shared by ThiThi on 18/02/17 - thevoicemyanmar.com - Education
အောင်မြင်တဲ့စွန့်ဦးတီထွင်သူ Jim Rohn ပြောတဲ့စကားတစ်ခွန်း ရှိပါတယ်။ “သင်ဟာ သင့်ဘဝမှာ ထိတွေ့မှုအများဆုံး လူငါးမျိုး ပေါင်းစပ်ထားတာပါ” တဲ့။ သင်ပေါင်းသင်းတဲ့ မိတ်ဆွေသူငယ်ချင်းတွေက သင့်ရဲ့ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ချက်တွေအပေါ် တစ်နည်းနည်းနဲ့ လွှမ်းမိုးမှုရှိပါတယ်။ ဒါကြောင့် သင့်ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို အရောက်သွားတဲ့အခါမှာ သင့်ကို အဆိပ်အတောက်ဖြစ်စေတဲ့ ဒီလူငါးမျိုးကို ရှောင်ကြဉ်ပါ။
(၁) အညည်းသမား
တချို့လူတွေက သူတို့အလုပ် မကောင်းကြောင်း သူတို့ဘဝကြီးက စိတ်ပျက်စရာကောင်းကြောင်း စသဖြင့် အမြဲလိုလို ညည်းတွားနေတတ်သလို ဆုံးရှုံးမယ့်အကြောင်း မလုပ်ဖို့အကြောင်းတွေ ပြောဆိုနေတတ်ပါတယ်။ သူတို့အနားမှာ ရှိနေတဲ့အခါ ကိုယ်ပါရောပြီး စိတ်ဓာတ်ခွန်အားတွေ ကျဆင်းလာတတ်ပါတယ်။
(၂) အခွင့်ထူးခံ
ဒီလူတွေကတော့ သူတို့ဟာ မွေးလာကတည်းက သူတို့မှာရပိုင်ခွင့်တွေ ရှိလာပြီး သူတို့ ဘာမှလုပ်စရာမလိုဘူးလို့ ထင်နေတတ်ပါတယ်။ သင်က သင့်ရဲ့ရည်မှန်းချက်တွေကို အားသွန်ခွန်စိုက် အကောင်အထည်ဖော်မယ့် အခါတိုင်း သူတို့က ပိတ်ပင် တားဆီးပါလိမ့်မယ်။ ဘယ်သူမဆို လောကမှာ တစ်ခုခုရချင်ရင် တစ်ခုခုကို ရင်းနှီးရတယ်ဆိုတာ မမေ့လိုက်ပါနဲ့။
(၃) ရေစီးကြောင်းမျှောလိုက်သူ
ဒီလိုလူမျိုးတွေကတော့ အတွေ့ရအများဆုံးပါပဲ။ သူတို့ရဲ့ နေ့စဉ်ဘဝဟာ အိပ်ရာထ၊ အလုပ်သွား၊ အလုပ်ပြန် စသဖြင့် သံပတ်ပေးသလို လည်ပတ်နေပြီး သူတို့မှာပြင်းပြတဲ့ အိပ်မက်တွေလည်း မရှိကြသလို လမ်းသစ်ဖောက်ထွက်လိုစိတ်လည်း မရှိကြပါဘူး။ သူတို့ဘဝနဲ့သူတို့ အဆင်ပြေနေတယ် ဆိုပေမယ့် သင့်အနေနဲ့ကတော့ ပုံမှန်အတိုင်း လည်ပတ်နေရင် ပုံမှန်ပဲဖြစ်လာပါမယ်။
(၄) ပွဲသမား
သူတို့က တစ်ပတ်မှာငါးရက်လောက် ညနေအလုပ်ဆင်းတိုင်း အလည်အပတ်ထွက် ပါတီပွဲတက် လုပ်နေတတ်ပါတယ်။ သူတို့ကိုပေါင်းရတာ ပျော်စရာတော့ကောင်းပါတယ်။ ဒါပေမဲ့ သူတို့ကြောင့် သင့်ရဲ့ ရည်မှန်းချက်တွေဆီက လမ်းချော်သွားတတ်တယ် ဆိုတာကို သတိပြုပါ။
(၅) သံသယကြီးသူ
ခမ်းနားတဲ့ အိပ်မက်တွေအကြောင်း သင်ပြောနေတဲ့အခါ သံသယကြီးသူတွေက အဆုံးအထိ နားထောင်ပေးပါလိမ့်မယ်။ ဆုံးတဲ့အခါ သင့်ရဲ့ အိပ်မက်တွေ မဖြစ်နိုင်ရတဲ့ အကြောင်းပြချက်တွေကို ရှာဖွေပြီး ပြောပြပါလိမ့်မယ်။ သူတို့အယူအဆက သင့်အနေနဲ့ ကြီးကျယ်ခမ်းနားတာ တစ်ခုခုလုပ်ဖို့ နဂိုကတည်းက ကြီးကျယ်ခမ်းနားသူ ဖြစ်နေရမယ်ဆိုတာပါ။
Ref : success.com
Credit: the voice
searchmyanmar
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။