#ပညာဦးဆောင်ခြင်း
#ဒေါက်တာခင်မောင်ညို
နေ့မွန်းလွဲ တစ်နာရီလောက်မှာ ကိုဘသစ် အိမ်ရောက်လာတော့ ကျွန်တော်တို့ လက်ဖက်ရည်ဆိုင် သွားကြတယ်။ ထိုင်နေရင်း သူ့ကို ကျွန်တော်မေးတယ်။
“ကိုဘသစ် ဒီနေ့မနက် ဘာလုပ်လဲ”
“ကျွန်တော် တီဗီကလာတဲ့ တရားတွေကို နာတယ်။ တစ်နာရီလောက်ပေါ့။ ပြီးတော့ ဈေးဘက်ထွက် ဈေးဝယ်တယ်။ ချက်ပြုတ်စားသောက်ပြီး ခင်ဗျားတို့ဆီ ထွက်လာတာပဲ”
“ဒါဆို ဒီနေ့နာတဲ့တရားနဲ့ ပတ်သက်ပြီး ဆွေးနွေးရအောင်”
“ဘာတရားလဲ”
“ခင်ဗျားပဲ တရားနာခဲ့တယ်ဆို”
“သြော် ... ဟုတ်ပါရဲ့။ ကျွန်တော်နာခဲ့တဲ့တရားက ဆရာတော် အရှင်ဉာဏိဿရဟောတဲ့ တရားပဲ။ ပညာနဲ့ပတ်သက်တဲ့ တရားပါပဲ။ ပညာဦးဆောင်ခြင်းလား၊ ပညာမဲ့တို့ရဲ့ နိဂုံးဆိုလား မသိပါဘူး။ ပညာနဲ့ပတ်သက်တာပါပဲ”
“တရားမှာ ပုံဝတ္ထုအကြောင်းအရာ ပါသေးလား ”
“ပါတယ်။ ပုံဝတ္ထု နှစ်ခုတောင်ပါတယ်။ ပထမက ကြွက်သေတစ်ခု အရင်းပြုဆိုတဲ့ ပုံဝတ္ထုပဲ”
“ငယ်ငယ်က သင်ရတယ်။ ပျား၏နည်းထုံး၊ မှတ်ကျင့်သုံး၍၊ ခြပုန်းတောင်ပို့၊ ဖို့သည့်ခြင်းရာ၊ လူလိမ္မာတို့၊ ဥစ္စာဆည်းထွေ မှတ်ကြလေလော့။ ကြွက်သေတစ်ခု၊ အရင်းပြုလျက်၊ သူ့ထက်လွန်ကဲ၊ ကြွယ်စေမင်းလို့ ကျက်ရဖူးတယ်။ နည်းနည်းတော့ မေ့နေပြီ”
“ဆရာတော်က ဒီလူငယ် သူဌေးဖြစ်သွားပြီးတဲ့နောက် ကျေးဇူးဆပ်တာကိုလည်း ပြောသွားသေးတယ်။ သူ အမှိုက်တွေ ကောက်နေစဉ်မှာ အဲဒီအနားက လူတစ်ယောက်က ကြွက်သေကိုမြင်တော့ ဒီကြွက်သေကို လိမ္မာပါးနပ်စွာ အသုံးချနိုင်ရင် သူဌေးဖြစ်မယ်လို့ ပြောသွားတယ်။ ဒါကို လူငယ်က အဲဒီလူ ကျေးဇူးရှိတယ်ဆိုပြီး မှတ်လိုက်တယ်”
“သူက ပါးစပ်က ပြောသွားတာပဲ မဟုတ်လား။ ဘယ်လိုလုပ်လို့ ညွှန်တာမှ မဟုတ်တာ”
“အဲဒီလို လုပ်လို့ရတယ်ဆိုတာကို ပြောဖို့က အရေးပါတယ်။ လူတစ်ယောက်ကို ဘာလုပ်ရမယ်ဆိုတာ ပြောတာ မှန်တယ်။ ဘယ်လိုလုပ်ပါဆိုတာမျိုးက သူ့ကို ချုပ်ကိုင်ထားသလို ဖြစ်တယ်လို့ ဒီဘက်ခေတ်က လူတွေ ယူဆတယ်။ အထူးသဖြင့် လူကြီးတွေနဲ့ လူငယ်တွေ ပြဿနာဟာ ဒီကစတာပဲ”
“ဒါနဲ့ သူ အဲဒီလူကို ကျေးဇူးသွားဆပ်တော့ ဘာဖြစ်လဲ”
“တကယ်တော့ ကြွက်သေတစ်ခု အရင်းပြုဖို့ ပြောသွားတဲ့သူကလည်း သူဌေးပါပဲ။ လူငယ်ဟာ ရိုးသားပြီး ကြိုးစားတဲ့လူဆိုတော့ သူဌေးဟာ အဲဒီလူငယ်ကို သူ့ရဲ့သမီးနဲ့ ထိမ်းမြားပေးစားလိုက်တယ် တဲ့”
“ကျေးဇူးသိတာက အရေးကြီးပါတယ်။ ကျွန်တော်တို့တစ်တွေဟာ ကျေးဇူးတင်ထိုက်သူတွေကို ပါးစပ်က ကျေးဇူးဆပ်နေလို့ မရဘူး။ သူတို့ကို တစ်နည်းနည်းနဲ့ ဆပ်ဖို့တော့ လိုတယ်”
“မှန်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဆိုပါတော့၊ အသက်နဲ့စတေးပြီး လွတ်လပ်ရေး ရယူပေးခဲ့တယ်။ ဗိုလ်ချုပ်ရဲ့ကျေးဇူး ရှိတယ်။ ဒီအတွက် ဗိုလ်ချုပ်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဗိုလ်ချုပ်ချမှတ်ပေးထားတဲ့ လမ်းစဉ်နဲ့ တိုင်းပြည်ကို ကောင်းအောင်လုပ်ရမှာပေါ့”
“ဒါနဲ့ ကိုဘသစ်ပြောထားတဲ့ ဆရာတော်ရဲ့ တရားမှာ ပုံဝတ္ထု နှစ်ပုဒ်ဆို၊ နောက်တစ်ပုဒ်က ဘာအကြောင်းအရာလဲ”
“သူကလည်း ပညာနဲ့ပတ်သက်တာပါပဲ။ ပညာမတတ်တဲ့ ကုဋေရှစ်ဆယ် သူဌေးသား ဆင်းရဲသွားတာကို ကြားဖူးတယ် မဟုတ်လား”
“ကြားဖူးပါတယ်။ ရှေးသရောအခါ ပြည်ဗာရာဝယ်၊ ကုဋေကြွယ်သား၊ သူဌေးအားလျှင် သားတစ်ယောက်ဖြစ် ချစ်၍တစေ အိမ်မှာနေ၍ စာပေမတတ် ...”
“ဟုတ်ပါပြီ၊ ကျွန်တော်တို့လည်း ဒီကဗျာအချို့တ၀က်ကို ရတယ်။ အဆုံးမှာ ခွက်လက်စွဲကာ တောင်းစားပါလည်း နင်သာလူမိုက် ဒုစရိုက်ဟု ရိုက်ပုတ်လိုက်ကြ၊ ရွာမှထွက်လေ တောမှာသေသည်၊ ကောင်သေလင်းတ ကျ၏တည်း ဆိုတာမျိုးပေါ့”
“ဒါပေမဲ့ ဆရာတော်ပြောတဲ့ ဘုရားဟော ပုံဝတ္ထုကတော့ ဒီထက်ပိုပြီး မှတ်စရာတွေပါတယ်”
“စာမတတ်တာတွေ၊ စာမသင်တာတွေကြောင့်ဖြစ်တဲ့ ဆိုးကျိုးဟာ သေရတဲ့အထိ ဆင်းရဲတာကို ပြောတာပဲ မဟုတ်လား။ ဒီထက်ပိုပြီး ဆိုးသေးလား ”
“ဆိုးတယ် ဆရာညို။ ဆရာတော်ဟောတဲ့ ၀တ္ထုနာမည်ကိုတော့ ကျွန်တော် မမှတ်မိတော့ဘူး။ ဒါပေမဲ့ ကျွန်တော် ခြုံပြီးပြောပြမယ် ”
.......................... .
တစ်ခါက သူဌေးသားတစ်ယောက် ရှိတယ်။ မိဘဆီကရတဲ့ အမွေက ကုဋေ ၈၀ တဲ့။ သူဟာ သူဌေးသမီးတစ်ယောက်နဲ့ အိမ်ထောင်ကျတယ်။ သူ့မိဘဆီကရတဲ့ အမွေဟာလည်း ကုဋေ ၈၀တဲ့။ သူတို့ဟာ ဒီငွေတွေနဲ့ သုံးလို့ဘယ်တော့မှ မကုန်တော့ဘူးဆိုပြီး ပညာမသင်ကြဘူး။ ဆိုလိုတာက နှစ်ယောက်စလုံး ပညာမတတ်ကြဘူးတဲ့။ သူတို့ဟာ အေးအေးဆေးဆေးပဲ နေကြတယ်။
ယောက်ျားဖြစ်သူဟာ တစ်ပတ်တစ်ခါ ဘုရင်ဆီ အခစားဝင်ရတယ်။ လမ်းဘေးက အရက်သမားတွေဟာ သူဌေးသားကို စည်းရုံးနိုင်ရင်တော့ အရက်ကောင်းကောင်း သောက်ရမယ်ဆိုတာကို စဉ်းစားမိတယ်။
ဒါနဲ့ပဲ သူတို့က သူဌေးသားကို စည်းရုံးပြီး အရက်တိုက်တယ်။ သူဌေးသား အရက်စွဲသွားတယ်။ ပြီးတော့ မိန်းမပါ အရက်စွဲသွားတာပဲ။ ဒါနဲ့ သူတို့စုထားတဲ့ ငွေတွေဟာလည်း တဖြည်းဖြည်းနဲ့ ကုန်သွားလိုက်တာ အသက်ကြီးလာတော့ ခွက်လက်စွဲကာ တောင်းစားရတယ်။
သူတို့ဟာ သိမ်တွေ၊ ကျောင်းတွေကြား ထမင်းကျန်၊ ဟင်းကျန်တွေကို တောင်းစားနေရတယ်။ တစ်ရက်မှာ မြတ်စွာဘုရားက သူတို့ကိုမြင်တော့ ပြုံးတယ်။ မြတ်စွာဘုရား ပြုံးတာကိုမြင်တော့ ရှင်အာနန္ဒာက မေးတယ်။
“အရှင်ဘုရား ဘာကြောင့် ပြုံးတာပါလဲ”
“ဒီလင်မယားနှစ်ယောက်ဟာ ပထမအရွယ်မှာ ရဟန်းပြုတယ်ဆိုရင် ယောက်ျားက ရဟန္တာဖြစ်မယ်။ မိန်းမက အနာဂါမ်ဖြစ်မယ်။ ဒုတိယအရွယ်မှာ တရားရှာရင်တော့ ယောက်ျားက အနာဂါမ်ဖြစ်ပြီး မိန်းမက သကဒါဂါမ် ဖြစ်မယ်။ တကယ်လို့ တတိယအရွယ်မှာ တရားရှာရင်တော့ ယောက်ျားက သကဒါဂါမ်ဖြစ်ပြီး မိန်းမက သောတာပန် ဖြစ်မယ်”
“ဘာကြောင့် ဒီလိုမဖြစ်တာလဲ ဘုရား”
“သူတို့မှာ ပညာမတတ်ရှာလို့ပဲ”
“ခု သူတို့ ဘာဖြစ်မှာလဲ”
“အပါယ်ရောက်တော့မယ်” ဆိုပြီး ပြောသတဲ့။
.......................... ...........
“ဒါဆိုရင် လူတွေရဲ့ ကံကြမ္မာကို ပြဋ္ဌာန်းပြီးသားပါဆိုပြီး ပြောတာ မဟုတ်ဘူးပေါ့နော်”
“မဟုတ်ဘူး။ ပါရမီကြောင့် အဆင်ပြေတဲ့ အမွေတွေ ရနိုင်တယ်။ ဒါပေမဲ့ ပညာဉာဏ်မရှိတော့ ကုသိုလ်မဆက်နိုင်ဘူး။ သူတို့ဟာ ပညာမရှိလို့ ဆင်းရဲဒုက္ခ ရောက်ရတာပဲ မဟုတ်လား”
“ဒီလိုမဖြစ်အောင် ပညာရှာရမှာပေါ့ ဟုတ်လား”
“ဟုတ်ပါတယ်။ ပညာကို ရှာရမယ်။ ကြွက်သေတစ်ခု အရင်းပြုတဲ့ ပုံပြင်ထဲမှာ သူငယ်လေးဟာ ပညာကို လောကကြီးကနေ ရှာတာပဲ။ လူတွေရဲ့ အဆုံးအမတွေကို လိုက်နာတယ်။ ပြီးတော့ ၀ီရိယနဲ့ ကြိုးစားတာပဲ ”
“ဒါဆိုတော့ လောကကြီးမှာ ကြီးပွားရာကြီးပွားကြောင်း နှစ်ခုပဲ လိုတယ်။ အဲဒါက ပညာနဲ့ ၀ီရိယပါ”
“မှန်ပါတယ်။ ကောင်းသောပညာက ဦးဆောင်ပြီး ကောင်းသော ၀ီရိယနဲ့ ကြိုးစားပြီး ကောင်းသောစိတ်ထားကို ထားရမယ်ကွဲ့”
“မှတ်သားလောက်ပါပေတယ်”
#ဒေါက်တာခင်မောင်ညို
Eternal Light Magazine
September 2016
#ပညာနှင့်အတွေးအခေါ်
(လွတ်လပ်စွာ Share နိုင်ပါသည်။)

..........................

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။