Bamaw Thein Pe added 3 new photos.
#အသေးအဖွဲ
ခြောက်ပြစ်ကင်း သဲလဲစင်။ စင်းလုံးချော။ အပြစ်ဆိုဖွယ်ရာ မရှိ။ အကောင်းတကာ့ အကောင်းဆုံး။ ဒါတွေဟာ ကောင်မလေးတစ်ယောက်ရဲ့ အလှအပကို ချီးမွမ်းနေတာ မဟုတ်ပါဘူး။
အောင်မြင်ချင်ရင် မိမိလုပ်နေတဲ့ အလုပ်ကို အဲဒီလို ဖြစ်အောင် လုပ်ရမယ်လို့ ပြောပြချင်တာပါ။
လွန်ခဲ့တဲ့ အနှစ် ၅၀၀ က အီတလီနိုင်ငံက မိုက်ကယ်အိန်ဂျယ်လိုကို ယနေ့ထိ
အကြီးကျယ်အထင်ရှားဆုံး ပန်းချီ၊ ပန်းပုအနုပညာရှင်ကြီးလို့ ကမ္ဘာက
သတ်မှတ်ထားကြတယ်။ သူ ထုလုပ်ခဲ့တဲ့ ပန်းပုရုပ်တွေ၊ သူ ရေးဆွဲခဲ့တဲ့
ပန်းချီးကားတွေဟာ ဒေါ်လာသန်းချီ တန်ပါတယ်။ သူ့ရဲ့ အံ့ချီးဖွယ်ကောင်းအောင်
လှပတဲ့ ပန်းချီလက်ရာတွေကို အီတလီနိုင်ငံ ဗါတီကင်မြို့က
စိန်ပီတာဘုရားရှိခိုးကျောင်းတော်ကြီးရဲ့ မျက်နှာကျက်မှာ တွေ့မြင်ရမှာ
ဖြစ်သလို သူ့ရဲ့ အံ့သြစရာကောင်းလောက်အောင် အနုစိပ်ထုထားတဲ့
ပန်းပုရုပ်တွေကိုလည်း ဘုရားကျောင်းတော်ကြီးရဲ့ ပတ်ပတ်လည်မှာ
တွေ့မြင်ရမှာပါ။ အဲဒီလက်ရာတွေကို မြင်တွေ့သူတိုင်းရဲ့ စိတ်ထဲမှာ ခုလို
ခံစားရပါတယ်။
- "ခြောက်ပြစ်ကင်း သဲလဲစင်။ စင်းလုံးချော။ အပြစ်ဆိုဖွယ်ရာ မရှိ။"
သူ ဘာကြောင့် အဲဒီလောက် ကြီးကျယ်ရတာလဲ။ အဲဒီလောက် နာမည်ကြီးရတာလဲ။
တနေ့ မိုက်ကယ်အင်ဂျယ်လိုဟာ သူ့အိမ်မှာ ရုပ်ထုတစ်ခုကို ထုလုပ်နေစဉ်မှာ သူ့သူငယ်ချင်းတစ်ယောက် လာလည်တယ်။ သူနဲ့ စကားပြောပြီး ပြန်သွားတယ်။
တပတ်အကြာမှာ အဲဒီသူငယ်ချင်းဟာ မိုက်ကယ်ရဲ့အိမ်ကို အလည်ရောက်လာပြန်တယ်။ မိုက်ကယ်ဟာ ထုလုပ်နေတဲ့ ရုပ်ထုဟာ အရင်တပတ်ကထက် ထူးထူးခြားခြား မပြီးသေးပါဘူး။ သူက မိုက်ကယ်ကို မေးလိုက်တယ်။ ပန်းပုရုပ်ကို ထုလုပ်နေတာ ဘာကြောင့်ကြာနေရတာလဲလို့။
မိုက်ကယ်က ခုလို ပြန်ဖြေလိုက်တယ်။
- "ငါ မျက်နှာပိုင်းကို အချောသတ်နေတာ။ မျက်နှာထားက နည်းနည်းတင်းနေလို့ ဖြေလျော့ပေးနေတာ။ နောက်ပြီး သူ့လက်မောင်းက ကြွက်သားနည်းနည်းများနေလို့ လျှော့ပေးနေတာ။ သူ့ဗလနဲ့ သူ့မျက်နှာ လိုက်အောင် ညှိပေးနေလို့ ကြာနေတာ
သူငယ်ချင်းက
- "အော်၊ အဲဒါကြောင့်လား။ အဲဒါတွေက အသေးအဖွဲလေးတွေပါကွာ။ လူတွေ သတိမထားလောက်ပါဘူး" လို့ ပြောလိုက်တယ်။
မိုက်ကယ်က
- "မင်းတို့အတွက်တော့ အသေးအဖွဲပေါ့ကွာ။ ဒါပေမဲ့ အသေးအဖွဲကို ဂရုမစိုက်ရင် စင်းလုံးချော သဲလဲစင်ကို ရမှာမဟုတ်ဘူး။ စင်းလုံးချောလိုချင်ရင် အသေးအဖွဲဆိုပြီး လွှတ်လိုက်လို့ မရဘူးကွ" လို့ ပြန်ပြောတယ်။
အနှစ် ၅၀၀ လောက်က ပြောခဲ့တဲ့ ပန်းချီ၊ ပန်းပုပညာရှင် မိုက်ကယ်ရဲ့ စကားဟာ ယနေ့အထိ မှန်ကန်နေပါတယ်။ သင် အောင်မြင်ချင်သလား။ သင်လုပ်နေတဲ့ အလုပ်မှာ အသေးအဖွဲဆိုပြီး ဂရုမစိုက်ဘဲ မနေပါနဲ့။ အသေးအဖွဲကို ဂရုမစိုက်ရင် သင်ဟာ ဘယ်တော့မှ အောင်မြင်သူ ဖြစ်မှာ မဟုတ်ဘူး။
လကို ချိန်ပြီး ပစ်ပါ။ လပေါ် မရောက်တောင် ကြယ်တစ်စင်းပေါ်တော့ ရောက်ပါလိမ့်မယ်။
ဗန်းမော်သိန်းဖေ
၁၁-၀၃-၂၀၁၇

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။