Bamaw Thein Pe added 2 new photos.
သားငယ်ရဲ့ Myanmar Idol မှာ ပထမဆုကြီးကို ဆွတ်ခူးသွားတာကို ရုပ်မြင်သံကြားမှာ ကြည့်နေရချိန်မှာ သူ့အတွက် ဝမ်းသာကြည်နူးမိသလို တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော့်ခေါင်းထဲမှာ ၁၉၇၉ ခုနှစ်က Kramer vs Kramer ရုပ်ရှင်ကားနဲ့ ဟောလီးဝုဒ်က အကောင်းဆုံးသရုပ်ဆောင် မင်းသားဆုရသွားတဲ့ မင်းသား ဒတ်စတင်ဟော့ဖ်မင်း Dustin Hoffman ကို သတိရမိလိုက်ပါတယ်။
ဒတ်စတင်ဟော့ဖ်မင်းဟာ အရပ်က ပုပု၊ နှာခေါင်းကြီးကြီးနဲ့မို့ ရုပ်ရှင်မင်းသားတစ်ယောက် ဖြစ်လာနိုင်စရာ မရှိပါဘူး။ သူ အော်စကာဆုရချိန်မှာ အသက် ၄၂ နှစ်ရှိနေပါပြီ။ အော်စကာဆုမရခင်အချိန်ထိ သူဟာ မထင်မရှား ရုပ်ရှင်ကားအနည်းငယ်မှာပဲ သရုပ်ဆောင်ခဲ့ရလို့ လူတွေဟာ သူ့နာမည်ကိုတောင် မကြားဖူးကြပါဘူး။
ဟောလီးဝုဒ်မှာ အကယ်ဒမီဆု တက်ယူပြီး နောက်တနေ့ထုတ် သတင်းစာတွေမှာ သူ့ကို
ညတွင်းချင်း အောင်မြင်သွားသူလို့ ချီးကျူးသလိုလို၊ လှောင်ပြောင်သလိုလို
ရေးသားဖေါ်ပြကြတယ်။
ရက်အနည်းငယ်ကြာမှာ သူက ညစာနဲ့ တည်ခင်းကျွေးမွေးဧည့်ခံတယ်။ သတင်းစာသမားတွေလည်း တက်ရောက်ကြတယ်။ အဲဒီမှာ သူက ခုလို ပြောပါတယ်။
- "ကျွန်တော့်ကို သတင်းစာတွေက ရေးကြတယ်။ ညတွင်းချင်း အကြီးအကျယ် အောင်မြင်သွားသူတဲ့။ မှန်ပါတယ်။ ကျွန်တော် ညတွင်းချင်း အောင်မြင်ခဲ့တာပါ။ ဒါပေမဲ့ အဲဒီညဟာ နှစ်ပေါင်း ၂၀ ကြာခဲ့ပါတယ်"
အဲဒီစကားရဲ့ အဓိပ္ပါယ်က သူ အောင်မြင်မှုရတဲ့အထိ ရုပ်ရှင်လောကမှာ အနှစ် ၂၀ ကြိုးစားခဲ့ရတယ်လို့ ဆိုလိုတာပါ။
အခုလည်း သားငယ်ရဲ့ အောင်မြင်မှုကို လူတွေက ပြောကြပါလိမ့်မယ်။ အကြော်ရောင်းသူကနေ နိုင်ငံကျော်တစ်ယောက် ဖြစ်လာခဲ့လို့ ကံကောင်းသူတစ်ယောက်၊ ညတွင်းချင်း အောင်မြင်သွားသူတစ်ယောက်လို့။ တကယ်တော့ သားငယ်ဟာ တစ်ဖက်က စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားရင်းနဲ့ သူ့အိပ်မက်ကို ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ အကောင်အထည်ဖေါ်ခဲ့သူ၊ သူများတွေ လှောင်ပြောင်ကဲ့ရဲ့တာကို ဂရုမစိုက်ဘဲ သူဖြစ်ချင်တာရဖို့ လုပ်နေခဲ့သူပါ။ သူ နှစ်ပေါင်းဘယ်လောက်ကြာအောင် ကြိုးစားခဲ့ရတယ်ဆိုတာကို ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ သူဟာ ညတွင်းချင်းအောင်မြင်ခဲ့သူတစ်ယောက် လုံးဝမဟုတ်ဘူးဆိုတာပါ။
သားငယ်ရဲ့ အိပ်မက်ကို မဖြစ်ဖြစ်အောင် လုပ်တတ်တဲ့ စိတ်ဓါတ်၊ ဖြစ်အောင်လုပ်ရင် ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ယုံကြည်ချက်၊ သူ့ရဲ့ မဆုတ်မနစ် ကြိုးပမ်းအားထုတ်မှုတွေကို လူငယ်တွေ သင်ခန်းစာယူနိုင်ကြပါစေ။
အောင်မြင်မှုဆိုတာ ကံကောင်းလို့ ရတာ မဟုတ်ပါ။ ကြိုးစားမှုကြောင့်ပါ။
ဗန်းမော်သိန်းဖေ
၂၇-၀၃-၂၀၁၇

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။