အယ်လ်ခိုင်ဒါ အကြမ်းဖက်အဖွဲ့ ထိပ်သီးခေါင်းဆောင် အိုဆာမာ ဘင်လာဒင်ကို အသေပစ်ခတ်ခဲ့သူ ကွန်မန်ဒို အထူးတပ်ဖွဲ့ဝင်ဟောင်းသည် မိမိ၏ အမည်ကို လူသိရှင်ကြား ထုတ်ဖော် ပြောကြားလိုက်ပြီ ဖြစ်ပါသည်။
အမေရိကန် ရေတပ်၏ SEAL ခေါ် ပင်လယ်ပြင်၊ ဝေဟင်နှင့် မြေပြင် အထူးစစ်ဆင်ရေး တပ်ဖွဲ့ဝင်ဟောင်း ရောဘတ် အိုနီးလ်သည် ၂၀၁၁ ခုနှစ်၊ မေလ ၂ ရက်နေ့က လျှပ်တပြက်စစ်ဆင်ရေး၌ အိုဆာမာ ဘင်လာဒင်ကို ၎င်း၏ လက်ချက်ဖြင့် သုတ်သင် သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားပါသည်။ အမေရိကန် ပြည်ထောင်စုတွင် ကမ္ဘာကျော် 9/11 အကြမ်းဖက် တိုက်ခိုက်မှုကြီးကို ကြိုးကိုင်စီစဉ်ခဲ့သော အိုဆာမာ ဘင်လာဒင်သည် ၁၀ နှစ်နီးပါး တိမ်းရှောင် ပုန်းအောင်းနေခဲ့ပြီးနောက် ၎င်းစစ်ဆင်ရေးတွင် ဇာတ်သိမ်းသွားခဲ့ရသည်။
ယခင်က အမေရိကန် စစ်တပ်၏ တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများအရ ထုတ်ဖော်ပြောကြားခွင့် မရှိပဲ ရေငုံနှုတ်ပိတ် ထိန်းသိမ်းထားခဲ့သော်လည်း ယခုအခါ တပ်မှ အနားယူပြီးနောက် ဖွင့်ဟပြောကြားဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
အသက် ၃၈ နှစ်ရှိ အထူး ကွန်မန်ဒို တပ်ဖွဲ့ဝင်ဟောင်းသည် အိုဆာမာ ဘင်လာဒင် ခိုအောင်းနေသော ပါကစ္စတန်နိုင်ငံ၊ အဘူတာဘတ်မြို့ရှိ လျှို့ဝှက်နေအိမ်သို့ ဝင်ရောက် စီးနင်းတိုက်ခိုက်ရာစဉ် အိုဆာမာ ဘင်လာဒင်၏ နဖူးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။ အခြား SEAL အထူးတပ်ဖွဲ့ဝင် နှစ်ဦးကလည်း အမှန်တကယ် အသေပစ်ခတ်ခဲ့သူမှာ ရောဘတ် အိုနီးလ်ပင် ဖြစ်ကြောင်း ဝါရှင်တန်ပို့စ် သတင်းစာကို အတည်ပြုပြောကြားခဲ့၏။
တချက်တည်းဖြင့် ပွဲချင်းပြီး
၎င်းတို့ တပ်ဖွဲ့သည် လျှို့ဝှက်နေအိမ် တတိယထပ်ရှိ ဘင်လာဒင်နှင့် ဇနီးများ၏ အိပ်ခန်းကို ဝင်ရောက်ရာတွင် အိုနီးလ်၏ ရှေ့မှ တပ်ဖွဲ့ခေါင်းဆောင်က ပစ်ခတ်သော်လည်း မထိခဲ့ဘဲ ဒုတိယဝင်ရောက်သူ အိုနီးလ်က နဖူးတည့်တည့်ကို ပစ်ခတ်လိုက်ခြင်း ဖြစ်သည်။ အိပ်ခန်းသည် မှောင်မိုက်နေသော်လည်း ၎င်း၏ သေနတ်မှ ညကြည့်မှန်ပြောင်းတွင် ဘင်လာဒင်၏ ရုပ်ရည်သွင်ပြင်ကို ကောင်းစွာ မြင်ရကြောင်း အိုနီးလ်က ပြောပါသည်။
“ရှေ့ကလူကို ကျော်ပြီး ကျွန်တော် အခန်းထဲကို တံခါးဝလောက်မှာပဲ လှိမ့်ဝင်လိုက်တယ်၊ အဲဒီမှာ ဘင်လာဒင် ရပ်နေတယ်၊ သူ့လက်တွေက အမျိုးသမီးတယောက်ရဲ့ ပခုံးတွေကို ကိုင်ပြီး ရှေ့ကို တွန်းနေတယ်”
“အဲဒီစက္ကန့်ပိုင်းလေးမှာ ကျွန်တော် သူ့ နဖူးကို နှစ်ချက် ပစ်ထည့်လိုက်တယ်၊ ဒုတ်၊ ဒုတ် ဆို ဒုတိယအချက်မှာ သူကျသွားတာပဲ၊ သူ့အိပ်ရာရှေ့က ကြမ်းပေါ်မှာ သူ ပုံလျက်လဲနေတုန်း ကျွန်တော် ထပ်ပစ်တယ်”
ပထမတချက်မှာပင် ဦးခေါင်းခွံ ကွဲသွားသောကြောင့် ဘင်လာဒင် ပွဲချင်းပြီး သေဆုံးသွားကြောင်း အိုနီးလ်က ဝါရှင်တန်ပို့စ် သတင်းစာကို ပြောပြပါသည်။
နယူးယောက်မြို့တွင် ကမ္ဘာ့ကုန်သွယ်ရေးဗဟိုအဆောက်အအုံသစ်ကို နိုဝင်ဘာ ၃ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး၊ 9/11 အကြမ်းဖက် တိုက်ခိုက်မှု ပြတိုက်မှာလည်း သမိုင်းကြောင်း ဖြစ်ရပ်ကို ပြသထားသည်။ ပြည်သူများအနေဖြင့် ဤအကြမ်းဖက် တိုက်ခိုက်မှုကြီး၏ ကြိုးကိုင်သူ အဓိက ခေါင်းဆောင် အိုဆာမာ ဘင်လာဒင်၏ ဘဝဇာတ်သိမ်းကို အမှန်အတိုင်း သိရှိစေလိုသောကြောင့် ထုတ်ဖော် ပြောဆိုခြင်း ဖြစ်ကြောင်း ရောဘတ် အိုနီးလ်က ရှင်းပြပါသည်။
ထို့ပြင်၊ အခြားတပ်ဖွဲ့ဝင်များထံမှ ပေါက်ကြားတော့မည့် အခြေအနေ ဖြစ်ပေါ်နေသောကြောင့် မိမိဖာသာ လက်ဦးအောင် ပြောကြားသည့် အကြောင်းကိုလည်း ၎င်းက ပြောကြားသည်။
ရောဘတ် အိုနီးလ်သည် SEAL အထူးကွန်မန်ဒိုတပ်ဖွဲ့၏ အကောင်းဆုံး ထိပ်တန်း အမှတ် ၆ တပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် အကြမ်းဖက်ခေါင်းဆောင် အိုဆာမာ ဘင်လာဒင်ကို သုတ်သင်လိုက်ခြင်း ဖြစ်၏။ ဆိုမာလီ ပင်လယ်ဓားပြများ အပိုင်စီးထားသော ကုန်သင်္ဘောမှ အမေရိကန် ကပ္ပတိန် ဖိလစ်ကို ကယ်တင်ရာမှာလည်း ၎င်းတို့၏ တပ်ဖွဲ့ ၆ တွင် ရောဘတ် အိုနီးလ် ပါဝင်ခဲ့ရသည်။
ယခုကဲ့သို့ ဘင်လာဒင်ကို သုတ်သင်သတ်ဖြတ်သူအဖြစ် မွန်တာနာ ပြည်နယ်သား ရောဘတ် အိုနီးလ်က လူသိရှင်ကြား ထုတ်ဖော် ပြောကြားလိုက်ခြင်းကြောင့် အစွန်းရောက် အကြမ်းဖက်သမားများ၏ လက်တုန့်ပြန် တိုက်ခိုက်မှု ခံရမည့် အန္တရာယ် ရှိနေပါသည်။
အယ်လ်ခိုင်ဒါ အကြမ်းဖက်အဖွဲ့၏ ထိပ်သီးခေါင်းဆောင်ကြီး အိုဆာမာ ဘင်လာဒင်ကို သုတ်သင် ရှင်းလင်းလိုက်နိုင်ပြီ ဖြစ်ကြောင်း သမ္မတ ဘာရက်ခ် အိုဘာမားက သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားနေသည့် ယခင် သတင်းဗီဒီယိုကိုလည်း ကြည့်နိုင်ပါသည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။