ဗမာ့ စတီရီယို ဂီတ လောက မှာ ရှမ်း ဂီတစာဆို စိုင်းခမ်းလိတ် ဟာ သူ့ရဲ့ များပြားလှတဲ့ သီချင်းဇာတ်လမ်းဖွဲ့မှုတွေနဲ့ နာမည်ကျော်ခဲ့သလို သီချင်းများကတဆင့် ပုံဝတ္ထု ဇာတ်လမ်းတွေ အများအပြား ပြောပြခဲ့သူ နောက် တဦးကတော့ ကရင် ဂီတပညာရှင် စောဘွဲ့မှူး လို့ ဆိုနိုင်တယ်။ နေ့စဉ်လူမှုဘဝ ထဲမှာ သူသူငါငါ ကြုံတွေ့ရတတ်တဲ့ လူ့သဘာဝ ဖြစ်ရပ်လေးတွေ၊ သင်ခန်းစာ ယူစရာ သံဝေဂကျစရာလေးတွေ အကြောင်းရာစုံကို သူဖွဲ့သွားနိုင်ခဲ့တယ်။
လူ့လောက ဇာတ်ထုပ် မျိုးစုံကို လှစ်ဟပြခဲ့တာ ဖြစ်တာကြောင့် သူ့ဖွဲ့သမျှ ဟာ ကိုယ်တွေ့တော့ မဖြစ်နိုင်ပါ။ ဒါပေမယ့် အငှားခံစား ဖွဲ့သီ ပုံဖော်နိုင်စွမ်းတဲ့ အနုပညာအားကောင်းတော့ သူ့ရဲ့ သီချင်းဇာတ်လမ်းတွေ တိုင်းက ခံစားမှု ရသ ကို ပေးနိုင်စွမ်းတယ်၊ အသိတရား အမြင် တွေ့ရှိမှု တခုခုကို လမ်းညွှန် နိုင်စွမ်းတယ်။
မပြည့်စုံတဲ့ အစိုးရဝန်ထမ်း သားသမီး ဘဝ ခံစားမှု ဇာတ်လမ်း “ပျော်တာပေါ့ အမေရယ်”။ လူကြမ်းမင်းသား၊ စတန့်မင်သား တယောက် ဘဝ “သုခုမရဲ့ကျေးကျွန်ကြီး”။ တောထဲတောင်ထဲက ဆင်လုပ်သား သစ်ထုတ်ရေးသမားများ အကြောင်း “ရိုးမရဲ့ညနေ”။ အိမ်ထောင်ရေး အဆင်မပြေတဲ့ မိဘ ရဲ့ သားသမီး ခံစားချက် “ခရစ္စမတ်ကိုကြောက်တယ်”။ လူ့လောက နဲ့ အံချော်နေတဲ့ စည်းအပြင်ကလူ ဘဝ ဖော်ကျူး “ကြက်ခြေခတ်”၊ “မှားတဲ့ဘက်မှာနေကြည့်မယ်”။ လမ်းပေါ်က မိဘမဲ့ ကလေးငယ် “ဆိုးပေ”။
တောသားမြို့ရောက် ရဲ့ အချစ်သင်ခန်းစာ “အေးပုံကိုချစ်တယ်”။ မိဘနဲ့ ဆန့်ကျင် လျှောက်လမ်းခဲ့ရတဲ့ ဂစ်တာသမား ဘဝ “ဂစ်တာလူ လေး”။ ဘဝရဲ့ အနိမ့်အမြင့် လောကဓံ “လေကြောင့် ငွေကြောင့် မလွင့်ပါ”။ အငှား စိတ်ကူးယဉ် တွေးတော အများအတွက် ဖျော်ဖြေ ရေးသားပေးနေရတဲ့ သီချင်းရေး ဆရာ၊ စာရေးဆရာရဲ့ ချို့ငဲ့တဲ့ ဘဝ ပုံဖော် “မောတယ်”။ ဗမာပြည် အခြေအနေ နောက်ခံမှာ ချဲ့ထွင် စဉ်းစားစရာ အများကြီး ပေးနိုင်တဲ့ အတွေးတခု ကို “ကျားဟာ ကျားလို နေဖူးရဲ့လား” ဆိုကာ အံမဝင် ခွင်မကျ နေရာမှား အချုပ်လှောင် ခံနေရရှာတဲ့ တိရစ္ဆာန်ရုံ မြင်ကွင်းလေးနဲ့ ပုံဖော်တဲ့ “တောပန်းချီကား”။ တင်စားဖွဲ့နွဲ့ခံ အမျိုးသမီး နာမည်များ အမျိုးမျိုးနဲ့ အချစ်သီချင်း အမြောက်အမြား အစရှိတဲ့ မဆုံးနိုင်တဲ့ စာရင်းရှည်ကြီး ရပါမယ်။
လူ့လောက အကြောင်း အဖွဲ့ကောင်းခဲ့သူ ပုံပြောဆရာကြီး စောဘွဲ့မှူးရဲ့ ဂီတ ဘဝကို ပြန်သုံးသပ်ရင် အရေး၊ အဆို၊ အတီး၊ ဂီတမှူး စွယ်စုံ ရမှု က သူ့ရဲ့ ထူးခြားတဲ့ ပါရမီလို့ ဆိုရပါမယ်။ သူလုပ်ခဲ့သမျှ ဂီတအလုပ်အားလုံးဟာ အနုပညာအရ၊ ဂီတသဘောအရ အောင်မြင် လူလေးစား ခံခဲ့ရတယ်။
အရေးမှာ ဆိုရင် ကိုယ်ပိုင်သံစဉ်၊ နိုင်ငံခြား သံစဉ်မှီး သီချင်း အမျိုးစားစုံ ရာချီ ရေးခဲ့ပြီး အပုဒ်တိုင်းလိုလို လူကြိုက်များခဲ့တယ်။ တချို့ သီချင်းတွေက စထွက်စဉ်မှာ ခေတ်ကာလ လူအများ နားဝင်လွယ်တဲ့ ဂီတပုံစံမျိုး မဟုတ်ဘဲ ခေတ်ကိုကျော် နေလို့ မအောင်မြင်ခဲ့တာမျိုးတွေ ရှိခဲ့ပေမယ့် နောက်ပိုင်း (၁၀/၁၅) နှစ်ခြား ပြန်ဆိုကြရင် သီချင်းတိုင်းလိုလို ပေါက်သီချင်းဖြစ် ပရိသတ် ခံတွင်းတွေ့ကြတာချည်းပါပဲ။
၁၉၉၀ ခုနှစ်များ ရဲ့ ရော့ခ်ပရိသတ် လူငယ်များဟာ စောဘွဲ့မှူး ရေး သီချင်းအများစုကို သူ ဆုံးပြီးချိန် သူ့ အမှတ်တရ ပြန်ဆိုကြတော့မှ ကြားဖူးခဲ့ကြတာ များတယ်။ သူရေး ရော့ခ် အပြင်းစား သီချင်းမျိုးကို ကြားရချိန်မှာ လူငယ်များ အံ့သြတုန်လှုပ် ဖျားကုန်ကြတယ်။ ကိုယ်ပိုင်သံစဉ် ကိုပဲ ဒီလို နိုင်ငံတကာ တန်းဝင် အီလက်ထရောနစ် ဂီတ သီချင်း အပြင်းစား တွေ သူ ဘယ်ခေတ် က ဖန်တီးခဲ့ပြီး ဘယ်သူတွေ ဆိုခဲ့သလဲ၊ ဘာ့ကြောင့် မအောင်မြင်ခဲ့သလဲ၊ နှမြောတသ ဖြစ်ကြတယ်။ တကယ်လည်း သူဟာ အနောက်တိုင်း ဂီတစနစ် အခြေခံ သီချင်း ပုံစံမျိုးစုံ ကို ကိုယ်ပိုင် ဂီတ အဖြစ် စုတုပြုရင်း ကိုယ်ပိုင်ဟန် ဖန်တီးနိုင်ခဲ့တယ်၊ တချို့ သီချင်းတွေက ခေတ်နဲ့ သိသိသာသာ လမ်းခွဲ ထွက်ခဲ့ပြီး ခေတ်ကို ဦးဆောင်ခဲ့တယ်။ မြန်မာသံ စစ်စစ် သီချင်း တွေလည်း သူ ရေးခဲ့ဖူးတယ် လို့ သိရတယ်။
ဂစ်တာ အတီသမား တယောက် အနေနဲ့လည်း သူဟာ နိုင်ငံတကာ ကို အမြဲ မျက်ခြည်မပြတ် စောင့်ကြည့်လေ့လာ သင်ယူရင်း တီးဟန်၊ တီးကွက် အသစ်တွေ ဗမာပြည်မှာ စွန့်ဦး တီထွင် လမ်းကြောင်းပေးခဲ့သူ တဦးပါ။ စောဘွဲ့မှူးကို ၈၀ ခုနှစ်များ ရဲ့ ဗမာ့ ထိပ်တန်း ဂစ်တာ သမား တယောက်လို့ ဂီတလောကသားများ အငြင်းပွားဖွယ် မရှိ လက်ခံခဲ့ကြတယ်။
သူ့ရဲ့ ဂစ်တာသမားဘဝ၊ ဂီတမှူးဘဝဟာ ၁၉၇၀ နှစ်များကတည်းက စခဲ့ပြီး ရုပ်ရှင်နောက်ခံတေးပေါင်းများစွာ၊ တေးစုပေါင်းများစွာ မှာ ဂီတ ဖန်တီး စီမံ ပါဝင်ခဲ့တယ်။ ဗမာပြည်ရဲ့ အထင်ကရ တေးဂီတ အဖွဲ့ အရေအတွက် အများအပြားကို (နောက်ဆုံး Iron Cross အထိ) ဦးဆောင် ထူထောင်ပေးခဲ့သူလည်း ဖြစ်တယ်။ လူငယ် အဆိုတော်ပေါင်းမြောက်မြားစွာ၊ ဂစ်တာသမားပေါင်း များစွာ၊ အခြား ဂီတအတီး ပညာရှင်ပေါင်း များစွာကိုလည်း လေ့ကျင့်သင်ကြား မြေတောင် မြှောက်ပေး ခဲ့သူ၊ အောင်မြင်မှု လမ်းကြောင်းပေါ် တွန်းတင် ပေးခဲ့နိုင်သူပါ။။
ကိုယ်တိုင် အဆို အနေနဲ့လည်း တကိုယ်တော် တေးစု တခု နဲ့ အုပ်စုတေး တချို့ ဓမ္မတေးစုများမှာ သီဆိုခဲ့ပါသေးတယ်။ တကိုယ်တော် ကိုယ်တိုင် ရေး/ဆို တေးစု “သီချင်းပြောသော ပုံပြင်များ” ဟာ စီးပွား သဘော မအောင်မြင်ခဲ့ပေမယ့် အနုပညာ အရ အောင်မြင်ခဲ့တယ်။ ဂီတဝါသနာကြီး ကိုယ်တိုင် ဖန်တီးနိုင်စွမ်းရှိ၊ တော်သူတွေ ဖြစ်လေ့ ရှိတဲ့ အတိုင်း ကိုယ်တိုင်ဆို အခွေ ထုတ်ရာမှာ ဂီတပုံစံ အမျိုးစားစုံ စုပြုံ ထည့်လိုက်လို့သာ ၁၉၈၀ ခုနှစ်များ အဲ့ဒီ တေးစု ထွက်ချိန် ဈေးကွက်မှာ အဝယ်မလိုက်ခဲ့ပေမယ့် အခွေပါ သီချင်း အများစုဟာ တပုဒ်ချင်း အနေနဲ့ နောက်ပိုင်းမှာ အဆိုတော် အများအပြား ပြန်ဆိုကြရင်း ပရိသတ်အကြိုက် ဖြစ်ခဲ့တာပါပဲ။
အဲ့ဒီ တေးစု ကို အခုအချိန် မှာ ပြန်နားထောင်ကြည့်ပါ။ ရော့ခ်၊ ပေါ့၊ ဒစ္စကို ကနေ အဲ့ဒီခေတ် နားမယဉ်သေးတဲ့ ရက်ပ်သီးချင်းဆန်ဆန် ပုံစံ အထိ ရသစုံပေးနိုင်တာကို တွေ့ရပါမယ်။ ဒါ့အပြင် သီချင်းစာသား အကြောင်းအရာပိုင်းကိုကြည့်ရင်လည်း “သီချင်းပြောသော ပုံပြင်များ” ဆိုတဲ့ အတိုင်း သီချင်းဇာတ်လမ်း အမျိုးမျိုး နဲ့ လူ့ ဘဝ အမော၊ အသော၊ အလွမ်း၊ အဆွေး၊ ချစ်ခြင်း မေတ္တာ အဖုံဖုံ ကို ပုံဖော် ဖွဲ့နွဲ့ခဲ့တယ်။
ဒီလို ရေး/ဆို/တီး/ဂီတ စီမံ အပြင် သူဟာ ဂီတဝေဖန်ရေး ဆရာ အဖြစ်လည်း ဗမာ ဂီတ လောက နဲ့ တေးစုတွေကို သုံးသပ်တဲ့ စာတွေ ရေးခဲ့ပါသေးတယ်။ ဂီတ နဲ့ ပတ်သက်သမျှ အနုပညာရပ်ပိုင်းဆိုင်ရာ အလုပ်မျိုးစုံ လုပ်သွားခဲ့သူလို့ ဆိုရပါမယ်။
သူ့ရဲ့ အစောပိုင်း လူငယ် ဘဝ ဂီတလောက စတင်ခြေချ ချိန် ကို ခြေရာကောက် လိုက်ကြည့်ရင် စတီရီယို ခေတ်ဦး ၁၉၇၁/၇၂ တဝိုက် စိန်သစ် ရဲ့ အခွေမှာ သူရေးသီချင်း တချို့ ပါခဲ့တယ်လို့ သိရတယ်။ ဘာသီချင်းတွေ ဆိုတာတော့ အတိအကျ လိုက်လို့ မရသေးပါဘူး။ အဲ့ဒီ အချိန် သူ့ အသက် ရှိလှ ၁၆/၁၇ ပေါ့။ အဲ့ဒီလို အရွယ်ငယ်ငယ် နဲ့ပဲ ဂီတပါရမီ ကို ပြနိုင်ခဲ့သူပါ။ အဲ့ဒီတုန်းက ငယ်နာမည် “ဇော်ဝင်း” အပြင် အနုပညာ အမည် အဖြစ် “ဇာလှိုင်း” ကို သုံးစွဲခဲ့ချိန်ပါ။
အသက် (၂၀) ကျော် အရွယ် ၁၉၇၆/၇၇ တဝိုက်မှာ မိတ်ဆွေ ဂစ်တာ သမား စိုးစိုး (လွှမ်းမိုး) ရဲ့ "မအေးကိုချစ်လို့ပါ (ဇင်မ/ကျွန်းဆွယ် စမ်းစမ်းအေး) စုံတွဲ" တေးစု မှာ နောင် ဗမာ့ ကိုယ်ပိုင်သံစဉ် စတီရီယို သီချင်း ကဏ္ဍ မှာ ဂန္တဝင်တွင် စေမယ့် သီချင်း များကို ဖန်တီးပေးခဲ့နိုင်တယ်။ နောင်ပိုင်း တလျှောက်လည်း လွှမ်းမိုးနဲ့ လက်တွဲ ခဲ့ပြီး လွှမ်းမိုး ရဲ့ အောင်မြင်မှု ကို ခိုင်မာ စေခဲ့တယ်။ "မအေးကိုချစ်လို့ပါ” တေးစုပါ “ဘာ့ကြောင့်” တို့၊ “လေကြောင့်ငွေကြောင့် မလွင့်ပါ” တို့ဆိုရင် ဒီဘက်ခေတ်တွေ အထိ ထူးအိမ်သင် ပြန်လည် သီဆိုမှု နဲ့ အတူ လူကြိုက်များ အောင်မြင်မှု ရခဲ့တယ်။
၁၉၇၈ မှာ ဘိုဘိုဟန် နဲ့ တခြမ်းစီ ထွက်ခဲ့တဲ့ အောင်မြင် ရဲ့ ကိုယ်ပိုင်သံစဉ် တေးစု မှာလည်း “မိုးသိပါစေ"၊ "နန်းမိုးခမ်း"၊ "လိမ့်ကျရင်မနာဘို့ (အချစ်သမားတော်)" လို သီချင်းကောင်းတွေ ရေးစပ်ပေးခဲ့ပြီး အဲ့ဒီ သီချင်းတွေ အားလုံး ရေရှည်ခံ ခေတ်အဆက်ဆက် ပြန်ဆိုမှုပေါင်းများစွာနဲ့ လူသိများ ရေပန်းစားခဲ့တယ်။
၁၉၇၈ တဝိုက် မှာ ဗမာ့ ကိုယ်ပိုင်သံစဉ် ရော့ခ်ဂီတ ရဲ့ ရှေ့ဆောင် ပုဂ္ဂိုလ်ကြီးတွေ ဖြစ်လာမယ့် ဆလိုင်းသွှအောင်၊ ဆလိုင်း ဂျွန်သင်ဇမ်း ရောင်းရင်း နှစ်ဦး နဲ့ အတူ သူတို့ရဲ့ တေးစု တွေမှာ သီချင်း အရေး၊ အတီး၊ ဂီတ စီမံခန့်ခွဲမှုတွေ လုပ်ခဲ့တယ်။ ထွက်လာတဲ့ ရလဒ် ကတော့ ကိုယ်ပိုင်သံစဉ် စတီရီယိုသီချင်း သမိုင်းမှာ မှတ်ကျောက် တင်ခံနိုင်တဲ့ “အဆောင်သူရဲ (သွှအောင် နဲ့ တွဲရေး)၊ အငိုနဲ့မိတ်ဖွဲ့သူ (ဂျွန်သင်ဇမ်း စာသား)၊ စတိတ်ရှိုးဘုရင်မ၊ အချစ်ရဲ့အားမာန်၊ မှားတဲ့ဘက်မှာ နေကြည့်မယ်၊ ပဲ့ကိုင်၊ ဖေဖေ့ ဒိုင်ယာရီ၊ ဝေးလွင့်ခြင်းရဲ့ နောက်ဆုံးခြေရာ (၂) လို ခေတ်တိုင်း မှာ ကျန်ရစ်မယ့် သီချင်းကောင်းတွေပါပဲ။
သူတို့ တတွေ ငယ်ငယ်ရွယ်ရွယ်ကလေးတွေနဲ့ အများ မိုးခါးရေ သောက်တဲ့ အချိန် လိုက်မသောက် ဈေးကွက် အောင်မြင်မှု ကို မတပ်မက်ဘဲ မအောင်မြင်ချင်ရင် နေပါစေ၊ အနုပညာကျန်ရင်ပြီးပြီ ဆိုတဲ့ စိတ်ဓာတ် ဇွဲ သတ္တိ နဲ့ ကိုယ်ပိုင် ဖန်တီး ကိုယ်တိုင် လမ်းထွင် လမ်းဖောက်ခဲ့ကြတာဟာ တကယ့်ကို အံ့သြ ချီးမွမ်းဖွယ်ပါ။
၁၉၈၀ ခုနှစ်များမှာတော့ ဗမာ့ ကိုယ်ပိုင်သံစဉ် စတီရီယို ဂီတလည်း အတော့်ကြီးကို အခြေတည်လာ၊ ဂီတပညာရှင်များ လူစုံ၊ လိုင်းစုံ ပေါ်လာပါပြီ။ ကိုယ်ပိုင်သံစဉ်သမား အများအပြားလည်း ဈေးကွက်မှာ အောင်မြင်မှု စရနေကြပါပြီ။ အဲ့ဒီအချိန်မှာ စောဘွဲ့မှူးဟာ စိုးပိုင်၊ လွှမ်းမိုး၊ ကိုင်ဇာ အစရှိတဲ့ အဆိုတော်ကြီးများ အတွက် ပုံမှန် သီချင်းရေးပေးခဲ့သလို အဆိုတော် အသစ်တွေကိုလည်း စတင် တင်ပေးခဲ့တာ တွေ့ရတယ်။
အဲ့ဒီထဲက အသိအမှတ် ပြုထိုက်တာ တခုက ထွက်ချိန်မှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တယ် မဆိုနိုင်ပေမယ့် နောင် ဂီတသမိုင်းမှာ နေရာပေး ဆွေးနွေးရတဲ့ ပရင့်စ်ဘသော် ရဲ့ “အရပ်မြင့်မြင့်အချစ်ဆုံး (၁၉၈၂/၃ ဝန်းကျင်)” အခွေပါပဲ။ စောဘွဲ့မှူး တခွေ လုံး ရေး၊ တခွေလုံး ဂီတ စီမံ ပေး၊ ဂစ်တာလည်း တီးပေးခဲ့တယ်။ ဂီတဖန်တီမှု ထူးခြားသစ်လွင် ကွဲပြားနေတဲ့ အဲ့ဒီ အခွေ ထွက်တော့ ဒေသကောလိပ် ကျောင်းသား ဘဝ ထူးအိမ်သင် နဲ့ သူငယ်ချင်းတစု ဂီတကိုဦးချတဲ့အနေနဲ ကက်ဆက်တိပ်ခွေ ကို ထိုင်တောင် ကန်တော့ကြတယ်လို့ ကြားဖူးခဲ့တယ်။
နောက်ပိုင်း နှစ်တွေမှာလည်း မဆုံးခင် အချိန်ထိ စောဘွဲ့မှူး ဟာ လူဟောင်းများ အတွက် အပြင် လူငယ် လူသစ် အမျိုးသား၊ အမျိုးသမီး အဆိုရှင် များစွာ အတွက် တခွေလုံး ရေးပါတာမျိုးရယ် ဖြစ်စေ၊ တခွေလုံး ဂီတစီမံပေးတာရယ် ဖြစ်စေ ပြုလုပ်ပေးခဲ့တာ အများအပြား ပါပဲ။
ဥပမာ - အောင်ရင် ရဲ့ ပထမဆုံး တေးစု မိုးသိပါစေ (၁၉၈၄)၊ သီလ ရဲ့ ပထမဆုံး တေးစု သိမ်းထားမှာလား (၁၉၈၅)၊ မျိုးဦး ရဲ့ ကျွန်တ်ာချစ်သော မိန်းကလေးများ တေးစု (၁၉၈၅)၊ မျိုးညွန့် + စောဖြူ ရဲ့ ရင်ထဲကမွှေး (၁၉၈၇) လို မျိုးကစလို့ ၉၀ ခုနှစ်များ Iron Cross နဲ့ ထွက်ခဲ့တဲ့ အဆိုတော် မင်းသား စိုးသူ ရဲ့ အောင်မြင်မှု အထွတ်အထိပ်ရ တေးစုများ နဲ့ IC အဦးကာလ ပင်တိုင် ရော့ခ် အဆိုတော် ထွဏ်းထွဏ်း ရဲ့ ပထမဦးဆုံး မြား၏ပြေးလမ်း (၁၉၉၄) လို အထိ မရေမတွက်နိုင်အောင်ပါပဲ။
ဒီလို ဂီတ အလုပ်မျိုးစုံ ကို အရည်အသွေးမြင့်မြင့် လုပ်သွားခဲ့တဲ့ စောဘွဲ့မှူး ဆုံးတော့ အသက် (၄၀) မပြည့်သေးပါဘူး။ အနှစ် (၂၀)ကျော် သာ ကျင်လည်ခဲ့ရတဲ့ ဂီတလောက မှာ သူ ထားခဲ့တဲ့ အနုပညာ ပစ္စည်းတွေက အံ့မခန်းပါပဲ။
အခု စောဘွဲမှူး အလွန် အနှစ် (၂၀) ဗမာ့ ဂီတလောက ကို ကြည့်ရင် “သူလိုလူ” “စွယ်စုံ ဂီတပညာရှင်” အများအပြား မွေးထုတ်မပေးနိုင်ခဲ့ပါဘူး။ ဒီလို ရှားပါး ပါရမီရှင်တွေ လူ့သက်တမ်းစေ့ မနေခဲ့ရတာ တကယ့် ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ။ အကြောင်းမျိုးစုံ နဲ့ ဂီတကြယ်ပွင့်တွေ အကြွေစောခဲ့ရတယ်။ မိုးကျော်၊ ဖိုးချို၊ စိုးလွင်လွင်၊ ထူးအိမ်သင်၊ အယ်လ်ဖြူ၊ ဒိုးလုံး အစရှိသလို ပေါ့၊ အများကြီးပါပဲ။
အခု အချိန်မှာတော့ ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ သူတို့လို ပါရမီရှင်တွေ အစား အားဖြည့်ပေးနိုင်တဲ့ မျိုးဆက်သစ် မပြတ်ရေး အလို့ငှာ ရေခံ မြေခံ အခြေခံ ကောင်း၊ စည်ပင်ဝပြောတဲ့ ဗမာ့ ဂီတလောက ဖြစ်အောင် ကြိုးစားဖို့ ဗမာပြည်မှာ မရှိမဖြစ် လိုနေတယ်။ ဂီတနဲ့ နီးစပ်ဖို့ကို အခြေခံပညာရေး အဆင့်က စ ထည့်သွင်း လမ်းကြောင်းပေးမှုမျိုး လိုနေတယ်။ အသက်မွေးဝမ်းကြောင်းနိုင်ဖို့ရာလည်း စနစ်တကျ ဂီတ လေ့ကျင့်သင်ကြားပေးနိုင်စွမ်းတဲ့ နေရာတွေ အခုထက်ပို ကျယ်ပြန့်များပြားဖို့ လိုတယ်။ လူငယ်များ ဂီတ အလုပ်ကို ဘဝ အတွက် ပရို အနေနဲ့ ရွေးနိုင်အောင်၊ ရပ်တည်ချင်လာအောင်လည်း ဂီတစီးပွားလုပ်ငန်း စည်ပင်ရပါမယ်။
တပါတည်း ဗမာ့ဂီတသမိုင်းရဲ့ လေးစား အသိအမှတ်ပြုထိုက်သူတွေကို ဂုဏ်ပြု ထုတ်ဖော် မှတ်တမ်းပြုရင်း အနာဂတ် လူငယ်များကို အားကျ စေဖို့ရာ ဂီတသမိုင်းစာအုပ်တွေ၊ ဂီတ ပြတိုက်တွေ ရှိဖို့ လိုနေပါသေးတယ်။
လက်ရှိတိုင်တော့ ဒါတွေ အားလုံး အတွက် ဂီတလောကသားများ၊ တာဝန်ရှိ အဖွဲ့အစည်းများ အပြည့်အဝ အကောင်အထည် မဖေါ်နိုင်သေးပါဘူး။
ပါးလျလှတဲ့ လူမှု၊ စီးပွား နိုင်ငံရေး စနစ်နောက်ခံကြောင့် ဗမာ့ဂီတလောက ဟာ ငါးပွက်ရာ ငါးစာချ မှသာ အသက်ဆက် ရပ်တည်နိုင်တာမို့ ပေါ်ပင် တွေသာ လွှမ်းမိုးနေဆဲ ဖြစ်တယ်။ သမိုင်းတွေ၊ ပထဝီ တွေ၊ မူလ ပထမ တွေ၊ ဆုံးသွားတဲ့ တေးရေး တွေ စိတ်မဝင်စား ငွေကြေးနဲ့ ကျော်ကြားမှု အတွက်သာ သီချင်းဟောင်းများကို ပြန်ဆိုနေကြတဲ့ “ဘာဘာ ဘာမှ မသိ” အဆိုတော်များလည်း ပေါများနေဆဲပါ။ သီချင်းလေး နှစ်ပုဒ် သုံးပုဒ်၊ အလွန်ဆုံး တခွေလောက်နဲ့ ပါရမီရှင် ဂီတဘုရား အလား မြှောက်စား ခံနေရတာတွေလည်း အပြည့်ပါပဲ။
နိဂုံးချုပ်ရရင် စောဘွဲ့မှူးတို့လို ကမ္ဘာကို ရင်ဘောင်တန်းလိုက်နိုင်တဲ့ ဂီတပညာရှင်တွေ အများအပြား ပေါ်ထွန်းခဲ့ဖူးပေမယ့် စနစ်ဆိုး၊ လူဆိုးများ ဒဏ်ခံ တိုင်းပြည်ရဲ့ အထွေထွေ ချွတ်ခြုံကျ အခြေအနေကြောင့် ဗမာ့ဂီတလောကရဲ့ ကျန်းမာရေး ဟာ နာတာရှည် ချည့်နဲ့ အားနည်နေရတယ်။ နိုင်ငံတကာ မဆိုထားနဲ့ ဒေသတွင်း အိမ်နီးချင်း တိုင်းပြည်များကို တောင် “စောဘွဲ့မှူး အလွန် အနှစ် (၂၀)” မှာ ဗမာ့ဂီတ မထိုးဖောက်နိုင်ခဲ့သလို နောင် အနှစ် (၂၀) မှာလည်း ဖြစ်လာနိုင်ဖို့က စိတ်ကူးယဉ်အဆင့်သာ ရှိနေသေးကြောင်း ဝမ်းနည်းဖွယ် သုံးသပ်ရပါမယ်။
http://taunggyidiary.blogspot.no/2015_11_13_archive.html
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။