Published on Wednesday, 31 October 2012 12:05
Written by ဆရာချိန်(ပဲခူး)
ပညာရေးသည် တစ်မျိုးသားလုံးနှင့် အကျုံးဝင်သော လုပ်ငန်းဖြစ်ပြီး၊ အနာဂတ်အတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ပညာရေးသည် ဖွံ့ဖြိုးတိုးတက်မှုနှင့် လူ့အဖွဲ့အစည်း တည်ငြိမ်အေးချမ်းမှု၏ အရင်းခံလည်းဖြစ်ပါသည်။ ပညာရေး သည် နိုင်ငံနှင့်လူမျိုးရှင်သန်မှု၏ အခြေခံအကြောင်းတရား (အုတ်မြစ်) ဖြစ်၍ အမျိုးသားရေးနှင့်လည်း သက်ဆိုင်သည်ဟု ကောက်ချက်ချ နိုင်ပါသည်။ ထို့ကြောင့် ပညာရေးဟူသည် နိုင်ငံနှင့်လူမျိုး၏အသက် ဝိညာဉ်ပင်ဖြစ် ပါသည်။ ခေတ်ရဲ့တောင်းဆိုမှုနှင့် ကမ္ဘာကြီး၏ အရှိန်အဟုန်ကြီးမားစွာ တိုးတက်ပြောင်းလဲလာမှုကြောင့် (၂၁) ရာစုတွင် ပညာရေးသည်နိုင်ငံအားလုံး၏ အဓိကအရေးပါသော နေရာတွင် ခိုင်ခိုင်မာမာ ရပ်တည်လာသည်ကို တွေ့ရပါသည်။ လူတစ်ဦးချင်းသာမက လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ စဉ်ဆက်မပြတ် ပညာသင်ကြားနိုင်ရေးသည် ကျွန်တော်တို့ကြုံနေရသော ပညာခေတ်ကြီး၏ စိန်ခေါ်မှု ပင်ဖြစ်သည်။
လူ့အဖွဲ့အစည်းအတွက် အမှန်တကယ်လိုအပ်နေသော လူသားများ မွေးထုတ်ပေးရန်သည် ယနေ့ခေတ်ပညာရေး၏ အဓိကရည်မှန်းချက် ပန်းတိုင်ပင်ဖြစ်သည်။ ထို့ကြောင့်ပညာရေးကို ကျောက်ချထား၍ မရ။ ရပ်တန့်ထား၍ မရ။ ခေတ်ရေစီးကြောင်းနှင့်အတူ စီးမျောလိုက်ပါပြောင်းလဲဖို့ အခြေအနေအရပ်ရပ်က တောင်းဆိုလာခဲ့ကြသည်။ မပြောင်းလဲနိုင်လျှင် ကျန်ခဲ့မှာဖြစ်၍ ပညာရေးသည် အရာအားလုံးကို အဆုံးအဖြတ်ပေးနိုင်သည်အထိ တန်ဖိုးမြင့်မားလာသည်ကို တွေ့ရသည်။
ပညာသင်ကြားခြင်းသည် ဖွံ့ဖြိုးတိုးတက်မှု၏ အရင်းခံအကြောင်းတရားပင်ဖြစ်သည်။ ကမ္ဘာကြီး၏ တောင်းဆိုမှုနှင့် ခေတ်သစ်လူနေမှုဘဝပုံစံကို ပညာနှင့်ဆိုင်သောနည်းပညာ (Technology) မြင့်မားလာမှုက ကိုင်လှုပ်နေခဲ့သည်။ ကျွန်တော်တို့ ရင်ဆိုင်ကြုံတွေ့နေရသည့် လူနေမှုဘဝပုံစံသစ်အတွက် New Concept နှင့် New Skills တို့ကို လိုအပ်ကြောင်း သိထားရပါမည်ဖြစ်သည်။
ထို့ကြောင့် ကလေးတွေ ပညာသင်ကြားနိုင်ဖို့အတွက် ပညာရေးတံခါးများကို ဖွင့်ထားရပါမည်။ ပညာရေးတွင် ပိတ်ထားသော တံခါးများ မရှိသင့်ပေ။
ပညာခေတ်လူ့အဖွဲ့အစည်းတွင် ပညာရေက အရေးကြီးသည်။ စာသင်ခန်းတွင် ကမ္ဘာကြီး၏ အနာဂတ်ရှိနေသလို တိုင်းပြည်၏ အနာဂတ်သည်လည်း ဆရာတွေလက်ထဲမှာ ရှိနေပါသည်။ ပညာရေးနှင့်ပတ်သက်၍ ပညာရှင်များ၏ အဆိုအမိန့်များ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို ဤနေရာတွင် ပြောလိုပါသည်။
ပညာရေးဟူသည် အဘယ်နည်း ?
"ပညာရေးဟူသည်မှာ ကလေးများကို ဆင်းရဲတွင်းနက်သည့် ပတ်ဝန်းကျင်၊ အန္တရာယ်များသည့် ပတ်ဝန်းကျင်မှ လွတ်မြောက်စေပြီး ပို၍လုံခြုံအေးချမ်းသည့် ကမ္ဘာလောက တစ်ခုအတွင်းသို့ ပို့ဆောင်ပေးမည့် လက်နက်တစ်ခုပင်ဖြစ်ပါသည်" ဟု ကျွန်တော်မှတ်သားထားဖူးသော အဆိုအမိန့်တစ်ခုက ဆိုထားပါသည်။
ပညာရေး၏ အနှစ်သာရသည် အသိသင့်ဆုံးသောအရာကို သိရန်နှင့် အလုပ်သင့်ဆုံးသောအရာကို လုပ်ရန်ပင်ဖြစ်သည်။ ပညာရေးဟူသည် ရှေ့ဆောင်ခြင်း၊ ပျိုးထောင်ခြင်း၊ တိုးတက်ဖွံ့ဖြိုး စေခြင်းနှင့် လေ့ကျင့်သင်ကြားပေးခြင်းဟုလည်း အဓိပ္ပာယ်ရပါသည်။
“ဘုရားရှင်ကိုယ်တော်မြတ်” က
“ပညာဟူသည် လူသားအားလုံးရဲ့ ရတနာစစ် ရတနာမှန်ပဲ ဖြစ်ပါတယ်” ဟု ဟောကြားခဲ့လေသည်။
အမေရိကန် အတွေးအခေါ်ပညာရှင်ကြီး ‘ဘာထရန်ရပ်ဆယ်’ က “ပညာရေးသည် အနာဂတ် တံခါးကို ဖွင့်မည့်သော့ချက်ပင်ဖြစ်သည်” ဟု ဆိုမိန့်ခဲ့ဖူးသည်။
တရုတ်တွေးခေါ်ရှင် ‘မင်းစီးယပ် (Mencius)’ က "ပညာရေးဟူသည် ပျောက်ဆုံးသွားသောလမ်းစကို ပြန်လည်ရှာဖွေရန်နှင့် ဆုံးရှုံးသွားသော အသည်းနှလုံးကို ပြန်လည်ရယူပိုင်ဆိုင်နိုင်ရန်အတွက်ပင် ဖြစ်ပါသည်” ဟု ပြောခဲ့ဖူးသည်။
ဆရာကြီး “ဦးထွန်းအောင်” က
“ကျောင်းသင်ပညာသည် အပြင်လောကတွင် လိုအပ်နေသော အချက်အလက်တို့ကို ဖြည့်စွက်သော ပညာရပ်ပင်ဖြစ်သည်” ဟု ဆိုခဲ့သည်။
စာရေးဆရာ “တက္ကသိုလ်ဘုန်းနိုင်” က
"ပညာဆိုတာ….. လူမှာရှိသော အကောင်းဆုံးအရည်အသွေး၊ လူ၌ရှိသော အကောင်းဆုံးစွမ်းအင်ပင် ဖြစ်ပါတယ်။ ပညာသည် အလွန်အရေးကြီးတယ်။ လူတစ်ဦးအတွက်ရော၊ လူ့အဖွဲ့အစည်းအတွက်ရော၊ နိုင်ငံတိုင်းပြည်အတွက်ရော အရေးကြီးတယ်” ဟု အလေးအနက်ထား မိန့်မှာသွားခဲ့ဖူးသည်။
အထက်ဖော်ပြပါ အဆိုအမိန့်များအရ ကျွန်တော်တို့သည် ပညာကိုတတ်မြောက်အောင် သင်ယူထားဖို့ လိုပါသည်။ ပညာတတ်၍ ပညာဖြင့် အသက်မွေးသူ၏ အသက်ရှင်ခြင်းသည် မြတ်သောအသက်ရှင် ခြင်းပင်ဖြစ်သည်။ ပညာဖြင့် အကောင်းတကာ့ အကောင်းဆုံးကို ရှာဖွေနိုင်မှာဖြစ်သလိုလောကဓံမုန်တိုင်းကို တန်ပြန် အံတုသည့် တောင်တွေလို ခိုင်ခိုင်ရပ်နိုင်မှာဖြစ်ပါသည်။ ပညာနှင့် ရည်ရွယ်ရာ ပန်းတိုင်ဆီ အရောက်သွားနိုင်မှာဖြစ်သည်။
ပညာကိုရယူရန်အတွက် ယုံကြည်မှုရှိဖို့လိုသလို ကြားနာခြင်းလည်း ရှိဖို့လိုပါသည်။ မှတ်မိအောင်အားထုတ်ဖို့လိုသလို ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းရှိဖို့လည်း လိုအပ်ပါသည်။
ပညာရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အမျိုးသားခေါင်းဆောင်ကြီး “ဗိုလ်ချုပ်အောင်ဆန်း” က-
“ပညာတတ်သူသည် လောကရှိ အရာရာကို အခွင့်အလမ်းအလိုက် ဆင်ခြင်သုံးသပ်နိုင်စွမ်းသော ဉာဏ်အားကို လည်းကောင်း၊ မိမိ၏ ဉာဏ်အမြင်အရ စိတ်နေစိတ်ထားစိတ်ဓာတ် (Emotion of the education)ကို လည်းကောင်း ပြုပြင်ပြုစုစီမံထားခဲ့သူဖြစ်သည်။ ပညာသည် လူ၏ဉာဏ်ကို ပြုပြင်တိုးချဲ့ရုံသာမဟုတ်။ လူ၏ စိတ်နေစိတ်ထား၊ အယူအဆများကိုလည်း တိုးပွားစေရမည်” ဟု ပြောကြားခဲ့ခြင်းပင်ဖြစ်သည်။
၂ဝ၁၁ ခုနှစ် နိုဝင်ဘာလက Wisdom House စာပေတိုက်မှ “ဆရာတင်ညွန့်” ၏ “ကမ္ဘာ့ပညာ ခေတ်အားလှမ်းမျှော်ကြည့်ခြင်း” စာအုပ်ထွက်လာသည်။ ဤစာအုပ်သည် ခေတ်အမြင်ခေတ်အတွေးနှင့် ပညာရေးအပေါ် ရဲရဲဝေဖန်သုံးသပ်ထားသော စာအုပ်ပင်ဖြစ်ပါသည်။
ပညာခေတ်တွင် ပညာရေး နှင့်ပတ်သက်သော စာအုပ်ရှားပါးချိန်တွင် ပေါ်ထွက်လာသောစာအုပ်မို့ ဆရာတင်ညွန့်၏ “ကမ္ဘာ့ပညာခေတ်အား လှမ်းမျှော်ကြည့်ခြင်း” စာအုပ်ကိုတော့ ကျွန်တော်တို့ကြိုဆိုရမှာ ဖြစ်သည်။
ယနေ့စာပေလောကတွင် ထွက်ရှိလာသော ပညာရေးဆောင်းပါးနှင့် ပညာရေးစာအုပ်များသည် ကျောင်းဆရာ မဟုတ်သူများ ရေးသားထားသောစာအုပ်များ၊ ဆောင်းပါးများမို့ ဖတ်၍ မကောင်းပါ။ စာဖတ်သူတွေရဲ့ ရင်ထဲသို့ရောက်အောင် မပို့နိုင်ခဲ့ပါ။ ပညာရေးအပေါ် မိမိစိတ်ထင်သလို ရှုမြင်သုံးသပ်ထားပုံများ၊ စိတ်ကူးယဉ်ထားပုံများမို့ Heart ကိုမထိပါ။ ထိထိရှရှမရှိပါ။ တက္ကသိုလ်ပါမောက္ခတစ်ဦးဆိုလျှင် သူမသိသော မူလတန်းပိုင်းပညာရေးကို စုတ်ပြတ်သတ်သွားအောင် ချိုးချိုးဖဲ့ဖဲ့ ဝေဖန်ထား၍ ဖတ်ပြီး စိတ်မကောင်းဖြစ်ရပါသည်။
ဝါးလုံးရှည်နှင့်သိမ်းရမ်းထားပြီး ပညာခေတ်ကို မထိရဲမကိုင်ရဲသည်ကိုတွေ့ရ၍ ဖတ်ပြီးအားမလိုအားမရ ဖြစ်ရပါသည်။ သင်ကြားရေးကို သူတို့ နားမလည်ပါ။ ပညာရဲ့ သဘောကို သူတို့မသိကြပါ။ အထူးသဖြင့် ကလေးတွေကို ဘာပေးရမည်ကို သူတို့သဘောမပေါက်ကြပါ။
မျက်မှောက်ခေတ်ပညာရေးကို မဝေဖန်ရဲဘဲနောက်ဆုံး… ပညာရေးမအောင်မြင်ရခြင်းအပေါ် တရားခံရှာကြရာ ဆရာ/ ဆရာမများသည် တရားခံများ မဟုတ်ကြပါ။ ဝါသနာကြောင့် ဘဝတစ်ခုလုံးကို ပုံအောထားသောဆရာ/ ဆရာမများ အဆုံးသတ်ရလိုက်သော ဆုလာဘ်သည် “ပညာရေးတရားခံ” ဟူသော ဆုလာဘ်တော့ မဖြစ်သင့်ပါ။
ပညာရေးမအောင်မြင်ရခြင်းသည်
- ခေတ်စနစ်ကြောင့်လား ?
- အချဉ်ပေါက်နေသော သင်ရိုးကြောင့်လား ?
- စာသင်သားကလေးတွေကြောင့်လား ?
- ပညာကို တန်ဖိုးထားရကောင်းမှန်းမသိသည့် မိဘတွေကြောင့်လား ?
- ဆရာများ၏ သင်ကြားနည်းခေတ်မမီမှုကြောင့်လား ?
ပညာရေးပြုပြင်ပြောင်းလဲမှုကို လိုလားပါသည်ဟု အသံကောင်း ဟစ်နေသူများ အမှန်ကိုလက်ညှိုးမထိုးပြရဲပါ။ ရိုးသားပွင့်လင်းသော ပညာရေးဝေဖန်သုံးသပ်ချက်ကို ကျွန်တော်တို့ ငတ်မွတ်နေတာတော့ ကြာပါပြီ။
ကျွန်တော်တို့သည် ကျွန်တော်တို့နိုင်ငံ၏ ပညာရေးကိုတော့ တိုးတက်စေချင်ပါသည်။ အဆင့်မီစေချင်ပါသည်။ သူများထက် မသာရင်တောင် သူများနှင့် ရင်ဘောင်တန်း စေချင်ပါသည်။ ဤသည်ကို ကျွန်တော်တို့ ဝိုင်းဝန်းကြိုးပမ်းကြရမှာ ဖြစ်သည်။ ဤလိုအချိန်မျိုးတွင် “ကမ္ဘာ့ပညာခေတ်အား လှမ်းမျှော်ကြည့်ခြင်း” စာအုပ်ထွက်လာ၍ စာရေးသူ ဆရာတင်ညွန့်နှင့် စာအုပ်ထုတ်ဝေပေးသော Wisdom House စာအုပ်တိုက်ကိုလည်း ကျွန်တော်တို့ ကျေးဇူးတင်နေမိသည်။
ဆရာတင်ညွန့်၏ “ကမ္ဘာ့ပညာခေတ်အား လှမ်းမျှော်ကြည့်ခြင်း” စာအုပ်သည် ခေတ်သစ်ပညာရေးကို လက်တစ်ဆုံးနှိုက်၍ ပညာရေးအမြင်ရှုထောင့်မှ ရိုးသားပွင့်လင်းစွာ တင်ပြထားသော စာအုပ်ပင် ဖြစ်ပါသည်။ ကျောင်းဆရာဟောင်းတစ်ဦး ရေးသားထားသော ပညာရေးဆောင်းပါးများမို့ ဖတ်၍ အလွန်ကောင်းသလို အကျိုးလည်း ရှိပါသည်။ ထောင့်စုံမြင်ကွင်းစုံမှ တင်ပြထား၍ မျက်မှောက်ခေတ် ပညာရေး၏ အားနည်းချက်၊ အားသာချက်များကိုလည်း ရှင်းရှင်းလင်းလင်း သိခဲ့ရပါသည်။ ဟန်ဆောင်မှုမပါ၊ အမှန်ကို အမှန်အတိုင်း ရဲရဲဖွင့်ချဝေဖန်ထား၍ ပညာဆီသို့ သွားရာလမ်းကို ကျွန်တော်တို့ လှမ်းမြင်နေရပါသည်။
ဆရာဘဝကတည်းက လေ့လာစူးစမ်းခဲ့၊ လက်တွေ့လုပ်ဆောင်ခဲ့၊ အောင်မြင်ခဲ့၊ ရှုံးနိမ့်ခဲ့၊ ကိုယ်ကျိုးမပါသော စမ်းသပ်ခဲ့မှုများကို ရင်ထဲသိုသိပ်ထားခဲ့ရာမှ ပွင့်အန်ဖွင့်ချလာ၍ ပညာရေးလောကသားများအတွက် အကျိုးများမည့် စာအုပ်ပင်ဖြစ်ပါသည်။ ဆရာဘဝက ပြောခွင့်မရခဲ့သည်များကို “ကမ္ဘာ့ပညာခေတ်အား လှမ်းမျှော်ကြည့်ခြင်း” စာအုပ်တွင် ဆရာတင်ညွန့်က တဝကြီးပြောသွားခဲ့သည်။
စာသင်ခန်းနှင့်ခေါင်းလောင်းသံကို မမေ့သော၊ ကလေးတွေစာအံသံကို လွမ်းဆွတ်တသနေသော၊ ကလေးတွေရဲ့ သီချင်းသံ၊ ရန်ဖြစ်သံ၊ ငိုသံနှင့်ရီသံကို သတိတရဖြစ်နေခဲ့သော ဆရာဟောင်းတစ်ဦးအဖို့ ပညာရေးသည် ဘဝတစ်သက်တာလုံး မက်ခဲ့ရသော အိပ်မက်ပင်ဖြစ်သည်။ ဘယ်တော့မှ မပြီးဆုံးနိုင်သည့် ရှင်သန်နေသော အိပ်မက်ပင်ဖြစ်သည်။ ဤစာအုပ်တွင် စာရေးသူက စာဖတ်သူကို အချက်အလက်ထက် ဝေဖန်သုံးသပ်ချက် အသိအမြင်ကိုပေးဖို့ လုံ့လပြုထားသည်။
ဆရာတင်ညွန့်သည် အစဉ်အလာပညာရေးနှင့် စနစ်ဟောင်းပညာရေးမှ အသွင်သစ် အမြင်သစ် ပညာရေးစနစ်သစ်တို့၏ ပဋိပက္ခကိုဇောင်းပေး ဖော်ပြထား၍ အိပ်ပျော်နေရာမှ ရေခဲရေနှင့် အပက်ခံရသလို ကျွန်တော်တို့ လန့်နိုးလာခဲ့ရသည်ကိုတော့ ဝန်ခံရမှာဖြစ်သည်။ အဟောင်းကို မစွန့်နိုင်ခြင်းသည် အသစ်ကို ဆန့်ကျင်ခြင်းပင် ဖြစ်သည်။ အဟောင်းသည် ဒစ်ဂျစ်တယ်ခေတ်ကို မပို့ဆောင်ပေးနိုင်ပါ။ အဟောင်းတွင် ကွန်ပျူတာနှင့် နည်းပညာဖြင့် တည်ဆောက်ထားသော ခေတ်သစ် စာသင်ခန်းများ မရှိနိုင်ပါ။ ထို့ကြောင့် အဟောင်းကို ဆန့်ကျင်ရမည်ဟု ဆရာတင်ညွန့်က သူ၏စာအုပ်နှင့် တိုက်တွန်းထားသည်။
စာအုပ်အမှာတွင် စာရေးသူက ပညာလိုလားသော ကျောင်းသားတစ်ဦးသည် သဘောထား မပြည့်ဝသော လူကြီးများနှင့် ရင်ဆိုင်ပြီး စိတ်အနာတရဖြစ်ကာ မဟာတန်း (ဘွဲ့လွန်) ဆက်တက်ဖို့ အခွင့်အရေးဆုံးရှုံးခဲ့ရပုံကို နာနာကျည်းကျည်းရေးပြထားသည်ကို ဖတ်ရသည်မှာ စိတ်မကောင်းစရာပင် ဖြစ်သည်။ ခေတ်စနစ်ကြောင့် တစ်ချိန်ကပညာရေးနယ်ပယ်တွင် ပညာရေးနှင့် မဆိုင်သူတွေ တွင်ကျယ်ခဲ့သည်မှာ ကိုယ်တွေ့မို့ အံ့သြစရာတော့ မဟုတ်ပါ။ တရားသောဝါဒကို ကိုင်စွဲထားသူ နိုင်ငံရေးသမားများ နေရာမှားပြီး ရောက်လာဟန်တူသည်။
ဆရာတင်ညွန့်၏ “ကမ္ဘာ့ပညာခေတ်အား လှမ်းမျှော်ကြည့်ခြင်း” စာအုပ်တွင် စာရေးသူ၏ ပညာရေးအတွေးအမြင်နှင့် အတွေးအခေါ်အယူအဆများကို တင်ပြထားသော ဆောင်းပါးအပုဒ် (၂ဝ) ပါပါသည်။ မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံများ၏ပညာရေးကို “ပညာခေတ် ပညာရေး ပညာတွေး” “ကမ္ဘာ့ပညာခေတ်အား လှမ်းမျှော်ကြည့်ခြင်း” “ပညာရေးသရုပ်ခွဲ” “ကမ္ဘာ့အမှတ်ပြည့် မသမာမှုများ” “ပုဂ္ဂလိကပညာရေးကဏ္ဍ” “အဝေးသင်ပညာရေးဆိုသည်မှာ” “ပညာရေးနှင့် အနာဂတ်အတွေး” “တရုတ်နိုင်ငံ၏ပညာရေးစနစ်သစ်” “ရှည်လျားထွေပြား တရုတ်တပည့်ကျင့်ဝတ်များ” “မူးယစ်ဝေစေသော ပညာခေတ် နောက်ဆက်တွဲ ပြဿနာများ” အစရှိသည့် ဆောင်းပါးများနှင့် စူးစမ်းလေ့လာ၍ တစ်ဆင့်ပြန်လည်ဖောက်သည်ချထားသည်။
မျက်မှောက်မြန်မာနိုင်ငံ၏ အိုင်တီနည်းပညာခေတ်ကို “ပြောင်းသောခေတ်နှင့် မပြောင်းသောစနစ်များ” “ပညာရေးနှင့် အနာဂတ်အတွေး” “အိုင်တီနှင့်ပညာရေးပေါင်းစပ်ပေးချင်ရင်” “နည်းပညာနှင့် မာလ်တီမီဒီယာကျောင်းများ” “ဗီယက်နမ်နိုင်ငံအိုင်တီပညာရေးကွန်ရက်” “မူကြိုနှင့်မိဘသောက” “ကလေးဗဟိုပြုသင်ကြားရေးစနစ်” စသည့် ဆောင်းပါးများနှင့် စာဖတ်သူများကို မိတ်ဆက်ပေးထားသည်။
“မွန်တတ်ဆိုရီ” “ရူးဆိုးသို့မဟုတ်အထီးကျန်လျှပ်တစ်ပြက်အိပ်မက်” နှင့် “ဗုဒ္ဓခေတ်ပညာရေး” ဆောင်းပါးများသည် ပေးထားသော စာအုပ်ခေါင်းစဉ်နှင့် မကိုက်ညီပါ။ ပြောချင်သည့်အချက်များ ကျန်ခဲ့မှာစိုး၍ အားဖြည့်ထားခြင်းလည်း ဖြစ်နိုင်ပါသည်။
ခေတ်သစ်ပညာရေးတွင် ဆရာသည် ပညာရေးမြစ်ပြင်ကျယ်ကို အလျားလိုက်ကူးမှာလား ? ဒေါင်လိုက်ကူးမှာလား ? ဆိုသည့်အချက်ကိုတော့ အလေးအနက်ထား စဉ်းစားရမှာဖြစ်သည်။ ကိုယ့်ကြောင့် (ဆရာ့ကြောင့်) ကလေးတွေရဲ့ ဘဝ ကိုးရိုးကားရားဖြစ်မသွားဖို့ အရေးကြီးပါသည်။ ကလေးတွေအခြေခံကောင်းဖို့၊ အတန်းတက်သွားရင် ရသင့်ရထိုက်တဲ့ အခြေခံကောင်းလေးတွေ ကလေးတွေဆီမှာ ပါသွားဖို့လိုပါသည်။ “ဘွဲ့သာရသွားတယ်-ဘာမှမတတ်ဘူး” ဆိုသော မျက်မှောက်ခေတ်ပညာရေးကိုတော့ ပြောင်းပြန်လှန်ပစ်ဖို့ ဆရာတို့ လုံ့လပြုရမှာ ဖြစ်သည်။
အဖြူအစိမ်းကို အထင်သေးသည့် အကြည့်နှင့်ကြည့်သောလူတွေရဲ့ ‘အကြည့်’ ကို ဖယ်ရှားပစ်ရမှာ ဖြစ်သည်။ နောက်တက်မည့် အတန်းတွင် သင်ယူရန်အဆင်သင့်ဖြစ်အောင် ဆရာကပြည့်စုံအောင် သင်ကြားပေးလိုက်ရမှာ ဖြစ်သည်။ ‘ဒါသင်၊ ဒါမေးပညာရေး’ မဖြစ်အောင်လည်း သတိထား၍ ပြုပြင်သွားရမှာဖြစ်သည်။ လေ့လာမှု၊ ကြိုးပမ်းဆောင်ရွက်မှု တို့ကို ကြိုးစားမှုနှင့် အားဖြည့်ကာ ဆရာ့မာန်၊ ဆရာ့ဟန်ဖြင့် ဆရာ့ဂုဏ်ရည်ကို တည်ဆောက်ကြရမှာဖြစ်သည်။
ဤနေရာတွင် “ကမ္ဘာ့ပညာခေတ်အား လှမ်းမျှော်ကြည့်ခြင်း” စာအုပ်မှ သိသင့်သိထိုက်သော အချက်များကို ပြောလိုပါသည်။
ပညာရှင်များ ပြောခဲ့သော ပညာရေးနှင့်ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကိုလည်း စာရေးသူက စိတ်ဝင်စားဖွယ်ကောင်းအောင် တင်ပြသွားသည်။
- ပညာရေးဟူသည်…. လူမှုသိပ္ပံပညာရပ်တစ်ခုဖြစ်ပြီး သင်ကြားခြင်း၊ သင်ယူခြင်းများနှင့် ဆက်နွယ်နေသည့် ကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းရပ်များကို ခေါ်ဆိုသည်။
- ပညာရေးဟူသည်…. လူသား၏ ယဉ်ကျေးမှုဖြစ်စဉ်ပင်ဖြစ်သည်။
- ပညာရေးဟူသည်…. လက်ဆုပ်လက်ကိုင် မပြနိုင်သည့် နက်နဲ့သိမ်မွေ့သည့် အသိဉာဏ်ဆိုင်ရာ ဗဟုသုတများကို ပေးသောလုပ်ငန်းတစ်ရပ် ဖြစ်သည်။
- ပညာရေးဟူသည်…. မွေးသည်မှသေသည်အထိ ဖြစ်စဉ်ကြီးတစ်ခုပင်ဖြစ်သည်။
- ပညာရေးဟူသည်…. စိတ်ကူးများ၊ စွမ်းဆောင်နိုင်ရည်များ၊ ကိုယ်ကျင့်တရားများ စသည်တို့ကို သင်ကြားပေးခြင်း ဖြစ်သည်။
- ပညာရေးဟူသည်…. ပင်ကိုရှိပြီသား နိုင်ငံရေးဖြစ်စဉ်တစ်ခုကို နိုင်ငံရေးရလာဒ်တစ်ခုအဖြစ် ဖော်ထုတ်နိုင်ရန်ကြိုးစားခြင်း ဖြစ်သည်။
စာရေးသူ ဆရာတင်ညွန့်က ပညာရေးအဓိပ္ပာယ်နှင့်တွဲ၍ ပညာရေးပန်းတိုင်ကိုလည်း ချပြသွားသည်။
“ပညာရေး၏ ပန်းတိုင်သည် တစ်ဦးတစ်ယောက်၏ အကြံဉာဏ်စိတ်ကူးများကို အခြားတစ်ဦးတစ်ယောက်သို့ လွဲပြောင်းပေးရန် သို့မဟုတ် တစ်ယောက်မှ တစ်စုသို့ လွဲပြောင်းပေးရန်ဖြစ်သည်။”
မှန်ပါသည်။ ပညာရေးတွင် ပန်းတိုင်ရှိသည်။ ထိုပန်းတိုင်သို့ ကျွန်တော်တို့ အရောက်သွားရမည် မဟုတ်ပါလော။ အနောက်တိုင်းစတိုင် ပညာရေးစနစ်ကို ခါးခါးသီးသီး မုန်းတီးခဲ့သော “ဂန္ဒီ” ၏ မှတ်ချက်စကားလေးကတော့ ကြေကွဲစရာ ဖြစ်သည်။
“အစဉ်အလာ ပညာရေးနှင့်ပတ်သက်ပြီး လှပသည့် သစ်ပင်လေးတစ်ပင်သည် ဗြိတိသျှတို့ စိုးမိုးမှုအောက်တွင် ပျက်စီးသွားခဲ့ရသည်။”
- အမေရိကန်အဆင့်မြင့် ပညာရေးသည် အဓိကအချက် (၃) ချက်အပေါ်အခြေခံထားသည်။
(၁) အစိုးရသည် အကန့်အသတ်နှင့်သာ ပါဝင်လှုပ်ရှားသည်။
(၂) ပြိုင်ဆိုင်ခွင့်ပေးထားသည်။
(၃) ခေတ်ကတောင်းဆိုလာသော ဆရာများ၏ စွမ်းပကား။
(မိမိကိုယ်ကိုမိမိ စွမ်းအားအမြင့်ဆုံးဖြစ်အောင် ကြိုးပမ်းခြင်း)
- အမေရိကန်ကို လိုက်နိုင်ရန် ရာစုတစ်ဝက်လောက်ကြိုးစားရဦးမည်။
- တရုတ်လူတော်များကို နိုင်ငံအနှံ့စေလွှတ်ကာ ပညာသင်ယူနေစေခြင်းကလည်း စဉ်းစားသင့်သည့် အချက်ဖြစ်သည်။
- ယနေ့ပညာရေးသည် ဈေးကွက်ရှာပညာရေးသို့ ဦးတည်နေသည်။
- အိန္ဒိယနိုင်ငံရှိ ပြည်သူများကို နောက်ဆုံးပေါ်နည်းပညာများနှင့် ရင်းနှီးကျွမ်းဝင်စေရန် သင်ကြားပေးခြင်းသာလျှင် နိုင်ငံအတွက်အကောင်းဆုံး ဖြစ်လိမ့်မည်။
- “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီး တည်ဆောက်အံ့” ဆိုသည်မှာ သီချင်းထဲကလို ကြွေးကြော်နေရုံမျှဖြင့် မလုံလောက်နိုင်ပေ။ လက်တွေ့လုပ်ပြကြမှ ဖြစ်နိုင်မည်။
- နိုင်ငံတကာစံတွင်လည်း ဆရာတစ်ယောက် တော်/မတော်ကို တပည့်လုပ်ဆောင်မှုရလဒ်နှင့်သာ တိုင်းတာလေ့ရှိကြသည်။
စာရေးသူသည် ကမ္ဘာ့ပညာရေးကို သူ၏ စာအုပ်နှင့် လှမ်းမျှော်ကြည့်ထားသည်။
- ယနေ့ခေတ်အသုံးအများဆုံးသင်ယူမှုပုံစံများမှာ-
လက်တွေ့လှုပ်ရှားခြင်းဖြင့်သင်ယူခြင်း
အမြင်ဖြင့် သင်ယူခြင်း
အကြားဖြင့်သင်ယူခြင်း
ဟူ၍ဖြစ်သည်။
- ‘ကိုယ်လုပ်မှ ကိုယ်ရ၊ ငါသင်လို့ နင်မရ’ ဆိုသည့် “ဆဒ်ဘူရီ (sudbury)” မူဝါဒကို လက်ကိုင်ထားလာကြသည်။
- ကွန်ပျူတာသည် မည်သည့်ပစ္စည်းနှင့်မဆို တွဲသုံးနိုင်သည့် ဘုံဆိုင်ပစ္စည်းတစ်ခုပမာ အရေးပါလာသည်။
- လူကြီးမှသည် လူငယ်များဆီသို့ အဆင့်ဆင့်လက်ဆင့်ကမ်းပညာရေးစနစ်သည် ထာဝရတည်ရှိနေသင့်သည့် ပညာရေးစနစ်ပင်ဖြစ်သည်။
- ပညာရေးဆိုသည်မှာ အခြေခံမှသည် အဆင့်မြင့်ရောက်သည့်တိုင် ကလေးတို့ကို လမ်းပြသယ်ဆောင် သွားနိုင်စွမ်းရှိရမည်။
- အမှန်တရားနှင့် ယုံကြည်မှုအတွက် ကလေးများကို ပုံသေရိုက်သွင်းလိုက်ရန်မလိုပေ။ လွတ်လပ်စွာ ဆင်ခြင်စဉ်းစားနိုင်ခွင့် အပေးနိုင်ဆုံးပညာရေးသည် ကလေးများ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုနိုင်မည် ဖြစ်သည်။
- အသိပညာသည် ရှေ့ဆက်ရန်ဖြစ်ပြီး ရပ်တန့်ကျန်ခဲ့ရန် မဟုတ်ပေ။
နိုင်ငံတကာပညာရေးနှင့် ယှဉ်၍ ကျွန်တော်တို့နိုင်ငံပညာရေးကို ဝေဖန်သုံးသပ်သော အကြည့်နှင့် ကြည့်မြင်သုံးသပ်ရန် စာရေးသူက တိုက်တွန်းသွားသည်။
- ပညာရေးဆိုတာ သိပ်အရေးကြီးတယ်။ ပညာရေးကို လက်ဝါးကြီးအုပ်ထားရင် ပြည်သူတွေရဲ့ အလိုဆန္ဒကို ဘယ်လိုဖြည့်ဆည်းပေးနိုင်တော့မှာလဲ ?
- ဆရာသည် မိမိကိုယ်တိုင်က လမ်းပြနိုင်သည့် အရည်အချင်းရှိ/မရှိသည်လည်း မျက်မှောက်ခေတ်ပညာရေးတွင် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည်။ ကွန်ပျူတာဖြင့် အင်တာနက်တွင် သိလိုသည်များကို ရှာဖွေရကောင်းမှန်း သိနေသည့်ကလေးကို ကွန်ပျူတာကိုကိုင်၍ပင် မကြည့်ခဲ့ဖူးသည့်ဆရာက မည်သို့ Guide လုပ်ကြမည်ကိုလည်း ထည့်သွင်း စဉ်းစားကြရမည် ဖြစ်သည်။
- ဝါသနာနှင့် ဘဝတိုးတက်ရေးအတွက် ကျောင်းသားများ၏ အနာဂတ်မျှော်မှန်းချက်များနှင့် ကိုက်ညီစေရန် အားပေးခြင်း၊ တိုင်ပင်မှုကိုခံယူခြင်း၊ လမ်းညွှန်ပြသခြင်းသည် ဆရာတို့ အလုပ်ဖြစ်သည်။
- ကျောင်းဆိုသည်မှာ ငါတို့သိလိုသမျှ၊ တတ်လိုသမျှ၊ သင်လိုသမျှ စိတ်ချမ်းသာစွာဖြင့် ပျော်ရွှင်စွာ ဖြည့်ဆည်းပေးနိုင်သည့် နေရာတစ်ခုအဖြစ် ကလေးများ ရှုမြင်နိုင်ရမည် ဖြစ်သည်။
- သင်သူများက သိအောင်ဦးစွာလုပ်ပြီး အမှန်တကယ် သိသူများဖြင့် ဦးဆောင်သည့်ခေတ်ရောက်မှသာ “ပညာခေတ်” ဟူ၍ ကြွေးကြော်သင့်ပါသည်။
- နိုင်ငံရေးဆိုသည်မှာ မစားကောင်းသော သစ်သီးမဟုတ်။ နိုင်ငံရေးကို နားလည်မှနိုင်ငံရေးသမားနှင့် နိုင်ငံရေးပါတီများ၏ အလိမ်မခံရမှာ ဖြစ်သည်။
- ပုံသေမဟုတ်သည့် သင်ကြားမှုဖြင့် ပညာရေးကို ဆန်းသစ်စေနိုင်သည်။ အပြိုင်အဆိုင်ရှိခြင်းသည် တိုးတက်ခြင်းကို ဖြစ်စေသည်။
စာရေးသူသည် ပညာ၏ ကျယ်ပြန့်မှု သဘောကို နိုင်ငံတော်နှင့် အနာဂတ်လူ့ဘောင်တည်ဆောက်ရေး အထိပင် ရည်ရွယ်ထားဟန်တူသည်။
- ကလေးဘဝသည် လွတ်လပ်ခြင်းတွင် အခြေခံပြီး လှုပ်ရှားခြင်းက ဖွံ့ဖြိုးခြင်းကိုဖြစ်စေသည်။
- ပညာရေးဆိုသည်မှာ အမှောင်တွင်းမှ အလင်းသို့ဆွဲထုတ်ခြင်း၊ ထောင်တွင်းမှအပြင်သို့ ဆွဲထုတ်ခြင်းသာ ဖြစ်သင့်သည်။
- တစ်နှစ်အကျိုးခံစားလိုလျှင် စပါးစိုက်ပါ။ ဆယ်နှစ်အကျိုးခံစားလိုလျှင် သစ်ပင်စိုက်ပါ။ နှစ်တစ်ရာ အကျိုးခံစားလိုလျှင် လူကိုပျိုးထောင်ပါ။ (တရုတ်စကားပုံ)
- ပညာရေးဟုဆိုလိုက်လျှင် သင်ယူနိုင်စွမ်းကိုသာမက ကလေး၏ ဝေဖန်ဆန်းစစ်နိုင်စွမ်းကိုပါ ထည့်တွက်ရပေလိမ့်မည်။
- မျက်မှောက်ပညာရေးစနစ်သည် မည်မျှတိုးတက်နေပါသည်ဆိုစေ ကလေးနှင့်သင်ရိုးသည် တစ်ထပ်တည်း မဖြစ်သေးသမျှ အောင်မြင်နိုင်ရန်မလွယ်ပေ။
- ပညာရေးဆိုသည်မှာ အခြေခိုင်ရန် အရေးကြီးသော်လည်း အဖျားရှူးသွားရန် မဟုတ်ကြောင်းကို သတိမူသင့်သည်။
- ယနေ့ခေတ်သည် ဒစ်ဂျစ်တယ်ခေတ်ဖြစ်လာပြီ။ အဘွားပြောသောပုံပြင်ခေတ်ကို ပြန်သွားရန် မဟုတ်ပေ။
- တံခါးကိုပွင့်အောင်ဖွင့်ပေးပါ။ မဖွင့်ပေးချင်လျှင် တံခါးကို ဤနေရာတွင် မထားပါနှင့်။ တံခါးမှန်းသိလျှင် သူတို့ရအောင် ဝင်ကြမည်သာဖြစ်သည်။ ရိုးရိုးဝင်မရလျှင် ချိုးဖျက်ပြီး ဝင်ကြပေလိမ့်မည်။
- ကွန်ပျူတာဆိုတာ အလှကြည့်ဖို့ မဟုတ်ဘူး။ ရှာဖွေလေ့လာဖို့။ ကလေးတွေကို ကွန်ပျူတာကြီး ရှေ့ချပေးပြီး ဟိုဟာမကိုင်နဲ့၊ ဒီဟာမထိနဲ့လို့ ပြောနေမယ့်အစား ယုံယုံကြည်ကြည်နဲ့ လွှတ်ထားပေးသင့်တယ်။ (ဒေါက်တာယန်)
- ဆရာတွေ ရပ်တည်ဖို့အတွက် နည်းပညာသည် သေရေးရှင်ရေးတမျှ အရေးကြီးလာပါတယ်။ ခေတ်ပြောင်းသည်ကို မသိဆိုကာ ကြောင်တောင်ရပ်နေ၍ မဖြစ်ပေ။ ကိုယ်တိုင်လည်းပြောင်း၊ ကိုယ့်တပည့်တွေကိုပါ ပြောင်းလဲမှုလမ်းကြောင်းမှန်ကို တင်ပေးနိုင်ရန် လိုလာပြီဖြစ်သည်။
- ကလေးတစ်ယောက် ကွန်ပျူတာတစ်လုံးပိုင်သည်ဖြစ်စေ၊ စာသင်ခန်းတစ်ခန်းမှာ တစ်လုံးပိုင်သည် ဖြစ်စေ အရေးမကြီးပါဘူး။ ကမ္ဘာကြီးနဲ့သူတို့ ဘယ်လောက်ဆက်သွယ်ခွင့် ရသလဲဆိုတာသာ အရေးကြီးတာ။
စာရေးသူက ပညာရေးပြုပြင်ပြောင်းလဲမှုကို ရုပ်ပိုင်းသာမက စိတ်ပိုင်းပါပြုပြင်ပြောင်းလဲမှု လုပ်သင့်သည်ဟု အကြံပြုဆွေးနွေးသွားသည်။
- ပွဲပြီးမီးသေသဘောဖြင့် ကွန်ပျူတာခန်းတွေ တံခါးပိတ်ထားလျှင်၊ ကွန်ပျူတာများကို စောင်ခြုံထားလျှင် နိုင်ငံတော်၏ စေတနာနှင့် ရည်မှန်းချက်များကို သဘောမပေါက်ရုံသာမက နောက်ပြန်ဆွဲနေသူများသာ ဖြစ်နေလိမ့်မည်။
- ကျောင်းများတွင် ကွန်ပျူတာထားခြင်းမှာ သုံးဖို့ဖြစ်ပါသည်။ အလှကြည့်ဖို့ မဟုတ်။
- လက်တွေ့မပါ၊ စာတွေ့ဖြင့် သင်ကြားရေးစနစ်ကိုကား ကျွန်တော် မကြိုဆိုနိုင်ပါ။
- လူသားသည် လူသားထံမှသာ လေ့လာသင်ယူခြင်းသည် ‘လူသား ပညာ’ ဖြစ်ပြီး၊ ပတ်ဝန်းကျင်မှ လေ့လာသင်ယူခြင်းသည် ‘ရုပ်ဝတ္ထုပညာ’ ဖြစ်သည်။
- ကလေးပတ်ဝန်းကျင်ကို နားလည်ခြင်းသည် ပညာရေးကိုအောင်နိုင်ခြင်းဖြစ်သည်။
- ပညာရေးတွင် ကျောင်းသားများအား ဘာကိုတတ်ကျွမ်းစေရမည်ဆိုသည့် ပန်းတိုင်ရှိရမည်။
- ပညာဆိုသည်မှာ တစ်ခါတစ်ရံတွင် ဆရာထံမှ မမျှော်လင့်ဘဲ ရရှိနိုင်သည်။
- ပညာသင်ကြားပေးပြီး အကျိုးအမြတ်ပြန်၍ မျှော်ကိုးခြင်း မရှိသော အပေးသာရှိ၊ အယူမရှိသည့် ပညာရေးဖြစ်သည့်အတွက် ဘဝတွင်အောင်မြင်ခဲ့ရခြင်း ဖြစ်သည်။
ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးနိုင်မလား ? ဟု စာရေးသူက ကျွန်တော်တို့ကိုမေးခွန်းမေးထားသည်။
ဆရာ ‘တင်ညွန့်’ ၏ "ကမ္ဘာ့ပညာခေတ်အား လှမ်းမျှော်ကြည့်ခြင်း” စာအုပ်တွင် ခေတ်သစ်ပညာရေးကို စိန်ခေါ်နေမှုများ၊ ပညာရေးကို အဆုံးအဖြတ်ပေးနိုင်သော နည်းစနစ် (Method) များ၊ လူမှုရေး လမ်းကြောင်း၏ ရောင်ပြန်ဟပ်မှုများ၊ ပညာခေတ်၏ တောင်းဆိုမှုများ၊ ဆရာ၊ဆရာမများ၏ စွမ်းပကားများ၊ ကလေးများ၏လွတ်လပ်သောသဘာဝနှင့် သင်ကြားသင်ယူမှု ဖြစ်စဉ်များကိုလည်း အနုစိတ်တင်ပြနိုင်အောင်ကြိုးစားထားသည်။
ဆရာတင်ညွန့်သည် သူပိုင်နိုင်သော subject မို့ ကမ္ဘာ့ပညာခေတ်ကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်၍ မှတ်သားဖွယ်ပညာရေး အဆိုအမိန့်များ၊ ပညာရေးသဘောတရားများနှင့် ပညာရေးဆိုင်ရာ တော်လှန်သော အတွေးအမြင်များကို သရုပ်ခွဲတင်ပြသွားသည်မှာ စိတ်ဝင်စားဖွယ်ရာပင် ဖြစ်သည်။
ယနေ့ခေတ်ပညာရေးသည် ဈေးကွက်ရှာ ပညာရေးဖြစ်၍ အိုင်တီပညာကိုလည်း လွတ်လပ်စွာ လမ်းဖွင့်ပေးခဲ့လေသည်။ ဆော့ဖ်ဝဲတော်လှန်ရေးသည် အလုပ်ရရှိရေး လမ်းကြောင်းကိုလည်း ပြောင်းပြန်လှန်နိုင်ခဲ့၍ လက်ညှိုးလေးများ၏ ထိပ်တွင် ကမ္ဘာကြီးရှိနေပြီ ဖြစ်သည်။ ကြွေးကြော်နေရုံနှင့်မရ။ လက်တွေ့လုပ်ဆောင်မှ ခေတ်မီသောနိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မှာဖြစ်သည်ဟု စာရေးသူက သူ၏အမြင်ကို တစေ့တစောင်း တင်ပြသွားလေသည်။
မျက်မှောက်ခေတ်ပညာရေးကို စာရေးသူက သူအားသန်သော အမြင်ရှုထောင့်မှနေ၍ စုတ်ချက်တို့ ကစားထားပြီး အချက်အလက်ဒေတာ (data) များကို အပြည့်အစုံမပေးဘဲ အဓိကမိန်းပွိုင့် (main point) လောက်ကိုသာ မီးမောင်းထိုးပြသွား၍ သိလိုသော အချက်များပြုတ်ကျကျန်နေခဲ့သည်ဟု ကျွန်တော်ဝေဖန် သုံးသပ်နေမိသည်။
စာရေးသူသည် သူကျွမ်းကျင်ပိုင်နိုင်သော ကွန်ပျူတာဆိုင်ရာ ဘာသာရပ်ကိုတော့ တိတိကျကျ သေသေချာချာ ပွင့်ပွင့်လင်းလင်း ပြောသွားနိုင်ခဲ့သည်။ စိတ်ကူးရလျှင်ထရေး။ ဈာန်ဝင်လျှင် ထရေးထားသော ပညာရေးဆိုင်ရာဆောင်းပါးများဖြစ်၍ စာအုပ်အဖြစ်ပြုစုလိုက်သောအခါ တစ်ပုဒ်နှင့်တစ်ပုဒ် မချိတ်မိဘဲ ကွင်းဆက်ပြုတ်နေသည်ဟု ဝေဖန်သုံးသပ်ရမှာ ဖြစ်သည်။
သို့သော် ပညာမျက်စိနှင့် ကြည့်လျှင် စီးစီးပိုင်ပိုင် ရှိလှသော ပညာရေးဆိုင်ရာဆောင်းပါးများမို့ ကျွန်တော်တို့အတွက် တန်ဖိုးရှိ သည်ဟု ဆိုချင်ပါသည်။
“ဗုဒ္ဓခေတ်ပညာရေး” ဆောင်းပါးသည် စာအုပ်ခေါင်းစဉ်နှင့် မကိုက်ညီသော်လည်း သိသင့်သိထိုက်သော အချက်အလက်များ၊ ဒေတာ (data) များပါရှိသဖြင့် ဖတ်မိသူများအဖို့ အကျိုးရှိလှသော ဆောင်းပါးပင် ဖြစ်သည်ဟု အမှတ်ပေးရမှာ ဖြစ်သည်။ ဗုဒ္ဓခေတ်ပညာရေးသည် အခမဲ့ပညာသင်ကြားခွင့်ရှိသော ပညာရေးဖြစ်ပြီး 'နာလန္ဒတက္ကသိုလ်' ကျောင်းတော်ကြီးရှိခဲ့သည်ဟူသော အချက်ကား ဂုဏ်ယူစရာပင်ဖြစ်သည်။ ဆင်းရဲသော ကလေးများကို အစားအစာနှင့် အဝတ်အထည်နေ့စဉ်လှူဒါန်းသော ဗာရာဏသီသူဌေးများ ရှိခဲ့သည်ကို ဤဆောင်းပါးဖတ်မှ ကျွန်တော်တို့ သိခဲ့ရသည်။ အံ့သြလေးစားဖွယ်ရာပင်ဖြစ်သည်။ ပညာရေး၏အဆင့်အတန်းကို ဖော်ပြနေသည်ဟု ကျွန်တော် ဆိုချင်ပါသည်။
ဆရာတင်ညွန့်၏ စာအုပ်အဖွင့်ဆောင်းပါးဖြစ်သော “ပညာခေတ်၊ ပညာရေး၊ ပညာတွေး” ဆောင်းပါး တွင် ကျွန်တော်သိထားသည်နှင့် အနည်းငယ်ကွာဟနေသော အချက်ကိုထောက်ပြလိုပါသည်။ ဆရာ “တက္ကသိုလ်ဘုန်းနိုင်” ၏ “ပညာရဲ့ သဘော” စာအုပ်တွင် Education သည် လက်တင်စကား Educere က လာသည်ဟုဆိုထားပြီး၊ ဤစာအုပ်တွင် Educare ဟု ဆိုထားပါသည်။ “သင့်ဘဝ မဂ္ဂဇင်း (ပညာရေးအထူးထုတ်)” မှ ကျွန်တော် မှတ်ထားသည်က Educatum ဖြစ်နေပါသည်။
စာလုံးပေါင်းအနည်းငယ် ကွာဟနေ၍ဘယ်ဟာအမှန် ဘယ်ဟာအမှား ဆိုတာကိုတော့ ကျွန်တော်တို့ ဆန်းစစ်ရမှာဖြစ်သည်။ ပညာရေးစကားလုံးဖြစ်၍ နည်းနည်းလေးမှ ကျွန်တော်တို့အမှား မခံနိုင်ပါ။
“ကမ္ဘာ့ပညာခေတ်အားလှမ်းမျှော်ကြည့်ခြင်း” စာအုပ်တွင် ပညာရေးကို တိုးတက်အောင်လုပ်မည်သာပါသည်။ ပညာရေးတိုးတက်အောင် ဘယ်လိုလုပ်မည်ဆိုတာ မပါပါ။ အထူးသဖြင့် သင်ကြားရေးအပိုင်းနှင့် သင်နည်း (Method) အပိုင်းကို ဖြုတ်ချထားခြင်းသည် ဤစာအုပ်၏ အဓိက အားနည်းချက်ပင်ဖြစ်သည်။ အကြောင်းအရာပိုင်းကို အပြည့်အစုံ မဟုတ်ဘဲပြောလိုသည့် အပိုင်းလောက်ကိုသာ တို့ထိတို့ထိကွက်ပြီး ပြောထား၍ အတောင်အလက်မစုံသလို ဖြစ်နေပါသည်။ ဒီ့ထက်ပြည့်ပြည့်စုံစုံ ဆွေးနွေးနိုင်လျှင် ပညာရေးလောကအတွက် ပို၍ အကျိုးများနိုင်လိမ့်မည်ဟု ကျွန်တော်ယူဆပါသည်။
စာရေးသူ ဆရာတင်ညွန့်၏ ပညာရေးတိုးတက်စေလိုသော စေတနာသည် ဤစာအုပ်၏ ပြေးအားအရှိန်အဟုန်များပင် ဖြစ်ပါသည်။ ပညာရေးအပေါ်ထားရှိသော စာရေးသူ၏ သဘောထားသည် ဤစာအုပ်၏ တန်ဖိုးပင်ဖြစ်ပါသည်။ ပညာရေးပြုပြင်ပြောင်းလဲမှုကို လက်ကမ်းကြိုဆိုနေသော စာရေးသူ၏အမြင်သည်ခေတ်မီသည့်အတွက် ပညာခေတ်နှင့် အံဝင်ခွင်ကျရှိနေခြင်းသည် ဤစာအုပ်၏ ဂုဏ်သိက္ခာပင်ဖြစ်ပါသည်။
ယနေ့ခေတ်ကမ္ဘာကြီးတွင် အရာအားလုံးကို အဆုံးအဖြတ်ပေးနိုင်သော အရာသည် ပညာရေးပင် ဖြစ်ပါသည်။ ကမ္ဘာကြီးကတောင်းဆိုသော ခေတ်သစ်လူနေမှုဘဝပုံစံသည် ပညာရေးတွင် ပုံရိပ်ထင်လာခဲ့သည်။ Speed နှုန်း မြန်ဆန်သော Brain power ခေတ်ကြီးကို အမှီလိုက်နိုင်ဖို့ အနာဂတ်ကို မျှော်မှန်းချက်ကြီးကြီးထားပါမှ၊ တစ်စက္ကန့်၊ တစ်မိနစ် မကျန်အောင် ကြိုးစားနေပါမှ ကျွန်တော်တို့ နိုင်ငံ၏ ပညာရေးဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်သည်။
ပညာရေးတိုးတက်လိုလျှင် …… “မထိရ၊ မကိုင်ရ” “မဝေဖန်ရ” ဟု ပိတ်ပင်မထားသင့်ပေ။ အဖျက်သဘောမဟုတ်ဘဲ အပြုသဘောဆောင်သော ဝေဖန်အကြံပျြုမှု မှန်သမျှကို လက်ခံကြိုဆိုသော ပညာခေတ်ကိုတော့ ကျွန်တော် အကြိမ်ကြိမ် အိပ်မက်မက်နေမိပါတော့သည်။
- ပညာရေးတွင် တံခါးများကိုဖွင့်ထားရမည်။ ပညာရေးတွင် ပိတ်ထားသောတံခါးများ မရှိသင့်။
- ပညာရေးသည် နိုင်ငံနှင့်လူမျိုး၏ အသက်ဝိညာဉ်ပင်ဖြစ်သည်။
- စာသင်ခန်းတွင် ကမ္ဘာကြီး၏ အနာဂတ်ရှိသည်။ တိုင်းပြည်အနာဂတ်သည် ဆရာများ၏ လက်ထဲတွင် ရှိနေသည်။
- အသိပညာသည် ရပ်တန့်နေရန်မဟုတ်။ ရှေ့ဆက်ခရီးနှင်ရန်ဖြစ်သည်။
- ဆော့ဖ်ဝဲတော်လှန်ရေးကြောင့် လက်ညှိုးလေးများ၏ ထိပ်တွင် ကမ္ဘာကြီးရှိနေပါသည်။
အရှေ့ကို လှမ်းမျှော်ကြည့်နေသူသည် ပညာခေတ် အရုဏ်ဦး၏ အလှတရားတွင် ဈာန်ဝင်စားနေခဲ့သည်။
သူ၏ အတွေးများသည် တိမ်တွေလို လွတ်လပ်ပေါ့ပါးနေခဲ့သည်။ နောက်ဆုံးတွင် အရှိန်အဟုန်အားကောင်းသော စိတ်ကူးများသည် မိုးကောင်းကင် တိမ်တိုက်တွေကြားတွင်
အထိန်းအကွပ်မဲ့ လွင့်မျောနေသည်ကို ကျွန်တော် တွေ့လိုက်ရပါတော့သည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။