မေတ္တာဆိုတာ ရောင်ပြန်ဟပ်စမြဲပါပဲ
ကျမတို့ရပ်ကွက်မှာ မနက်ဈေးလေးတစ်ခုရှိတယ်။ ဈေးကြီးကြီးတွေနဲ့ စူပါမားကက်တွေကလည်း တော်တော်ဝေးတော့ အလောတကြီးဝယ်စရာရှိရင် အဲဈေးမှာပဲ ၀ယ်လေ့ရှိကြတယ်။ အလုပ်သွားကျောင်းသွား မနက်ထမင်းဘူးထည့်ရမယ့်သူတွေအတွက် အိမ်ရှင်မတွေ အပြေးအလွှားဈေးဝယ်ရင် ကြုံရတာတစ်ခုက အသားဆိုင်က မျက်နှာထားတင်းတင်းဈေးသည်ရဲ့ မချေမငံအပြုအမူကိုပါပဲ။ အသားဆိုင်ကလည်း အဲဒီတစ်ဆိုင်တည်း၊ အသားကလည်းစုံပြီး လတ်ဆတ်တော့ ၀ယ်ချင်သူတွေများတယ်လေ။ ဒါနဲ့ပဲ ဒင်းက ဘ၀င်လေဟပ်ပြီး ၀ယ်သူတွေပြောရင် နည်းနည်းမှ သည်းမခံဘူး။ ကျမအပါအ၀င် ရပ်ကွက်ထဲက အိမ်ရှင်မတော်တော်များများနဲ့ မတည့်ကြဘူး။ သူက အသားညံ့ညံ့တွေပဲ ထည့်ထည့်ပေးလို့ စကားများရတာ ခဏခဏပဲလေ။
တစ်နေ့မှာ ကျမအမျိုးသား တခြားနယ်မှာ တာဝန်ကျတော့ ကျမကိုကူညီရင်း အဖော်ပြုပေးဖို့ ကျမညီမလေးက လာနေပေးတယ်။ သူက ကျောင်းပြီးခါစ ဒေသန္တရဗဟုသုတတွေ စုဆောင်းနေဆဲ အပျိုလေးပေါ့။ မနက်တိုင်း သူပဲဈေးသွားတော့ ကျမလည်း အမှုမဲ့အမှတ်မဲ့ပဲ နေခဲ့ပေမဲ့ တပတ်ကျော်လောက်ကြာတော့ သူဝယ်လာတာ နေ့တိုင်းအသားတွေ သိပ်ကောင်းပြီး အလေးလည်း ပြည့်တယ်။ ကျမ၀ယ်တုန်းကထက် ပိုများများရပြီး ပိုလတ်ဆတ်တဲ့ အသားကောင်းတွေပဲ နေ့တိုင်းရနေတယ်။ ကျမ ညီမလေးကို ဘယ်လိုများဝယ်ခဲ့တာလဲ မေးကြည့်တော့ သူက ပြောပြတယ်။
“သမီးကတော့ သူ အသားညံ့ညံ့တွေ ပေးတဲ့နေ့လည်း ပြုံးပြလိုက်တာပါပဲ။ သူလည်း သူ့မှာရှိတာပဲ ပေးရတာပဲလေ။ ဘာလို့စိတ်ဆိုးရမှာလဲ။ သူ အသားကောင်းကောင်းတွေ ပေးတဲ့နေ့ဆိုရင်တော့ ၀မ်းသားအားရကျေးဇူးတင်စကားပြောပေးတာပေါ့ မမရဲ့။ ဒီလိုလုပ်လို့ထင်တယ်။ သမီးကိုသူ အခု နေ့တိုင်း အသားကောင်းကောင်းတွေပဲပေးတော့တယ်။” သူပြောတာတွေ နားထောင်ရင်းကျမနားလည်သွားခဲ့မိတယ်။ မေတ္တာဆိုတာ ရောင်ပြန်ဟပ်စမြဲပါပဲလား။ #yangonlife #lovereflection
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။