နယူးယောက်မြို့တွင် လွန်ခဲ့သော ၁၃ နှစ်က အယ်လ်ခိုင်ဒါ အကြမ်းဖက်အဖွဲ့က ခရီးသည်တင် ဂျက်လေယာဉ်ကြီး နှစ်စင်းဖြင့် ဝင်တိုက်ပြီး ဖျက်ဆီးဖြိုချခဲ့သော ကမ္ဘာ့ကုန်သွယ်ရေးဗဟို အဆောက်အအုံ ညီနောင်နေရာတွင် အသစ်ဆောက်လုပ်သည့် One World TRADE
Center ခေါ် ကမ္ဘာ့ကုန်သွယ်ရေးဗဟို အဆောက်အအုံသစ်ကို နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့က ဖွင့်လှစ်လိုက်ပြီး ရုံးလုပ်ငန်းဌာနများ စတင်လည်ပတ်လုပ်ကိုင်နေပြီ ဖြစ်ပါသည်။
အထပ် ၁၀၄ ထပ်မြင့်မားပြီး ဒေါ်လာ ၃.၉ ဘီလျံ သုံးစွဲကာ ဆောက်လုပ်ခဲ့သော ကမ္ဘာ့ကုန်သွယ်ရေးဗဟို အဆောက်အအုံသစ်သည် အမေရိကန် ပြည်ထောင်စု လွတ်လပ်ရေး ကြေညာခဲ့သော နှစ်ကို အထိမ်းအမှတ်ပြုလျက် ၁၇၇၆ ပေ အမြင့်ရှိသဖြင့် အမေရိကန် ပြည်ထောင်စုတွင် အမြင့်မားဆုံး အဆောက်အအုံ ဖြစ်လာပါသည်။
၂၀၀၆ ခုနှစ်မှ စတင်၍ ၈ နှစ်ကျော် တည်ဆောက်ခဲ့ရသော ကမ္ဘာ့ကုန်သွယ်ရေးဗဟို အဆောက်အအုံသစ်သည် ယခင် မျှော်စင်ညီနောင် အဆောက်အအုံ နှစ်ခုထက် များစွာ ခိုင်ခန့်သော ခေတ်မီနည်းစနစ်များ အသုံးပြုထားသည်။
One World TRADE
Centerအဆောက်အအုံသစ်သည် ဒီဇိုင်း၊ ဆောက်လုပ်မှု၊ ကျက်သရေရှိမှု၊ တာရှည်ခိုင်ခန့်မှုတို့တွင် စံချိန်သစ်များ တင်နိုင်ခဲ့သည်ဟု ၎င်းကို ပိုင်ဆိုင်သော နယူးယောက်နှင့် နယူးဂျာဆီ ဆိပ်ကမ်းအုပ်ချုပ်ရေးအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ပက်ထရစ် ဖိုယေက ပြောကြားသည်။
အဆောက်အအုံသစ်၏ အထပ် ၅ ထပ်တွင် ရုံးခန်းဖွင့်လှစ်မည့် ကွန်ဒီ နတ်စ် ပုံနှိပ်ထုတ်ဝေရေးကုမ္ပဏီမှ အမှုထမ်း ၁၇၀ သည် ပထမဆုံး ပြောင်းရွှေ့လာကာ လုပ်ငန်း စတင်လုပ်ကိုင်နေပြီ ဖြစ်သည်။ ကျန်အမှုထမ်း ၃,၀၀၀ ကျော်သည် ၂၀၁၅ ခုနှစ်တွင် အပြီးပြောင်းလာကြမည်ဟု သိရသည်။
ရောက်ဖူးအောင် မဖြစ်မနေ သွားရမည့်နေရာတခုတိုးလာ
အဆောက်အအုံသစ်၏ ထိပ်ဆုံးအထပ်သည် အများပြည်သူ ဧည့်သည်များ ပတ်ဝန်းကျင်ကို မြင်ကွင်းကျယ် ရှုခင်းကြည့်နိုင်မည့် နေရာ ဖြစ်၍ ပြတိုက်တခုကိုလည်း အဆောက်အအုံထဲမှာ ထည့်သွင်းထားသည်။
မူလက ကမ္ဘာ့ကုန်သွယ်ရေးဗဟို အဆောက်အအုံ ညီနောင်သည် အယ်လ်ခိုင်ဒါအဖွဲ့၏ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်က ကမ္ဘာကို တုန်လှုပ်သွားစေသော အကြမ်းဖက် တိုက်ခိုက်မှုကြီးကြောင့် လုံးဝ ပြိုကျ ပျက်စီးခဲ့ရပြီး လူ ၂,၇၀၀ ကျော် သေဆုံးခဲ့ရသည်။
အမြင့်ဆုံး အဆောက်အအုံ တခုတည်းအဖြစ် ပြန်လည် ဆောက်လုပ်သော ကမ္ဘာ့ကုန်သွယ်ရေးဗဟို အဆောက်အအုံသစ်သည် အောက်ပိုင်း မန်ဟတ်တန် အရပ်တခုလုံးကို စီးမိုး တည်ရှိကာ နယူးယောက်မြို့၏ ကောင်းကင်ပြင် နောက်ခံပန်းချီကားကို လှပတင့်တယ်၊ ဝင့်ထယ်စေသည်ဟု အမှုဆောင်ဒါရိုက်တာ ပက်ထရစ် ဖိုယေက ပြောကြားသွားပါသည်။
http://kabarthit.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။