Bamaw Thein Pe added 2 new photos.
ဘယ်သူ့ ဦးစားပေးရမလဲ။
ကုမ္ပဏီတစ်ခုမှာ ဈေးဝယ်သူ customer ရယ်၊ ကုမ္ပဏီဝန်ထမ်းရယ်၊ အစုရှယ်ယာရှင်ရယ် ဘယ်သူ အရေးကြီးဆုံးလဲ၊ ဘယ်သူ့ကို ဦးစားပေးရမှာလဲလို့ မေးကြတယ်။
တချို့က customer ကို ဦးစားပေးရမယ်။ တချို့ကလည်း ဝန်ထမ်းတွေကို ဦးစားပေးရမယ်။တချို့ကျတော့ ရှယ်ယာရှင်ဆိုတာ အမြတ်ရဖို့ တစ်ခုထဲ သိလို့ နောက်ဆုံးမှ ဦးစားပေးရမယ်လို့ ပြောကြပြန်တယ်။
အလီဘာဘာကုမ္ပဏီထူထောင်ခဲ့တဲ့ ဘီလျံနာသူဋ္ဌေးကြီး ဂျက်မား (Jack Ma) ကို
အင်တာဗျူးတစ်ခုမှာ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး မေးတဲ့အခါ သူက အခုလို
ဖြေကြားသွားခဲ့ပါတယ်။
ပထမဆုံး ပြောရမယ်ဆိုရင် အဲဒီ ၃ ဖွဲ့စလုံးဟာ အရေးကြီးပါတယ်။
ရှယ်ယာရှင်တွေက အစုရှယ်ယာ ထည့်ဝင်မှသာ ကုမ္ပဏီတစ်ခုဆိုတာ ဖြစ်လာမှာပါ။ ကုမ္ပဏီ ဖြစ်လာပြီး ဆက်လက်ရပ်တည်နိုင်ဖို့ ကုမ္ပဏီမှာ အမြတ်ငွေ ရနေဖို့ လိုပါတယ်။ အရှုံးပေါ်နေတဲ့ ကုမ္ပဏီတစ်ခုဟာ ကြာကြာမရပ်တည်နိုင်ပါဘူး။ ရှယ်ယာရှင်တွေက သူတို့ထည့်ဝင်ထားငွေတွေကို ပြန်ထုတ်ယူသွားရင် ကုမ္ပဏီဟာ မကြာခင် ပိတ်သိမ်းသွားရမှာပါ။ အမြတ်ရစေဖို့ အတွက် ထုတ်လုပ်တဲ့ ပစ္စည်းဟာ အရည်အသွေးကောင်းပြီး Customer တွေ ဝယ်ချင်တဲ့ ကုန်ပစ္စည်း ဖြစ်ရပါမယ်။ အဲဒီလို ပစ္စည်း ဖြစ်လာစေဖို့ အရည်အချင်းရှိတဲ့ ဝန်ထမ်းကောင်းတွေရဲ့ ကြိုးစားလုပ်ဆောင်မှုတွေ လိုပြန်ရော။
ဒါကြောင့် ဒီ ၃ ဖွဲ့စလုံး ဟန်ချက်ညီနေတဲ့ ကုမ္ပဏီမျိုးသာ ရေရှည်မှာ အောင်မြင်မှု ရနိုင်မှာပါ။
ဒါပေမဲ့ ဘယ်သူ့ကို ဦးစားပေးမလဲဆိုရင် ကျနော်ကတော့ customer ကို ဦးစားပေးပါတယ်။ ဘာကြောင့် ခုလိုပြောရတာလဲ။ customer မကြိုက်လို့ ဘယ်သူမှ ပစ္စည်းလာမဝယ်ကြရင် ကုမ္ပဏီမှာ ဝင်ငွေမရှိတော့လို့ ကုမ္ပဏီကို ပိတ်သိမ်းလိုက်ရမှာပါ။ ဒါကြောင့်လည်း အလီဘာဘာဟာ customer တွေ လုံးဝကျေနပ်မှုရစေဖို့ ဦးတည်ချက်ထားလုပ်ခဲ့ရင်း ဘီလီယံချီတန်တဲ့ ကုမ္ပဏီကြီး ဖြစ်လာခဲ့တာပါ။ အမြတ် အများကြီးရတော့ ဝန်ထမ်းတွေလည်း ဆုကြေးတွေ အများကြီး ရကြတယ်။ ရှယ်ယာရှင်တွေလည်း အမြတ်ငွေတွေ အများကြီးရလို့ အရမ်းပျော်ကြတယ်။
အောင်မြင်နေတဲ့ ကုမ္ပဏီတွေကို လေ့လာကြည့်လိုက်ပါ။ ဈေးဝယ်သူကို ဦးစားပေးပြီး အရည်အသွေးကောင်းတဲ့ ပစ္စည်း၊ အရမ်းကျေနပ်ဖွယ်ကောင်းတဲ့ ဝန်ဆောင်မှု ပေးနေကြပါတယ်။ Customer တွေ ပျော်တယ်။ ဝန်ထမ်းတွေ ပျော်နေကြတယ်။ ရှယ်ယာရှင်တွေလည်း ပျော်နေကြတယ်။ အမြတ်ရဖို့ တစ်ခုထဲ ကြည့်တဲ့ ကုမ္ပဏီတွေဟာ ရေရှည် မရပ်တည်နိုင်ကြပဲ ကျရှုံးသွားကြပါတယ်တဲ့။
ဗန်းမော်သိန်းဖေ
၁၁-၀၉-၂၀၁၆

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။