်အထည်ဖေါ်ဖို့ ကြိုးစားနေရင်းနဲ့ စိတ်ဓါတ်ကျပြီး လက်လျှော့အရှုံးပေးချင်စိတ် ပေါ်လာရင် သူတို့ကို သတိရလိုက်စမ်းပါ။ သူတို့ကို နမူနာ ယူပြီး ဆက်ကြိုးစားလိုက်ပါ။ နောက်တစ်ခု ရှိသေးတယ်။ သင် ကြိုးစားနေချိန်မှာ သင့်ကို ဝိုင်းဟားနေကြသူများ၊ ကဲ့ရဲ့ရှုတ်ချနေသူများ၊ စိတ်ဓါတ်ကျအောင် ပြောဆိုနေသူများနဲ့ ကြုံတွေ့ရမှာပါ။ အဲဒီလို ကြုံတွေ့နေရင် သင့်အနေနဲ့ ဘယ်လို စိတ်သဘောမျိုး ထားရှိသင့်သလဲ။
သင်ဟာ နေပူကြဲကြဲအောက်မှာ ချွေးတစ်လုံးလုံးနဲ့ ပင်ပန်းကြီးစွာ မြေကြီးကို ထွန်ယက်၊ မျိုးကြဲ၊ ရေလောင်း၊ ပေါင်းသင်လုပ်နေတာကို မြင်နေကြတဲ့ လူတွေက သင့်ကို အမျိုးမျိုး ပြောကြမယ်။ တချို့က သင့်ကို သနားကြမယ်။ ဝိုင်းဟားသူတွေ ရှိကြမယ်။ ကဲ့ရဲ့ရှုတ်ချသူတွေလည်း ရှိကြမယ်။ သူတို့ဟာ သင် ပင်ပန်းကြီးစွာ လုပ်နေတာကိုပဲ မြင်ပြီး သင် ဘာပင်စိုက်လို့ ဘာအပင် ပေါက်လာမယ်ဆိုတာကို မမြင်မသိကြပါဘူး။ လအနည်းငယ်အကြာမှာ မြေကြီးပေါ်မှာ သင်စိုက်ပျိုးထားတဲ့ ပန်းပင်တွေ မြေကြီးပေါ်မှာ ပေါ်ထွက်လာပြီး ဝေဝေဆာဆာ ပွင့်နေတဲ့ ပန်းတွေကို တွေ့တဲ့အခါကျမှ သူတို့ဟာ အံ့သြတကြီးနဲ့ ချီးကျူးကြပါလိမ့်မယ်။
ဒါကြောင့် မိမိကြိုးစားနေတာကို စိတ်ဓါတ်ကျအောင် ပြောနေသူများ၊ ကဲ့ရဲ့သူများ၊ ဝေဖန်သူတွေနဲ့ ကြုံတွေ့ရတိုင်း သူတို့ဟာ ငါ့အိပ်မက်၊ ငါ့ပန်းတိုင်ကို မမြင်ကြလို့ ခုလို ပြောနေကြတာပဲဆိုပြီး သူတို့ပြောတာ၊ ဝေဖန်တာ၊ ရှူတ်ချတာတွေကို ဂရုမစိုက်ပါနဲ့။ သင့်စိတ်ထဲမှာ အနှောက်အယှက်ဖြစ် မခံပါနဲ့။ မိမိရည်မှန်းချက်ပန်းတိုင်ကို တနေ့ရောက်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ စွဲကိုင်ထားပါ။ တနေ့မှာ သင်လုပ်နေတာရဲ့ ရလာဒ်ပေါ်ထွက်လာတဲ့နေ့မှာ သူတို့ဟာ သင့်ကို တအံ့တသြနဲ့ ရင်သတ်ရှုမော ကြည့်နေကြပါလိမ့်မယ်ဆိုတာကို ခေါင်းထဲမှာ မှတ်ထားလိုက်ပါ။
ကြိုးစားမှုဆိုတာ မှောင်မိုက်နေတဲ့ ဥမင်လှိုင်ခေါင်းတစ်ခုထဲမှာ မီးအိမ်မပါဘဲ လမ်းလျှောက်နေရတာနဲ့ တူပါတယ်။ ကြောက်လန့်စရာ၊ ခြောက်ချားစရာ၊ အားကိုးစရာမဲ့နေတာ၊ ကူညီသူကင်းဝေးနေတာတွေနဲ့ ကြုံနေရမှာပါ။ ဒါပေမဲ့ လှိုင်ခေါင်းအဆုံးကို ရောက်ရင်တော့ လှပတဲ့ နေရောင်ခြည်အလင်းရောင်တွေ့ရမှာ သေချာပါတယ်။ လမ်းတစ်ဝက်က ပြန်လှည့်ရင်တော့ ရောက်ချင်တဲ့ ပန်းတိုင်ကို ဘယ်တော့မှ ရောက်မှာ မဟုတ်ပါဘူး။
ဗန်းမော်သိန်းဖေ
၁၈-၀၁-၂၀၁၇

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။