နိုင်ဂျီးရီးယား သမ္မတသစ် မိုဟမ်မဒူဘူဟာရီ၏ ပိုင်ဆိုင်မှု ကြေညာချက်ထဲတွင် သမ္မတ၏ ကိုယ်ပိုင်ဘဏ်စာရင်းထဲ၌ ဒေါ်လာ ၁၅၀၀၀၀ သာရှိသည်ကို တွေ့ရှိခဲ့ရသဖြင့် သမ္မတ၏ ခြိုးခြံချွေတာသော ဘ၀နေ ထိုင်မှုပုံစံကို ပေါ်လွင် ထင်ရှားစေခဲ့သည်။ ထိပ်တန်းအစိုးရ ရာထူးနေရာများစွာကို တာဝန်ယူထားသည့် ဘူဟာရီ၏ ပိုင်ဆိုင်မှု ပမာဏသည် အများခန့်မှန်းထားသည်နှင့် ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။
သမ္မတ၏ ပြန်ကြားရေး အထူးလက်ထောက်ဖြစ်သူ ဂါဘရှီဟူ၏ ထုတ်ပြန်ချက်ထဲ၌ သမ္မတဘူဟာရီတွင် Berger Paints ၊ Union ဘဏ်နှင့် Skye ဘဏ်တို့၌ ရှယ်ယာများ ရှိသည်ဟု ဖော်ပြခဲ့သည်။ သို့သော် ထိုရှယ်ယာ တန်ဖိုးများကိုမူ မထုတ်ဖော်ခဲ့သလို သမ္မတနှင့် ဒုတိယသမ္မတတို့၏ ပိုင်ဆိုင်မှု စုစုပေါင်း တန်ဖိုးကိုလည်း မဖော်ပြခဲ့ပေ။
အာဖရိကတိုက်၏ စီးပွားရေးအင်အား အကြီးဆုံး နိုင်ငံဖြစ်သည့် နိုင်ဂျီးရီးယား နိုင်ငံထဲမှ ခြစားမှုများကို ပပျောက်အောင် ဆောင်ရွက်မည်ဟု ဘူဟာရီက ကတိပေးထားသည်။ နိုင်ငံဘဏ္ဍာထဲမှ ဒေါ်လာ ဘီလျံ ၁၅၀ ပျောက်ဆုံးနေသည်ဟု ပြီးခဲ့သည့်လတွင် ဘူဟာရီက ကြေညာခဲ့သည်။
ယင်းကြေညာချက်ထဲတွင် ဘူဟာရီ၌ ကတ်စီနာပြည်နယ်တွင် နေအိမ်ငါးလုံးနှင့် ရွှံ့အိမ်နှစ်လုံး ပိုင်ဆိုင်သည်ဟု ဖော်ပြခဲ့သည်။ ထိုအိမ်များအပြင် ဘူဟာရီတွင် စိုက်ခင်းများ၊ သစ်ခွခြံတစ်ခြံနှင့် မွေးမြူရေး ခြံတစ်ခြံလည်းရှိပြီး ထိုမွေးမြူရေးခြံထဲတွင် ကျွဲနွားကောင်ရေ ၂၇၀၊ သိုး ၂၅ ကောင်၊ မြင်းငါးကောင်နှင့် ငှက်မျိုးစုံတို့ရှိသည်ဟု သိရသည်။ ဘူဟာရီတွင် ကာနိုပြည်နယ်နှင့် ဆိပ်ကမ်းမြို့ ဟာကောင့်တို့၌ မြေလွတ်မြေရိုင်း မြေကွက်နှစ်ကွက် ရှိသည်ဟုလည်း ဖော်ပြခဲ့သည်။ သမ္မတ၌ ကားစီးရေ မည်မျှရှိသည်ကို ရှင်းရှင်းလင်းလင်း မဖော်ပြခဲ့ပေ။
ဒုတိယသမ္မတ ယီမီအိုဆင်းဘဂျို၏ ပိုင်ဆိုင်မှု ထုတ်ပြန်ချက်ထဲတွင် ဘဏ်စာရင်းထဲ၌ ဒေါ်လာ ၉၀၀၀၀၀ ၊ အိပ်ခန်းလေးခန်းပါ နေအိမ်တစ်လုံး၊ အိပ်ခန်းသုံးခန်းပါ တိုက်ခန်းတစ်ခု၊ အိပ်ခန်းနှစ်ခန်းပါ တိုက်ခန်းတစ်ခုနှင့် အင်္ဂလန်၊ ဘတ်ဖို့ဒ်၌ အပေါင်ထားသည့် အိပ်ခန်းနှစ်ခန်းပါ တိုက်ခန်းတစ်ခုတို့ ပါဝင်သည်။ ဒုတိယသမ္မတသည် ပုဂ္ဂလိကကုမ္ပဏီ ခြောက်ခု၌ ရှယ်ယာများ ထည့်ဝင်ထားပြီး ကားသုံးစီးလည်း ရှိသည်ဟု သိရသည်။
ယခုကဲ့သို့ သမ္မတနှင့် ဒုတိယသမ္မတတို့၏ ပိုင်ဆိုင်မှုများကို ကြေညာခဲ့သော အစိုးရအရာရှိများ၏ လုပ်ရပ်ကို လေ့လာသူများက ချီးမွမ်းခဲ့သည်။
“အခုလို ကြေညာလိုက်တာဟာ လမ်းကြောင်းမှန်ကို သွားနေတာကို ပြသလိုက်တာဖြစ်ပြီး နိုင်ငံတကာ စံနှုန်းတွေနဲ့လည်းညီတဲ့ အကောင်းဆုံး လုပ်ဆောင်မှုပဲဖြစ်တယ်။ အခုလုပ်ရပ်ဟာ ပြည်သူတို့ရဲ့ ယုံကြည်မှုကို တည်ဆောက်ပေးရာလည်း ရောက်ပါတယ်” ဟု နိုင်ဂျီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဌာနမှ ဆိုင်ဗက်စတာအတီရီက ပြောကြားခဲ့သည်။
မတ် ၂၈ ရက် ရွေးကောက်ပွဲတွင် ဘူဟာရီကို ရှုံးနိမ့်ခဲ့သည့် နိုင်ဂျီးရီးယား သမ္မတဟောင်း ဂွတ်လဒ်ဂျိုနသန်သည် သူ၏ပိုင်ဆိုင်မှုကို ထုတ်ပြန်ကြေညာရန် ငြင်းဆန်ခဲ့သည်။
Ref:AFP
http://news-eleven.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။