ဆဲလ်ဖီရိုက်သူ သန်းထူ
-----------------------
ဆဲလ်ဖီရိုက်တာ ထင်သလောက် အန္တရာယ်မကင်း။ ဆဲလ်ဖီဓလေ့ကြောင့် လူငယ်များ ခေါင်းမှာ သန်းပိုထူရသည်ဟု ကျန်းမာရေး ပညာရှင်များက ဆိုလိုက်သည်။ အထူးသဖြင့် အုပ်စုလိုက် ဆဲလ်ဖီများ ရိုက်သည့်အခါ ဓာတ်ပုံဘောင်ထဲ ၀င်အောင် ခေါင်းချင်းပူးပြီး ရိုက်ကြရသဖြင့် တစ်ယောက် ခေါင်းကသန်း အားလုံးဆီ ကူးသွားသည်။ သန်းတွေ အပြန်အလှန် ကူးကုန်သည်။
ဝင်စကွန် ဆင်ပြည်နယ်မှ ဒေါက်တာ ရှာရွန်ရင့်ခ်က ထိုဖြစ်စဉ်ကို 'ဆိုရှယ် သန်း' ဟု အမည် ပေးထားသည်။
'လူငယ်တွေဟာ တစ်ယောက် ဦးထုပ် တစ်ယောက် ယူဆောင်းတာမျိုး နည်းပါတယ်။ ခေါင်းနဲ့ပတ်သက်တဲ့ တစ်ယောက် ပစ္စည်း တစ်ယောက် ယူသုံးတာမျိုးလည်း နည်းပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်မှာ အုပ်စုလိုက် ဆဲလ်ဖီရိုက်တဲ့ ဓလေ့ကြောင့် သန်းကူးနှုန်း အမြင့်ဆုံး ရောက်ရှိလာပါတယ်' ဟု ဒေါက်တာရှာရွန်က ပြောသည်။
ကယ်လီဖိုးနီးယား ပြည်နယ်ရှိ သန်းအထူးကု ဆရာဝန် မာစီမက် ချီလန် ကလည်း ယခုနောက်ပိုင်း နှစ်များအတွင်း လူငယ်တွေခေါင်းမှာ သန်းတွေ ပိုတွေ့လာရသည်ဟု ဆိုထားသည်။
သန်း နှိမ်နင်းရေး ခေါင်းလျှော်ရည် အပါအ၀င် အလှကုန်များ ထုတ်လုပ်သော Shepherd Institute for Lice Solutions လုပ်ငန်း စီအီးအို ကေတီရှာပါ့တ်ကမူ လူငယ်များ သန်းထူလာခြင်းသည် ဆဲလ်ဖီ ရိုက်ခြင်းကြောင့် ဖြစ်နိုင်သော်လည်း သန်းနှိမ်နင်းဆေး စနစ်တကျ မသုံးမှုကြောင့်လည်း ဖြစ်နိုင်သည်ဟု ဆိုထားသည်။
အမေရိကန် ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး အဖွဲ့ကြီး (CDC) ၏ စာရင်းအရလည်း အမေရိကန် နိုင်ငံတစ်ဝန်း အသက် (၃ နှစ်မှ ၁၁) နှစ်ကြား ကလေးများထဲတွင် ဦးရေ (၆ သန်းမှ ၁၂) သန်းကြားသည် ခေါင်းမှာ သန်းရှိနေကြကြောင်း သိရသည်။
(Messenger News Journal)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။