ဗန်းမော်သိန်းဖေရဲ့မျှဝေလိုသောအတွေးများ added 5 new photos.
ကြီးပွားအောင်မြင်ရေးအကျင့် (၁၀)။
#ကြီးကြီးတွေး_မြင့်မြင့်ကြံပါ
လုပ်ကြံခံရလို့ ကွယ်လွန်သွားတဲ့ အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကင်နေဒီက ၁၉၆၁ ခုနှစ် မေလ ၂၅ ရက်နေ့က ကွန်ဂရက်လွှတ်တော်မှာ မိန့်ခွန်းတစ်ရပ် ပြောကြားရင်း ခုလိုစကားတစ်ခွန်းကို ထည့်သွင်းပြောကြားခဲ့ပါတယ်။
“ကျနော် ယုံကြည်ပါတယ်။ ကျနော်တို့ နိုင်ငံဟာ ဒီဆယ်စုနှစ် မကုန်ခင်မှာ လကမ္ဘာပေါ်ကို ပထမဆုံးလူသားတစ်ဦးကို လွှတ်တင်နိုင်မယ်။ အဲဒီလူဟာ လကမ္ဘာမျက်နှာပြင်ပေါ် ဆင်းသက်လမ်းလျှောက်ပြီး ကမ္ဘာမြေပြင်ကို ဘေးအန္တရာယ်ကင်းစွာနဲ့ ပြန်လည်ရောက်လာပါလိမ့်မယ်”
အဲဒီအချိန်က ကမ္ဘာ့အင်အားအကြီးဆုံး ၂ နိုင်ငံဖြစ်ကြတဲ့ အမေရိကန်နဲ့
ဆိုဗီယက်ယူနီယံ (ရုရှား) တို့ဟာ စစ်အေးကာလမို့ အာကာသထဲကို ဒုံးပျံ၊
အာကာသယဉ်တွေ လွှတ်တင်ရင်း ကမ္ဘာပေါ်မှာ ဘယ်သူက အင်အားပိုကြီးတယ်ဆိုတာ ပြသဖို့
ပြိုင်ဆိုင်နေကြပါတယ်။ လူတွေက လကမ္ဘာကို လူသွားရောက်ဖို့ဆိုတာ ဘယ်လိုမှ
မဖြစ်နိုင်ဘူးလို့ ပြောနေချိန်မှာ သမ္မတကင်နေဒီနဲ့
အမေရိကန်အာကာသဒုံးပျံလွှတ်တင်ရေးအဖွဲ့ NASA က သိပ္ပံပညာရှင်တွေကတော့
ဖြစ်နိုင်တယ်။ ဖြစ်ကိုဖြစ်ရမယ်လို့ ယုံကြည်နေကြတယ်။ အဲဒီယုံကြည်ချက်ကြောင့်
၁၉၆၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှာ အပိုလိုအာကာသယဉ် ၁၁ နဲ့
လွှတ်တင်လိုက်တဲ့ အာကာသယဉ်မှူး ၂ ယောက်ဖြစ်ကြတဲ့ နေးလ်အမ်းစထရောင်းနဲ့
ဘတ်ဇ်အယ်ဒရင်တို့ဟာ လကမ္ဘာမျက်နှာပြင်ပေါ် ဆင်းသက်လမ်းလျှောက်ခဲ့ကြပြီး
ကမ္ဘာမြေပြင်ပေါ်ကို ဘေးကင်းစွာနဲ့ ပြန်လည်ရောက်ရှိလာခဲ့ကြတယ်။
ဒါဟာ ဘာကို ပြသလဲဆိုတော့ လူဟာ တကယ်ယုံကြည်မှု ရှိရင် တောင်ကြီးတစ်ခုလုံးကိုတောင် ရွှေ့လို့ရတယ်။ အင်မတန်ကြီးကျယ်တဲ့ အလုပ်ကြီးကို လုပ်နိုင်တယ်လို့ ဆိုလိုတာပါ။
ရိုက်ညီအစ်ကို ၂ ယောက်ဟာ ကောင်းကင်မှာ ပျံသန်းနေကြတဲ့ ငှက်တွေကို ကြည့်ပြီး လေယဉ်ပျံကို တီထွင်ဖို့ ကြိုးစားကြတယ်။ လူတွေက ပြောကြတယ်။ ကြီးမားလေးလံတဲ့ အရာဝတ္ထုကြီးတစ်ခုကို ကောင်းကင်မှာ ပျံသန်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးတဲ့။ သူတို့ညီအစ်ကိုက မဖြစ်နိုင်ဘူးဆိုတာကို ဖြစ်အောင် လုပ်ပြနိုင်ခဲ့တယ်။ လေထဲမှာ ၀ဲပျံနိုင်တဲ့ လေယဉ်ပျံကို တီထွင်ခဲ့ကြတယ်။
ဘီလ်ဂိတ်က သူ တစ်နေ့ကျရင် ကွန်ပျူတာမှာ သုံးတဲ့ ဆော့ဖ်ဝဲတစ်မျိုးကို တီထွင်ပြီး ကမ္ဘာပေါ်က အိမ်တိုင်း ရုံးတိုင်း ကျောင်းတိုင်းက ကွန်ပျူတာတွေမှာ သုံးနိုင်မယ်လို့ ယုံကြည်ခဲ့တယ်။ အခု သူတီထွင်ခဲ့တဲ့ Microsoft ဆော့ဖ်ဝဲကို ကမ္ဘာပေါ်က နိုင်ငံတိုင်းရဲ့ ကွန်ပျူတာတွေမှာ အသုံးပြုနေကြပါပြီ။
အန်ထော်နီရော်ဘင်ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ ကြုံရာကျဘမ်း အလုပ်လုပ်ရင်း စားစရာမရှိ၊ ၆ ပေပတ်လည်ကျယ်တဲ့ အိမ်ခန်းလေးထဲ အိပ်ရတဲ့ အချိန်မှာ သူ ယုံကြည်နေတာတစ်ခု ရှိတယ်။ သူ တစ်နေ့မှာ အရမ်းချမ်းသာပြီး အောင်မြင်နေသူတစ်ယောက်ဖြစ်ရမယ်။ သူ့လက်ရှိအခြေအနေ ၆ ပေခန်းမှာ နေရတဲ့ဘဝနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ထင်ရတယ်။ သူဟာ နောက်ပိုင်းမှာ စိတ်ဓါတ်မြှင့်တင်ရေးနဲ့ အောင်မြင်ရေးနည်းတွေကို ဟောပြော၊ စာအုပ်ရေးသားထုတ်ဝေရင်းနဲ့ မီလျံနာသူဋ္ဌေးတစ်ယောက် ဖြစ်လာခဲ့တယ်။
သူတို့ ဘာကြောင့် ခုလို ကြီးကျယ်တာတွေကို လုပ်ပြနိုင်ခဲ့ကြတာလဲ။ သူတို့ဟာ ကြီးကြီးတွေး မြင့်မြင့်ကြံသူတွေ ဖြစ်ကြတယ်။ နောင်ပြီး သူတို့ကိုယ်သူတို့ ဖြစ်ရမယ်ဆိုတဲ့ လုံးဝယုံကြည်မှု ရှိခဲ့ကြလို့ပါ။
သင်ရော တစ်သက်မှာ တစ်ခါသာ လူဖြစ်ခွင့်ရတဲ့ ဘဝလေးမှာ ကြီးကျယ်တဲ့ အလုပ်တစ်ခု၊ လူတွေက မဖြစ်နိုင်ပါဘူးဆိုတဲ့ အိပ်မက်တစ်ခုကို အကောင်အထည်ဖေါ်ဖို့ စိတ်ကူး မရှိဘူးလား။ သေချာစဉ်းစားစေချင်ပါတယ်။
ထပ်ပြောပါမယ်။ အောင်မြင်ချင်ရင် “ကြီးကြီးတွေးပါ၊ မြင့်မြင့်ကြံပါ”။
ဗန်းမော်သိန်းဖေ
၂၀-၀၁-၂၀၁၇

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။