The Maid (အိမ်ဖော်)
အစဦးပိုင်းက အရာတွေကို ကျွန်မ ကောင်းကောင်း မှတ်မိနေပါသေးတယ်။ ကျွန်မ အသက် ၁၈ နှစ်သာ ရှိပါသေးတယ်။ အိမ်ကနေ တစ်ခါမှ မခွဲခွာခဲ့ဖူးပါဘူး။
ကျွန်မ မိသားစု နှင့် ကျွန်မ သူငယ်ချင်းတွေနဲ့ ဝေးရာ ထူးခြားတဲ့ မြို့ တစ်မြို့ ကို ရုတ်တရက် တစ်ယောက်ထဲ အထီးကျန်စွာ ရောက်ရှိလာတော့ အဆင်များပြေပါ့မလားလို့ ကျွန်မ အရမ်း စိုးရိမ် ပူပန် မိခဲ့ပါတယ်။
တစ်ချိန်ချိန်မှာ သမီး ဒီမွေးရပ်မြေကနေ ခွဲခွာပြီး ကမ္ဘာကြီးကို သွားကြည့်ရလိမ့်မယ် လို့ ငယ်ငယ်တုန်းက မေမေ ကျွန်မကို ပြောခဲ့ဖူးပါတယ်။ အဲဒီ အချိန်တုန်းက မေမေ ပြောခဲ့တာကို လက်ခံဖို့ ခဲယဉ်းခဲ့တယ်။ အခုတော့ ကျွန်မဟာ စင်္ကာပူ ဆိုတဲ့ နိုင်ငံကို ရောက်ရှိ နေပြီလေ။ အထပ်မြင့် အဆောက်အဦးကြီးတွေ၊ လှပတဲ့ လမ်းတွေနဲ့ အရာရာဟာ အလွန်ပင် သန့်ရှင်း သပ်ရပ်လွန်းလှပြီး နှစ်သက်ပျော်ရွှင်ဖွယ် ကောင်းတဲ့ နေရာ တစ်ခု ပါပဲ။ ကျွန်မရဲ့  ဘ၀သစ်ကို စတင်ရမယ့် နေရာသစ် တစ်ခုပေါ့။ ဘယ်အရာမှ ကြောက်လန့် စိုးရိမ်နေစရာ မလိုဘူးလို့ ကျွန်မကို ကျွန်မ အမြဲ အားပေး နေမိတာလေးကို သတိရမိပါသေးတယ်။
လို့ အစပြုပြီး ဇာတ်အိမ်လေးကို ဖွင့်လှစ်ထားပါတယ်။
သူမ နာမည်က Rosa ။ ဖိလစ်ပိုင်နိုင်ငံကနေ အိမ်ဖော် အလုပ်ဖြင့် စင်္ကာပူနိုင်ငံကို အသက် ၁၈ နှစ်အရွယ်နဲ့ ရောက်ရှိလာခဲ့တာပါ။ (အဲဒီအချိန်က ယခုအခါလို အနိမ့်ဆုံး အသက် ၂၁ နှစ် ဆိုပြီး မသက်မှတ်ရသေးသလို Domestic Helper ဆိုပြီး မသုံးနှုန်းသေးဘဲ Maid လို့ သုံးနှုန်းထားတာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။) သူမ ရောက်ရှိသွားတဲ့ အိမ်က တရုတ်ရိုးရာ တစ္ဆေကြီးများပွဲတွေမှာ ဖျော်ဖြေရေးတွေ လိုက်ပြီး ပြုလုပ်တဲ့အိမ်။ သူမ စတင်ရောက်ရှိတဲ့လက တစ္ဆေကြီးများပွဲ ကျင်းပပြုလုပ်တဲ့ တရုတ်ရိုးရာလ ရဲ့  ၇ လမြောက်လ။
တရုတ်ရိုးရာလ ၇ လမြောက် ရဲ့  အစပိုင်းမှာ ငရဲတံခါးကြီး စပွင့်ပြီး ဆာလောင် မွတ်သိပ်နေတဲ့ တစ္ဆေသရဲတွေထွက်လာကြပါတယ်။ သူတို့ကို အစာကျွေးခြင်း၊ သံစုံ တူရိယာများဖြင့် ကပြ ဖျော်ဖြေခြင်းများ စင်္ကာပူနိုင်ငံ တစ်ဝှမ်းမှာ ယနေ့တိုင် ပြုလုပ်ကြပါတယ်။ အဲဒီ တစ်လတာ အတွင်းမှာ နေ မ၀င်ခင် အိမ်ကို ပြန်ရောက်ကြရပါတယ်။ တစ်ယောက်ထဲ ရှိနေချိန်မှာ တခြားတစ်ယောက်က လှမ်းခေါ်ရင်လည်း လှည့်မကြည့်ရဘူးလို့ ဆိုပါတယ်။ အမှားများလဲ မပြုလုပ်မိဖို့ အရေးကြီးလှပါတယ်။ အမှား တစ်စုံ တစ်ရာ ပြုလုပ်မိရင်တော့ ကံမကောင်းခြင်းများ ကိုယ်ထံ တစ်ခုပြီး တစ်ခု ကျရောက်လာပါတော့တယ်။
Rosa ကို အိမ်ဖော် အလုပ်နဲ့ ခေါ်လိုက်တဲ့ အိမ်ရှင် ဇနီးမောင်နှံမှာ စိတ်မနှံ့တဲ့ သားတစ်ယောက်ရှိခဲ့ဖူးတယ်။ အဲဒီသားဟာ Esther ဆိုတဲ့ အရင် အိမ်ဖော်လေးကို ကိုယ်ထိ လက်ရောက် ကျူးလွန်မိလိုက်တယ် ဆိုပါတော့။ အဲဒီ အိမ်ဖော်လေး အိမ်ကနေ ထွက်ပြေးဖို့ ကြိုးစားတာကို အိမ်ရှင် ယောက်ျားမှ ခွင့်မပြု ခဲ့ဘဲ မီးရှို့ သတ်ဖြတ်ပြီး အလောင်းဖျောက်ထားခဲ့ပါတယ်။ သူချစ်တဲ့ အိမ်ဖော်လေး Esther သေဆုံးသွားတဲ့နောက် စိတ်မမှန်တဲ့ သူတို့ သားငယ်လေးဟာ ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပါတယ်။ ဒါပေမယ့် သူတို့ နှစ်ယောက်လုံးက မကျွတ်လွတ်ကြဘူး။ သေဆုံးသွားတဲ့ သူတို့ သားလေးကို အိမ်ထောင်ပြုပေးချင်တဲ့ စိတ်က အိမ်ရှင် လင်မယား နှစ်ဦးထံမှာရှိနေတယ်။ သူတို့ တရုတ်ရိုးရာမှာ သေဆုံးသူ ၀ိညာဉ်ချင်း လက်ထပ် ထိမ်းမြားပေးလို့ ရတယ်လို့ ယုံကြည်ကြတယ်။
သူတို့ လင်မယား နှစ်ဦး ရည်ရွယ်ချက်က အသစ်ရောက်ရှိလာတဲ့ Rosa ကို ဖြည်းဖြည်းချင်း အယုံသွင်းပြီး သတ်ဖို့ပဲ။ သတ်ပြီးရင် သူ့သား ၀ိညာဉ်နဲ့ ပေးစားမယ်ပေါ့။ ဒါပေမယ့် မိန်းကလေးက မသေခင်မှာ လက်ထပ်ပါမယ်လို့တော့ ဖြေသွားရမှာ ဖြစ်တယ်။ Rosa က လက်ထက်ပါ့မယ်လို့ မဖြေဆိုပဲ အကြောက်အကန် ငြင်းဆိုပြီး နောက်ဆုံးမှာတော့ သူမ အသက်ဘေးမှ လွတ်မြောက်သွားခဲ့ပါတယ်။ အိမ်ရှင် လင်မယားလည်း သူများ မကောင်းကြံတော့ သေဆုံးပြီး ဇာတ်သိမ်း သွားခဲ့ပါတယ်။ Rosa လေးလဲ တစ်လတာ စင်္ကာပူကို အိမ်ဖော်အလုပ်ဖြင့် ဒုက္ခလာခံပြီး ဖိလစ်ပိုင်နိုင်ငံကို ပြန်သွားပါတော့တယ်။
အိမ်ရှေ့ မှာ တစ္ဆေကြီးများအတွက် မီးရှို့ထားတဲ့ ငွေစက္ကူ ပြာပုံလေးတစ်ခု တွေ့မိလို့ ဘာမှ မသိနားမလည်တဲ့ အိမ်ဖော်လေး Rosa က အမှိုက်လှဲကျင်းခဲ့ မိပါတယ်။ တရုတ်တွေ ရိုးရာအရာ အဲဒီပြာပုံလေးကို မလှဲကျင်းရဘူးလို့ ဆိုပါတယ်။ အဲဒီနေ့က စပြီး Rosa လေးထံ ကံမကောင်းခြင်းတွေ တစ်ခုပြီး တစ်ခု ကျရောက်လာပြီး တမလွန်က တစ္ဆေတွေနဲ့လည်း တွေ့ဆုံခဲ့ပါတော့တယ်။
ဇာတ်လမ်းထဲမှာ မိသားစု ဘ၀ရှေ့ ရေးအတွက်ကြောင့်သာ သူများအိမ်မှာ ဒုက္ခလာခံနေရတဲ့ အိမ်ဖော်လေးတွေရဲ့  ဘ၀ကို ထင်ဟပ်စေတဲ့ အကြောင်းအရာလေးတွေလည်း တွေ့ရမှာဖြစ်ပြီး စာနာ ဂရုဏာသက်မိပါတယ်။ အလုပ်ရှင်စီ ရောက်ရောက်ခြင်း လ မှာပဲ မွေးရပ်မြေက မိသားစုဝင်တစ်ယောက် ကျန်းမာရေး မကောင်းလို့ ငွေလိုတာတွေ၊ မိမိ ပို့လိုက်တဲ့ စာတွေကို အိမ်ရှင်က ပို့မပေးဘဲ သိမ်းယူထားတာတွေကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။
အာရှမှ နာမည်ကြီး ဒါရိုက်တာတွေနဲ့ အဆင့်မြင့်မြင့် ရိုက်ကူးထားတဲ့ The Maid (အိမ်ဖော်) ဆိုတဲ့ ကြောက်ရွံ့  ထိတ်လန့်ဖွယ် ဇာတ်လမ်းလေးကို ကြည့်ရဲရင်တော့ အောက်ပါ လင့်မှာ ကြည့်ရှုနိုင်ကြပါတယ်။ တကယ်ကြောက်ဖို့ ကောင်းပြီး မိန်းကလေး တစ်ယောက်ထဲ ကြည့်ရဲမယ်တော့ မထင်ပါဘူး။
https://www.youtube.com/ watch?v=NPl8fDUv7cI
ဇာတ်လမ်းထဲကအတိုင်း အိမ်ဖော်လို့ သုံးနှုန်းမိတာကို ခွင့်လွှတ်နားလည်ပေးပါရန် ကြိုတင် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။

https://www.youtube.com/
ဇာတ်လမ်းထဲကအတိုင်း အိမ်ဖော်လို့ သုံးနှုန်းမိတာကို ခွင့်လွှတ်နားလည်ပေးပါရန် ကြိုတင် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။