အကောင်းဆုံးပြောဆိုတင်ပြမှုအတွက် အတုယူစရာ Steve Jobs ၏ တင်ပြပုံများ
ကမ္ဘာကျော် Apple ရဲ့ပူးတွဲတည်တောင်သူ Steve Jobs ဟာ ထုတ်ကုန်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်းတင်ပြရာမှာ က၀ိတစ်ဆူလို့ ဆိုနိုင်ပါတယ်။ Jobs ဟာ ထုတ်ကုန်သစ်မိတ်ဆက်ပွဲတိုင်းကို အနုပညာဆန်ဆန် တင်ဆက်မှုတစ်ခုအဖြစ်ပြောင်းလဲပစ်လိုက်နိုင်ပြီး ပရိသတ်ရဲ့အာရုံကို အပြည့်အ၀ လွှမ်းမိုးသိမ်းသွင်းနိုင်စွမ်းရှိပါတယ်။ ဈေးကွက်သစ်ထွင်လုပ်ငန်းရှင်တွေအနေနဲ့လည်း မိမိတို့ရဲ့ စီးပွားရေး စိတ်ကူး၊ ထုတ်ကုန်တစ်ခုခုကို အများသိအောင်တင်ပြရာမှာ အထောက်အကူဖြစ်စေမယ့် Steve Jobs ရဲ့ တင်ပြပုံ (၅)ခုရှိပါတယ်။
1. The Mac Launch
Steve Jobs ရဲ့ တင်ဆက်မှုကို နားထောင်ရတဲ့လူတိုင်းမှာ နောက်နေ့အကြောင်းကို ပြောဖြစ်ကြတဲ့ အခိုက်အတန့် တစ်ခုရှိပါတယ်။ ဒီလိုအခိုက်အတန့်လေးတွေ ဖြစ်သွားအောင် အသေအချာပြင်ဆင်ရေးသားထားတာ ဖြစ်ပါတယ်။ နောက်တစ်ချက်မှတ်သားစရာကောင်းတာက Power Point Slide တွေ မပြခင်မှာကတည်းက Steve Jobs ရဲ့ ကနဦးတင်ပြပုံက သိသာကောင်းမွန်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ နားထောင်သူပရိသတ်တွေ အသက်ရှုမေ့သွားလောက်အောင် ဆွဲဆောင်နိုင်ဖို့ Slide တွေက အဓိကလိုအပ်ချက်မဟုတ်ဘူးဆိုတာ သိထားသင့်ပါတယ်။
Steve Jobs ဟာ ၁၉၈၄ ခုနှစ် ဇန်န၀ါရီလ ၂၄ ရက်နေ့မှာ ပထမဆုံး Macintosh ကွန်ပျူတာတွေကို စတင်မိတ်ဆက်ခဲ့ပါတယ်။ ပုံတွေတော်တော်များများကို ပြသရင်း အခုသင်တို့မြင်နေရတဲ့ အရာအားလုံးဟာ ဒီအိတ်ထဲကအရာနဲ့ ဖန်တီးထားတာဖြစ်ပါတယ် လို့ သူကပြောခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ စတိတ်စင်ရဲ့ ထောင့်အမှောင်ရိပ်ကျတဲ့နေရာက စားပွဲတစ်လုံးဆီကို လျှောက်သွားလိုက်ပါတယ်။ အဲဒီစားပွဲပေါ်မှာတော့ ကင်းဗတ်သားအိတ်တစ်လုံးရှိနေပြီး Mac ကွန်ပျူတာကို အိတ်ထဲကနေ ဖြည်းဖြည်းချင်းထုတ်လိုက်ပါတယ်။ ပြီးတော့ Floppy disk တစ်ခုကို ထည့်သွင်းလိုက်ပြီး နောက်ထပ်ပုံရိပ်တွေကို စခရင်မှာဖွင့်ပြကာ ခပ်ဝေးဝေးကို လမ်းလျှောက်သွားလိုက်ပါတယ်။
သင်ခန်းစာ ။ ။ တင်ဆက်မှုတစ်ခုမှာ ပရိသတ်အာရုံစိုက်မှုကို ရရှိဖို့ Slides တွေက အမြဲတမ်း မလိုအပ်ပါဘူး။
၂။ The iPhone
စာရေးသားတဲ့အခါမှာ သုံးခုစည်းမျဉ်းဟာ စွမ်းအားအရှိဆုံးသဘောတရားတစ်ခု ဖြစ်ပါတယ်။ လူသားတွေရဲ့ စိတ်ဟာ အကြောင်းအရာ သတင်းအချက်အလက် သုံးလေးခုလောက်ပဲ မှတ်ယူနိုင်ပါတယ်။ ဒီအချက်ကို Steve Jobs က ကောင်းကောင်းအသုံးချပြီး သူ့ရဲ့ တင်ဆင်မှုအများစုကို အပိုင်းသုံးပိုင်း ခွဲခြားထားလေ့ရှိပါတယ်။
၂၀၀၇ ခုနှစ်အတွင်းမှာ Steve Jobs ဟာ ပစ္စည်းသစ်သုံးခုကို မိတ်ဆက်တင်ပြခဲ့ပါတယ်။ iPod အသစ်၊ ဖုန်းတစ်ခုနဲ့ အင်တာနက်ချိတ်ဆက်ပစ္စည်းတစ်ခု ဆိုပြီးတင်ပြခဲ့တာဖြစ်ပါတယ်။ ဒီပစ္စည်းသုံးမျိုးအကြောင်းကို တစ်ခုချင်းစီ အကြိမ်များစွာ ရှင်းလင်းခဲ့ပြီးမှာ ဒီသုံးမျိုးစလုံးကို iPhone လို့ခေါ်တဲ့ ပစ္စည်းတစ်ခုတည်းမှာ အသုံးပြုနိုင်ပြီဖြစ်ကြောင်း တင်ပြရှင်းလင်းသွားခဲ့ပါတယ်။
သင်ခန်းစာ ။ ။ ထုတ်ကုန်တစ်ခုရဲ့ ကောင်းကျိုး သုံးခုလောက်ကို မိတ်ဆက်ပါ။ ၂၃ ခုလောက်မပြောပါနဲ့။
၃။ The First MacBook Air
ကမ္ဘာ့အပါးလွှာဆုံး Notebook ဖြစ်တဲ့ The MacBook ကို Steve Jobs မိတ်ဆက်ချိန်မှာ သူဟာ စတိတ်စင်ရဲ့ အစွန်းတစ်ဖက်ကို လျှောက်သွားပြီး စကားပြောစင်နောက်ကွယ်မှာ ဖွက်ထားတဲ့ အညိုရောင်စာအိတ်ကြီးတစ်လုံးကို ယူထုတ်ကာ အခုမိတ်ဆက်ပေးမယ့် ပစ္စည်းက အရမ်းကိုပါးလွှာလွန်းတဲ့အတွက် ရုံးခန်းထဲက ဒီလိုစာအိတ်တွေထဲထည့်လို့တောင်ရပါတယ်လို့ ပြောခဲ့ပါတယ်။ ပြီးတော့မှာ စာအိတ်ထဲက The MacBook Air တစ်ခုကို ဖြည်းဖြည်းချင်းဆွဲထုတ်ပြသခဲ့ပါတယ်။
အခြားတင်ပြသူအများစုဆိုရင် ထုတ်ကုန်ရဲ့ ဓာတ်ပုံကိုသာ ပြသမှာဖြစ်ပါတယ်။ Jobs ကတော့ နောက်တဆင့်တက်ပြီး လူတွေရဲ့အာရုံကို ဆွဲဆောင်လိုက်တာဖြစ်ပါတယ်။ တကယ်လည်း အောင်မြင်သွားခဲ့ပါတယ်။ Blogs တွေ၊ မဂ္ဂဇင်းတွေနဲ့ သတင်းစာတွေရဲ့ မျက်နှာဖုံးမှာ စာအိတ်ထဲက ကွန်ပျူတာကို ဆွဲထုတ်နေတဲ့ Steves Jobs ရဲ့ ဓာတ်ပုံးကို ဖော်ပြခဲ့ကြပါတယ်။
သင်ခန်းစာ ။ ။ ထုတ်ကုန်တစ်ခုအကြောင်း ပြောရုံပဲ မပြောပါနဲ့။ ထုတ်ဖော်ပြသပါ။
၎။ The iTunes Store
ဇာတ်လမ်းကောင်းတိုင်းမှာ အဓိကဇာတ်ဆောင်သူရဲကောင်းနဲ့ ပြိုင်ဖက်ဗီလိန်တစ်ယောက်စီတော့ ပါတတ်ကြပါတယ်။ Steve Jobs ဟာ တင်ဆက်မှုတစ်ခုတည်းအတွင်းမှာ သူရဲကောင်းရော ဗီလိန်ကိုပါ မိတ်ဆက်ပေးတဲ့နေရာမှာ ဆရာကျသူဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ် ဧပြီလအတွင်းမှာ သုံးစွဲသူတွေအနေနဲ့ နားထောင်ချင်တဲ့တေးသီချင်းတွေအတွက် ၉၉ ဒေါ်လာပေးချင်လာအောင် စည်းရုံးနိုင်ခဲ့ပါတယ်။ ဒီတင်ဆက်မှုမှာ Jobs ဟာ သီချင်းတွေ အခမဲ့ Download ရယူနိုင်မယ့် ၀က်ဘ်ဆိုက်ဒ်တွေအကြောင်းကို အသုံးပြုသူတစ်ယောက်ရဲ့အမြင်နဲ့ စတင်ဆွေးနွေးခဲ့ပါတယ်။ ပြီးတော့ မယုံကြည်ရတဲ့ Downloads တွေ၊ အရည်အသွေးပိုင်းစိတ်မချရတဲ့အကြောင်း၊ Download မလုပ်ခင် အရင်နားထောင်ကြည့်လို့ မရကြောင်း စသဖြင့် မကောင်းတဲ့အချက်တွေကို တင်ပြခဲ့ပါတယ်။
နောက်ထပ်တင်ပြမှုမှာတော့ Jobs ဟာ သီချင်းတွေကို ငွေပေးပြီး Download ရယူမယ်ဆိုရင် ကနဦးပြောခဲ့တဲ့ အားနည်းချက်တွေကို အစားထိုးနိုင်မယ့်အားသာချက်တွေကို တင်ပြခဲ့ပြီး The iTues Store ကို မိတ်ဆက်ခဲ့ပါတယ်။
သင်ခန်းစာ ။ ။ အကောင်းဆုံးတင်ပြမှုတိုင်းမှာ ဗီလိန် (ပြဿနာ)တစ်ခုနဲ့ သူရဲကောင်း (ဖြေရှင်းချက်)တစ်ခုစီ ပါဝင်ပါတယ်။
၅။ ဉာဏ်ကြီးရှင်တွေက ထူးလည်းထူးတယ် ရူးလည်းရူးကြတယ်။
Jobs ဟာ Apple ကုမ္ပဏီနဲ့ ၁၂ နှစ်ကြာဝေးကွာနေခဲ့ပြီး (၁၉၉၇)ခုနှစ်မှာ ပြန်လာခဲ့ပါတယ်။ ဒီအချိန်မှာ Apple ဟာ ဒေ၀ါလီခံထားရပြီး အသုံးစရိတ်လည်း အများကြီးကုန်ဆုံးနေခဲ့ပါတယ်။
၁၉၉၇ ခုနှစ် သြဂုတ်လအတွင်း Macworld မှာ အမှာစကားပြောဆိုလို့ ပြီးဆုံးခါနီးမှာ Jobs ဟာ အသံကိုလျှော့ပြီး ဖြေးညှင်းစွာနဲ့ ပြောကြားခဲ့ပါတယ်။ သူပြောခဲ့တာကတော့ “ခင်ဗျားတို့အားလုံးက Apple ကွန်ပျူတာတစ်လုံးကို ၀ယ်ယူရာမှာ အကြောင်းရင်းကွဲပြားခြားနားမှုတွေ ရှိခဲ့ကြမှာပါ။ ကျွန်တော်ထင်တယ်။ Apple ကွန်ပျူတာကို ၀ယ်ယူတဲ့သူတွေဟာ ကမ္ဘာမှာ တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့သူတွေပဲ ဖြစ်မှာပါ။ အလုပ်တစ်ခုပြီးသွားရင်အေးရော မဟုတ်ပဲ ကမ္ဘာကြီးကို ပြောင်းလဲချင်သူတွေဖြစ်ပါတယ်။ ဒီလိုလူတွေအတွက်ကိုပဲ ကျွန်တော်တို့က အသုံးဝင်မယ့်ပစ္စည်းတွေ ထုတ်လုပ်ဖန်တီးနေပါတယ်။ ဒီလိုတွေးသူတွေကို အခြားလူတွေက ရူးတယ်လို့ ထင်ချင်ထင်ကြမှာပါ။ ဒါပေမယ့် ဒီလို ရူးသွပ်မှုတွေထဲကပဲ ဉာဏ်ကြီးရှင်တွေကို တွေ့နိုင်ပါတယ်။ ဒီလူတွေအတွက်ပဲ ကျွန်တော်တို့တွေက ပစ္စည်းတွေ ထုတ်လုပ်ပေးနေပါတယ်။” လို့ပဲဖြစ်ပါတယ်။
သင်ခန်းစာ ။ ။ သင့်ရဲ့အဖွဲ့အစည်း၊ ၀န်ထမ်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို စိတ်အားတက်ကြွအောင် လှုံ့ဆော်ပေးဖို့ မမေ့ပါနဲ့။ သူတို့လှုပ်ရှားရမယ့် ရည်ရွယ်ချက်တွေ ချပေးပါ။
Steve Jobs ဟာ ထုတ်ကုန်ပစ္စည်းတစ်ခုနဲ့ပတ်သက်ပြီး ပြောဆိုတင်ပြရာမှာ အတော်ဆုံးပုဂ္ဂိုဟ်တစ်ဦး ဖြစ်ပါတယ်။ သူဟာ ကမ္ဘာကြီးကိုပြောင်းလဲပေးနိုင်မယ့် စိတ်ကူးစိတ်သန်းအသစ်တွေကို ယူဆောင်လာမယ့် ဈေးကွက်သစ်ထွင်လုပ်ငန်းရှင်တွေအတွက် အကောင်းဆုံး စံပြပုဂ္ဂိုဟ်တစ်ယောက်ဖြစ်နေဆဲပါပဲ။
https://mmgentleman.com/2017/01/13/463477/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။