ဘယ်သူတကယ် ရူးနေတာလဲ
--------------------
တစ်ခါတုန်းက ရွာတစ်ရွာမှာ အဘိုးအိုတစ်ယောက် ရှိတယ်။ ဆင်းရဲတော့ ပင်ပင်ပန်းပန်းနဲ့ အသက်မွေး ရတာပေါ့။ ဆင်းရဲပေမယ့်လို့ သူ့ဆီမှာ တခြား သူဋ္ဌေးသူကြွယ်တွေ၊ ဘုရင်တွေကတောင် မျက်စိကျ ရတဲ့ မြင်းကောင်း တစ်ကောင် ရှိတယ်။
ဘယ်လိုပဲ ဈေးကောင်းပေးပေး အဘိုးအိုကတော့ ဒီမြင်းကို ရောင်းဖို့ကို အမြဲ ငြင်းပယ်လေ့ ရှိတယ်။
"ဒီမြင်းဟာ ကျုပ်အတွက်တော့ မြင်းတစ်ကောင် မဟုတ်ဘူး။ ကျုပ်ရဲ့ အရင်းနှီးဆုံး မိတ်ဆွေ သူငယ်ချင်း တစ်ယောက်ပဲ။ ခင်ဗျားတို့သာ ဆိုသာ ခင်ဗျားတို့ရဲ့ အကောင်းဆုံး သူငယ်ချင်း တစ်ယောက်ကို ငွေနဲ့ရောင်းစား ရက်ပါ့မလား" ဆိုပြီး အဘိုးအိုဟာ ငြင်းလွှတ်တတ်တယ်တဲ့။
ဒီလိုနဲ့ တစ်နေ့မှာတော့ အဲဒီ မြင်း ပျောက်သွားတယ်။ ဒီတော့ ရွာသားတွေက အဘိုးအိုကို ဝိုင်းပြီး အပြစ်တင် ကြတာပေါ့။
"ခင်ဗျားဗျာ.. ဈေးကောင်း ပေးဝယ်တဲ့ သူတွေရှိတုန်း ရောင်းလိုက်တာ မဟုတ်ဘူး။ အဲဒါဆိုရင် ခင်ဗျား တစ်သက်စား မကုန်တဲ့ စည်းစိမ်ဥစ္စာတွေ ရမှာ။ ခုတော့ကြည့်... မြွေပါလည်းဆုံး၊ သားလည်းဆုံး၊လောကမှာ ခင်ဗျားလောက် မိုက်တဲ့သူ ရှိဦးမလား"
အဘိုးအိုက ခေါင်းကို ဖြည်းညှင်းစွာ ရမ်းရင်း ပြန်ဖြေတယ်။
"ကျုပ် အတွက် ကတော့ ဒီကိစ္စကို အဖြစ်အပျက် တစ်ခုလိုပဲ မြင်ပါတယ်။ မြင်းဇောင်း ထဲမှာ အရင် ကလို မြင်းမရှိ တော့ဘူး။ ဒါပဲ။ အဲဒီထက် ဘာမှမပိုဘူး။ အခုဖြစ်ရပ်ကို ကံဆိုးတယ် ကံကောင်း တယ် ဆိုတာကို ခင်ဗျားတို့ ကဘယ်လို အသိဥာဏ်မျိုးနဲ့ ဝေဖန်နေရတာလဲ"
ရွာသားတွေ ကတော့ အတော်ကြီးကို စိတ်ပျက်သွားပြီးတော့ အဘိုးအိုကို အရူးတစ်ယောက် လို့ပဲ သဘောထား လိုက်ကြတော့တယ်။ တကယ်တော့ မြင်းဟာ ပျောက်သွားတာ မဟုတ်ပါဘူး။ တောထဲ ကို ဝင်သွားတာပါ။ တစ်နေ့တော့ ပြန်ရောက်လာတယ်။ အပြန်မှာ တခြားမြင်း ဆယ်ကောင်လောက် ထပ်ပြီး ပါလာတယ်။
အဲဒီကျတော့ ရွာသားတွေက အဘိုးအိုဆီ လာပြီး ဝမ်းသာစကားပြောတာပေါ့။
"ခင်ဗျားကို အထင်မှားမိတယ်ဗျာ။ ခုဆိုကြည့်... တခြားမြင်းကောင်း ဆယ်ကောင်လောက် ထပ်ပါ လာပြီ။ ကံကောင်းတယ်ဗျာ။ ခုဆို ခင်ဗျား အတွက် ဝင်ငွေကောင်းကောင်း ရတော့မှာပဲ"
ဒီတစ်ခါလည်း အဘိုးအိုက ခေါင်းကို အသာအယာ ယမ်းရင်း -
"ခုဖြစ်တဲ့ ကိစ္စကိုလည်း ခင်ဗျားတို့ ဘယ်လိုဥာဏ် ပညာမျိုးနဲ့ ဆုံးဖြတ်ကြ ပြန်တာလဲ။ ပထမမြင်း ပျောက်သွားတုန်း ကတော့ ကံဆိုးတယ် ပြောခဲ့ပြီး ခုကျတော့ ကံကောင်းတယ် ဆိုပြီး ပြောပြန်ပြီ။ ခု ဖြစ်ရပ် ကလည်း ကျုပ် အတွက် မြင်းဇောင်းထဲကို မြင်းဟာ အဖော်တွေနဲ့ ပြန်လာတယ် ဆိုတဲ့ အဖြစ်အပျက် သက်သက်ပါပဲ။" လို့ပြန်ပြောလိုက်တယ်။
ရွာသားတွေ က အဘိုးအိုကို တကယ့် အရူးတစ်ယောက် လိုသဘောထား လို့ ထွက်သွားကြပြန်တယ်။ အဘိုးအိုမှာ သားတစ်ယောက် ရှိတယ်။ တစ်ဦးတည်းသော သားပေါ့ဗျာ။ မြင်းကောင်ရေ များလာ တော့ သူကပဲ ထိန်းကျောင်း ပေးရတယ်။ တစ်နေ့တော့ အဘိုးအိုရဲ့ သားဟာ မြင်းထိန်းရင်း မြင်းပေါ် က ပြုတ်ကျလို့ ခြေထောက်ကျိုး သွားတယ်။ ကုလို့လည်း မရတော့ပဲ ဒုက္ခိတ ဘဝကို ရောက်သွား လေရဲ့။ ရွာသားတွေက စုပ်တသတ်သတ်နဲ့ပေါ့။
"ဒီတစ်ခါလည်း ကျုပ်တို့ မှားသွားပြန်ပြီ။ ခင်ဗျား မှန်ပါတယ်။ မြင်းတွေ ရလာခြင်း ဟာ ခင်ဗျား အတွက် ကံဆိုးတာပဲ။ ခင်ဗျားရဲ့ တစ်ဦးတည်းသော အားကိုးစရာ သားလေး မြင်းတွေကြောင့် ဒီဘဝကို ရောက် သွား ရှာပြီ"
အဘိုးအိုကတော့ ခေါင်းကိုရမ်း၍ သာ ပြောမြဲအတိုင်း ပြန်ပြောပါတယ်။
"ခင်ဗျားတို့က ဘယ်လို လူတွေလဲဗျာ။ ဝေဖန်ပြီးရင်း ဝေဖန်နေကြပါလား။ ကျုပ်သားလေး ခြေထောက် ကျိုးသွားတာ ဟုတ်ပြီ။ ဒီကိစ္စကို ကံကောင်းလား ကံဆိုးလား ဘယ်လိုများ ဆုံးဖြတ်နိုင်ကြတာလဲ"
ဒီလိုနဲ့ တစ်နှစ်လောက် ကြာတော့ သူတို့တိုင်းပြည်ဟာ အိမ်နီးချင်း တိုင်းပြည်နဲ့စစ်ဖြစ်သတဲ့။ ရန်သူ့ အင်အားက ကြီးမားလွန်းတော့ အိမ်တိုင်းက ငယ်ရွယ်သူတွေကို အတင်း စစ်မှုထမ်း ခိုင်းတယ်။ ဒါပေမယ့် နိုင်ဖို့ လမ်းမမြင် ဘူး။ အကုန်သေကြဖို့ပဲ ရှိတယ်။ ရွာသားတွေ ကတော့ သူတို့သားတွေ အတွက် ဝမ်းနည်းကြ ရတော့တာပေါ့။ ဝမ်းနည်းပက်လက် ငိုကြွေးရင်း အဘိုးအိုဆီ ရောက်လာ ပြန်တယ်။
"ဒီတစ်ခါလည်း... ခင်ဗျားမှန်ပြန်ပြီ အဘိုးအိုရယ်။ ခင်ဗျားသား ဒုက္ခိတဘဝ ကိုရောက်တာ ကံဆိုးစရာ လို့ ကျုပ်တို့က မြင်ခဲ့တယ်။ တကယ်တော့ ခင်ဗျား ကံကောင်းပါတယ်။ ခင်ဗျားသားက ဒုက္ခိတဆိုတော့ စစ်ထဲ မလိုက်ရပဲ ခင်ဗျား အနားမှာ ရှိနေနိုင်တယ်လေ။ ကျုပ်တို့ သားတွေကတော့...."
အဘိုးအိုက ရွာသားတွေကို သနားဂရုဏာသက်တဲ့ မျက်ဝန်းတွေနဲ့ကြည့်ရင်း...
"ကျုပ် ဘယ်လိုပြောပြ ရမလဲကို မသိတော့ဘူး။ ခင်ဗျားတို့ ပြောတာတွေ တွေးတာတွေ သိပ်ကိုများ လွန်းနေတယ်။ သိပ်ရှည်ရှည်ဝေးဝေး စဉ်းစားမနေပါနဲ့။ ဖြစ်ရပ် တစ်ခုကို ကောင်းတယ် ဆိုးတယ် ဆိုတာလည်း ဝေဖန်မနေပါနဲ့။ ဖြစ်ရပ်တွေက ဖြစ်နေတယ်၊ဖြစ်ခဲ့တယ်။ ဖြစ်လာဦးမှာပဲ။ အဲဒါကို ခင်ဗျား တို့က ဘယ်လိုမျိုး အသိ၊ ဘယ်လိုမျိုး ပညာတွေနဲ့ ဝေဖန်နေကြ တာလဲ။ တကယ်တမ်း ခုတမျိုး တော်ကြာ တမျိုး စိတ်ဖောက်ပြန် တဲ့လူတိုင်းသာ အရူးဆိုရင် ကျုပ်ရူးနေသလား ခင်ဗျားတို့ ရူးနေ သလား ဆိုတာ စဉ်းစားသာကြည့်ပေတော့..။"
--------------------
- မှတ်စုကြမ်း #kyawnge

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။