ဘာကြောင့်သင့်အမျိုးသမီးအင်္ဂါကအနံ့အသက်ရှိနေရတာလဲ။
စူပါမားကတ်များမှာ အမျိုးသမီးများသီးသန့်အသုံးပြုဖို့အတွက် ပစ္စည်းတွေ ရောင်းချနေတာတွေ့နိုင် ပါတယ်။ အဓိကကတော့ အမျိုးသမီးအင်္ဂါ သန့်စင်ဖို့နဲ့ အနံ့အသက်ကောင်းမွန်ဖို့အတွက် ပစ္စည်းတွေပါ။ အမှန်မှာတော့ အမျိုးသမီးအင်္ဂါရဲ့ အနံ့အသက်က ပန်းခင်းကြီးတစ်ခုလို မွှေးကြိုင်နေဖို့ မလိုအပ်ပါဘူး။ အနံ့ဆိုးတွေ မရှိရင် ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။
ဘာကြောင့် အနံ့အသက်တွေရှိရတာလဲ။
အမျိုးသမီးအင်္ဂါအတွင်းမှာ ခန္ဓာကိုယ်ကထွက်သော အရည်နှင့် ဘက်တီးရီးယားများရှိပြီး ကျန်းမာရေးအရဆိုရင် pH 4.5 မှာ ရှိရပါတယ်။ အရည်နှင့် ဘက်တီးရီးယားပိုးများပေါင်းပြီး တစ်ခါတစ်ရံမှာ အနံ့အသက်ရှိတတ်ပါတယ်။ ဒါပေမယ့် အနံ့အများစုက ပုံမှန်ပဲဖြစ်ပြီး သဘာဝဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ အနံ့ပြင်းခဲ့မယ်ဆိုရင်တော့ ဒါက ပုံမှန် မဟုတ်တော့ပါဘူး။

ဒါဖြင့် ပုံမှန်တဲ့ အနံ့ဆိုတာ ဘာလဲ။ ဆရာဝန်တော်တော်များများနဲ့ မေးမြန်းအပြီးမှာတော့ ဆုံးဖြတ်ကြတာက ပုံမှန်ရနံ့ဆိုတာက တစ်ပေအကွာလောက်က ရနိုင်တဲ့ အနံ့ဖြစ်ပါတယ်။ ဒီထက်ပိုပြင်းထန်တဲ့အနံ့ (ဒါမှမဟုတ်) နာကျင်မှု၊ စပ်ဖြင်းဖြင်းဖြစ်မှု နှင့် ယားယံမှု ရှိလာပါက ဆရာဝန် ပြသရန် လိုအပ်ပါတယ်။
အမျိုးသမီးအင်္ဂါ အနံ့အသက်ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့
၁။ Bacterial Vaginosis (BV) - သာမာန်အားဖြင့် အမျိုးသမီးအင်္ဂါထဲမှာ ကောင်းသော ဘက်တီးရီးယားများ ရှိကြပါတယ်။ ဒါပေမယ့် ညီမျှမှု ပျက်ယွင်းပြီး မကောင်းသော ဘက်တီးရီးယားများ ဖြစ်လာပါက BV ဖြစ်ပွားပါတယ်။ အများအားဖြင့် ဘက်တီးရီးယား Gardnerella vaginalis များပြားစွာ ပေါက်ပွားသောကြောင့် ဖြစ်တတ်ပါတယ်။ ရောဂါလက္ခဏာများကတော့ မီးခိုးရောင်အရည်များ ထွက်ခြင်း၊ ငါးညှီနံ့ထွက်ခြင်းတို့ ဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသား သုတ်ရည်နှင့်ထိတွေ့ပါက အနံ့ပိုမိုပြင်းထန်တတ်ပါတယ်။ ဒါကြောင့် ဒီရောဂါကို အမျိုးသားနှင့် အတူနေပြီးချိန်မှာ ပိုမိုသတိထားမိတတ်ပါတယ်။ BV က အခြား ရောဂါပိုးမွှားဝင်ရောက်ရန်ပါ လွယ်ကူစေတတ်ပေမယ့် ပိုးသတ်ဆေးဖြင့် လွယ်ကူစွာ ကုသနိုင်ပါတယ်။

၂။ သင့်စားသောက်သော အစားအစာ
သင်စားသမျှက သင့်ခန္ဓာကိုယ်က ပြန်လည်တုံ့ပြန်တတ်ပါတယ်။ အထူးသဖြင့် ကြက်သွန်ဖြူ၊ ကြက်သွန်နီ စတဲ့ အနံ့ပြင်းတဲ့ အစားအစာများစားမိပါက သင့်ခန္ဓာကိုယ်ကထွက်တဲ့ အနံ့များလည်း ပြင်းထန်လာတတ်ပါတယ်။

၃။ ဆေးဝါးသောက်သုံးခြင်း
ဆေးဝါးသောက်သုံးခြင်း အထူးသဖြင့် ပိုးသတ်ဆေးများ သောက်ခြင်းကလည်း အမျိုးသမီး အင်္ဂါအတွင်းရှိ ကောင်းသော ဘက်တီးရီးယားများကို ထိခိုက်စေပါတယ်။ ထိုအခါ အင်္ဂါအတွင်းမှ အနံ့နှင့် အရည်များ ထွက်လေ့ရှိပါတယ်။ Antihistamines ဆေးများကလည်း အမျိုးသမီး အင်္ဂါကို ခြောက်သွေ့စေပြီး အရည်ထွက်မှု လျော့ကျစေပါတယ်။ ဒါကလည်း အနံ့အသက်ပေါ်ကို သက်ရောက်မှု ရှိပါတယ်။ တိုင်းရင်းဆေးများ နှင့် ဒီနောက်ပိုင်းခေတ်စားလာသော Essential Oils များကလည်း အမျိုးသမီးအင်္ဂါမှ ပုံမှန်မဟုတ်သော အရည်ဆင်းခြင်းများ ဖြစ်ပေါ်စေတတ်ပါတယ်။

၎။ ချွေး
သင့်ချိုင်းကြားလိုပါပဲ အမျိုးသမီးအင်္ဂါတ၀ိုက်ရှိ အရေပြားကလည်း ချွေးအရမ်း ထွက်တတ်ပါတယ်။ ချွေးနှင့် အင်္ဂါအတွင်းမှ ထွက်သော အရည်ပေါင်းပြီး အနံ့ပြင်းစွာ ထွက်တတ်ပါတယ်။ ဒါက ပုံမှန် အနံ့ဖြစ်ပေမယ့် တစ်ခါတစ်ရံ နှစ်လိုဖွယ်မရှိပါဘူး။ အနံ့ပျောက်ဖို့အတွက် ချွေးထွက်များပြီးချိန်မှာ အ၀တ်လဲပေးရင် ရပါတယ်။

၅။ ဟော်မုန်းပြောင်းလဲခြင်းများ
ရာသီလာချိန်မှာ အရည်ဆင်းတဲ့ပမာဏက ပြောင်းလဲပါတယ်။ ဟော်မုန်းကုထုံးများ၊ ကိုယ်ဝန်တားဆေးများကလည်း အမျိုးသမီးအင်္ဂါအတွင်း pH ကိုပြောင်းလဲစေပြီး အနံ့အသက်များ ထွက်စေတတ်ပါတယ်။ ရာသီဆုံးခြင်းကလည်း Estrogen လျော့ကျစေခြင်းကြောင့် အင်္ဂါအတွင်း မှိုကြောင့်ဖြစ်သော ပိုးဝင်မှုနှင့် BV များကို ဖြစ်လွယ်စေပြီး အနံ့အသက်များ ထွက်တတ်ပါတယ်။

၆။ မေ့ကျန်ခဲ့သော Tampon
မြန်မာနိုင်ငံမှာတော့ အသုံးမများပါဘူး။ ရာသီလာချိန်မှာ ခနတာအတွက် အသုံးပြုတဲ့ ဂွမ်းချောင်းကို ဖယ်ဖို့မေ့နေတာမျိုးပါ။ အဲဒါကြောင့်ဖြစ်တဲ့ အနံ့ကတော့ အိုဂျီဆရာဝန်ရဲ့တသက်တာမှာတောင် မေ့လို့မရတဲ့ ရနံ့ဆိုးဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် အဲဒီ ဂွမ်းချောင်းကို ထုတ်လိုက်တာနဲ့ အနံ့သက်သာသွားမှာပါ။ ဒီလို ဂွမ်းချောင်းထုတ်ဖို့ မေ့နေတာမျိုးကလည်း ပိုးဝင်လွယ်စေပါတယ်။

သန့်စင်ခြင်းက အနံ့အသက်များကို ပျောက်ကွယ်စေမှာမဟုတ်ပါဘူး။ အထူးသဖြင့် Essential Oils များ၊ ဆပ်ပြာများ၊ Listerine များနဲ့ သန့်စင်ခြင်းက အနံ့အသက်များကို ပျောက်ကွယ်စေမှာမဟုတ်ပါဘူး။ အမျိုးသမီးအင်္ဂါအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ pH ထိန်းပေးတဲ့ အရည်ဖြင့်သာ ပြုလုပ်သင့်ပါတယ်။
တကယ်လို့ အခြားဘာပြသနာမှ မရှိပဲ အနံ့အသက်ရှိနေတယ်ထင်ပါက ရေများများသောက်ပေးပါ။ အနံ့ပြင်းသော အစားအစာများ မစားပါနှင့်။ Probiotics များသောက်ပြီး ဘက်တီးရီးယား ညီမျှခြင်းကို ထိန်းပေးပါ။ တကယ်လို့ အနံ့အသက်ရှိနေသေးပါက ဆရာဝန်နဲ့ ပြသဖို့ အကြံပြုပါရစေ။

Credit : webMD.com
အမျိုးသမီးများအတွက် အကောင်းဆုံးအဖော်မွန်ဖြစ်တဲ့ Favorite (အမျိုးသမီးလစဉ်သုံးပစ္စည်း) မှ တင်ဆက်ပါသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။