Nine Nine Sanay @ နိုင်းနိုင်းစနေ
သူကြွယ်နှင့် သူတောင်းစား
____________________
ကျွန်တော် အင်္ဂလန်မှာနေတုန်းက ထူးဆန်းတဲ့နာမည်နဲ့ ဆိုင်တစ်ဆိုင်ကို တွေ့ခဲ့တယ်။ ဆိုင်နာမည်က “သူကြွယ်နှင့် သူတောင်းစား” ဖြစ်တယ်။ ဒါဟာ ကျွန်တော့်ကို စိတ်ဝင်စားမှုဖြစ်စေတဲ့ ကျွန်တော်ပထမဆုံးအကြိမ်တွေ့ဖူးတဲ့ အရာပါ။ ဆိုင်အပြင်အဆင်က ရှေးကျပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၂ဝဝ က အင်္ဂလန်ကို ပြန်ရောက်သွားသလို ခံစားရအောင် ခေတ်နောက်ပြန်ဆွဲ ပြင်ဆင်ထားပါတယ်။
ဆိုင်အဝင်ဝ ကောင်တာပေါ်မှာ အလှူခံသေတ္တာလေး တစ်လုံးချထားပါတယ်။ သေတ္တာပေါ်မှာ ဆိုမားရီးယား(Somalia)အတွက်လို့ရေးထားပြီး ဘေးမှာ လူမကြည့်ရက်တဲ့ အငတ်ဘေးကြုံ လူတွေရဲ့ပိုစတာပုံတစ်ခု ကပ်ထားပါတယ်။ စားသောက်ဆိုင်မှာ ဒီလိုပိုစတာကပ်ထားတာ နည်းနည်းတော့ အမြင်မကောင်းဘူးလို့ထင်ပြီး ဆိုင်ထဲကို ကျွန်တော် အမြန်ဝင်ထိုင်လိုက်ပါတယ်။ ဆိတ်ပေါင်နှပ်နဲ့ ၀ိုင်တစ်ခွက်မှာပြီး ကျွန်တော်ထိုင်စောင့်နေလိုက်တယ်။ အဲလိုစောင့်နေတဲ့ အချိန်အတွင်း ဒီဆိုင်နာမည်ကို ဘာဖြစ်လို့ “သူကြွယ်နဲ့ သူတောင်စား” လို့ ပေးထားရသလဲဆိုတဲ့ ကျွန်တော်ရဲ့သိလိုစိတ်က နှိုးထလာပြန်တယ်။
ဆိုင်ရှင်က ကျွန်တော့်ကို စိတ်ဝင်စားစရာပုံပြင်တစ်ပုဒ် ပြောပြခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်၁ဝဝ ကျော်လောက်က ဒီနေရာတစ်ဝိုက်လုံးကို မြို့စားကြီးတစ်ဦး ပိုင်ဆိုင်ခဲ့တဲ့အကြောင်း၊ မြို့စားကြီးဟာ အသက်(၆ဝ)ပြည့် မွေးနေ့မတိုင်မီတစ်ရက်မှာ ပန်းချီဆရာတစ်ဦးရှာပြီး သူ့အိမ်နဲ့ မိသားစုအားလုံးကို ပုံဆွဲခိုင်းစေခဲ့တဲ့အကြောင်း၊ ပုံကို ဒီဆိုင်ထဲမှာ ချိတ်ဆွဲထားတဲ့အကြောင်း ပြောပြတယ်။ ပုံကို ကျွန်တော်တွေ့တော့ ပုံထဲက သူဌေးလင်မယားက ဥပဓိရုပ်ခန့်ခန့်နဲ့ သားသားနားနားပါပဲ။ သူ့သားသမီးတွေက အိမ်ရှေ့ မြက်ခင်းပေါ်မှာ ထိုင်သူ ထိုင်၊ ရပ်သူ ရပ်၊ ကစားသူ ကစားနဲ့ ပန်းချီကားထဲက ရှုခင်းက တကယ့်ပျော်စရာအတိနဲ့ ဆွဲထားပါတယ်။
မွေးနေ့ပြီးတော့ မကြာဘူး.. မြို့စားပိုင်နက်ထဲမှာ ဝမ်းနည်းစရာ အဖြစ်တစ်ရပ်ပေါ်လာခဲ့တယ်။ လယ်သမားတစ်ဦးသေသွားတော့ ကျန်ခဲ့တဲ့ မကျန်းမမာ ဇနီးဖြစ်သူက ကလေး(၄)ယောက်နဲ့အတူ ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်ပါတယ်။ သနားစရာကောင်းတာက လယ်သမားဇနီးဟာ ကလေးတွေစားမယ့်အစာထဲ အဆိပ်အရင်ခတ်ပြီး ကလေးတွေ သေသွားတာကို ကြည့်ပြီးမှ ကိုယ့်ကိုယ် အဆုံးစီရင်လိုက်တာဖြစ်တယ်။
အဲဒီအဖြစ်အပျက် ဖြစ်ပြီးနောက်ပိုင်း မြို့စားဟာ ပန်းချီကားချပ်ကိုပဲ ငေးစိုက် ကြည့်နေတော့တယ်။ ဘာကြောင့်လဲလို့ လူတွေကမေးတော့ မြို့စားက မဖြေခဲ့ဘူး။ စိတ်ပူပြီး အတင်းမေးမှ ပန်းချီကားချပ်ထဲမှာ သူတောင်းစားနှစ်ယောက်ကို တွေ့မိတဲ့အကြောင်း၊ မြက်ခင်းပြင်မှာထိုင်ပြီး သူတို့ဆီ လက်ဖြန့်တောင်းနေတဲ့အကြောင်း၊ ဒါကို သူ့အိမ်သားတွေက မမြင်ချင်ဟန်ဆောင်ပြီး လျစ်လျူရှုထားတဲ့အကြောင်း ပြောပြပါတယ်။ ပန်းချီကားထဲက သူတောင်းစားနှစ်ယောက်ကို ဘာဖြစ်လို့ အရင်က သူ သတိမပြုခဲ့မိတာလဲဆိုတာကို မြို့စားကြီးက နားမလည်ခဲ့ဘူး။
ပန်းချီကားထဲက သူတောင်းစားနှစ်ယောက်ကို သူ့အိမ်သားတွေကလည်း မတွေ့ခဲ့ပါဘူး။ ဒါပေမယ့် သူတို့ ငြင်းခုန်မနေကြဘူး။ တစ်နေ့မှာ မြို့စားက အိမ်သားအားလုံးကို သူ့စာကြည့်ခန်းမှာ စုဝေးစေပြီး စကားတချို့မှာခဲ့တယ်။ အဲဒီစကားကို သားစဉ်မြေးဆက် မှတ်သားထားရမယ်လို့လဲ ပြောတယ်။ မြို့စားပြောလိုက်တဲ့စကားက ရိုးရိုးလေးပါပဲ “သေးငယ်တဲ့ နယ်နိမိတ်အတွင်းမှာ သူကြွယ်နဲ့သူတောင်းစား အတူတကွရှိနေတာဟာ ရှက်ဖို့ကောင်းတဲ့ အရာတစ်ခုပဲ ” ဆိုတာဖြစ်တယ်။
မြို့စားရဲ့သားစဉ်မြေးဆက်တွေကလည်း တော်ရှာပါတယ်။ သူတို့ဟာ စီးပွားရေး နယ်ပယ်မှာ အောင်မြင်သလို အားနည်းတဲ့ လူ့အဖွဲ့အစည်းကိုလည်း အမြဲတမ်း ကူညီခဲ့တယ်။ ဆိုင်ရှင်ရဲ့ ပြောပြချက်အရ အင်္ဂလန်မှာရှိတဲ့ မရှိဆင်းရဲသားတွေကို ကူညီစောင့်ရှောက်တဲ့စနစ်ကို မြို့စားကြီးရဲ့မျိုးဆက်ထဲက လူတစ်ဦးက လွှတ်တော်အစည်းအဝေးမှာ တင်ပြတောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဆိုင်ရှင်ပြောပြတဲ့ ရာဇဝင်ပုံပြင်ကိုနားထောင်ပြီး မှာထားတဲ့ အစားအစာတွေကို အရသာခံပြီး ကျွန်တော်သုံးဆောင်လိုက်ပါတယ်။ သောက်စားပြီးဗိုက်ဝလို့ အဝင်ဝနားကကောင်တာမှာ ငွေပေးချေတော့ ဆိုမားရီးယားအတွက် ရန်ပုံငွေကောက်ခံတဲ့ ပိုစတာကို ကျွန်တော် ကြည့်လိုက်မိပြန်တယ်။ ဒီတစ်ခါတော့ ကျွန်တော့်နားထဲမှာ “ပန်းချီးကားကို နောက်ပြန်လှည့်ကြည့်လိုက်” ဆိုတဲ့ အသံတိုးတိုးကို ကြားလိုက်မိသလိုပဲ။ ကျွန်တော် နောက်ပြန်လှည့်ပြီး ပန်းချီကားကို ကြည့်လိုက်မိတော့ ကိုယ့်မျက်စိကိုယ် မယုံနိုင်အောင်ဘဲ ပန်းချီကားထဲမှာ သူတောင်းစားနှစ်ယောက်ကို တွေ့လိုက်မိတယ်။ မျက်စိကိုပွတ်ပြီး ကျွန်တော် အနီးကပ် အသေအချာ ထပ်ကြည့်မိတယ်။ တကယ်ပဲ အ၀တ်အစား စုတ်စုတ်ပြတ်ပြတ်နဲ့ သူတောင်းစား နှစ်ယောက်ကို တွေ့လိုက်တယ်။
ကျွန်တော် အာရုံစူးစိုက်ပြီး ကြည့်မိတယ်။ ငွေပေးချေနေတုန်း ပန်းချီကားထဲ ကျွန်တော် နစ်မျောနေတာကို ဆိုင်ရှင်က တွေ့တော့ “ မစ်စတာ.. ခင်ဗျားဟာ သူကြွယ်တစ်ဦးဆိုတာ ခင်ဗျားကို ခင်ဗျားသိပါတယ်နော်” လို့ ပြောတယ်။ သူပြောတာကို ပြန်မဖြေဘဲ သဘောတူကြောင်း ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။ ပြီးတော့ အလှူခံသေတ္တာထဲ အလှူငွေတချို့ ကျွန်တော်ထိုးထည့်လိုက်မိတယ်။
ဆိုင်ရှင်က ကျွန်တော်ကို ဆိုင်တံခါးဝအထိ လိုက်ပို့ပြီး “ဂွတ်ဘိုင်.. မစ်စတာ ဘုရားသခင်က သင့်ရဲ့ဝိညာဉ်ကို ကောင်းချီးပေးပါစေ” လို့ နှုတ်ဆက်လိုက်တယ်။
ကျွန်တော်ခြေလှမ်း လေးငါးလှမ်းလှမ်းပြီး နောက်ကို ပြန်လှည့်ကြည့်ချင်လာတယ်။ ပန်းချီကားထဲမှာ ဘာဖြစ်လို့ သူတောင်းစာနှစ်ယောက်က ပါနေသလဲ..? ဒီပန်းချီကားကို မြို့စားက လူငှားပြီးဆွဲခိုင်းခဲ့တာ မဟုတ်လား...? သူတောင်းစားပုံကို ပန်းချီဆရာက သူ့သဘောနဲ့ ဘယ်ဆွဲထည့်ရဲမလဲ...?
ရုတ်တရက် ကျွန်တော် သဘောပေါက်နားလည်လိုက်ပါတယ်။ ပန်းချီကားထဲမှာ သူတောင်းစားပုံပါတယ်၊ မပါဘူးဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာ သိထားဖို့က “သေးငယ်တဲ့ နယ်နိမိတ်အတွင်းမှာ သူကြွယ်နဲ့သူတောင်းစား အတူတကွ ရှိနေတာဟာ ရှက်ဖို့ကောင်းတဲ့ အရာတစ်ခုပဲ” ဆိုတာပဲဖြစ်တယ်။
မူရင်းရေးသားသူ-- ထိုင်ဝမ်စာရေးဆရာ လီဂျာထုံ ( Chia-Tung Lee)
http://www.epochtimes.com/b5/5/2/16/n749820.htm
နိုင်းနိုင်းစနေ(Saturday, November 10, 2007)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။