မှတ်စုကြမ်း added 22 new photos.
Toy Story ရဲ့နောက်ကွယ်က ဒဿနအတွေးများ
--------------------
သူဟာ လောကထဲကို တံဆိပ်ကပ်ခံပြီးတော့ ရောက်ရှိလာခဲ့တယ်။ သူ့မှာ တခြားသူတွေထက် သာလွန်တဲ့ တန်ခိုးရှိတယ်လို့ မြင်ခဲ့မိတယ်။ သူဟာ ရည်ရွယ်ချက် တစ်ခုနဲ့ မွေးဖွားလာခဲ့သူ၊ လိုအပ်ရင် ပျံသန်းနိုင်စွမ်းရှိသူ၊ ကမ္ဘာကို ကယ်တင်ဖို့ အစွမ်းအစ ရှိသူလို့ မြင်ခဲ့မိတယ်။
လောကမှာ
နေထိုင်တဲ့အခါ ကိုယ်ယုံကြည်တာကို ကိုယ်ဆုပ်ကိုင်ခွင့် ရှိကြပါတယ်။
လက်တွေ့အကောင်အထည် ဖော်ပစ်ဖို့တော့ လိုတယ်။ အကောင်အထည်မဖေါ်မိပဲ
ယုံရင်းတန်းလန်းနဲ့တော့ မသေဆုံးသင့်ဘူး။
လက်တွေ့အကောင်အထည် ဖော်လိုက်တော့မှ အမှန်နဲ့အမှားဟာ ရှင်းလင်းစွာ ကွဲပြားလာခဲ့တယ်။
လက်တွေ့အကောင်အထည်မဖော်ရသေးတဲ့ တခြားသူ့လိုမျိုး သူတွေရှိကြတာကို အပြင်ကနေ မြင်တတ်လာတယ်။ သူတို့လည်း ထို့အတူပဲ။ အလုံပိတ်ခံထားရတဲ့ လောကထဲကနေ ဆွဲထုတ်ပေးတဲ့ ဘယ်သူ့ကို မဆို သခင်လို့ မှတ်တတ်တယ်။
အမှန်တရားကို လက်တွေ့ သိမြင်လာပြီးတဲ့အခါမှာတော့ ရွေးစရာ လမ်း ၂ လမ်း ပေါ်လာလိမ့်မယ်။ ငါဟာ အမှန်မဟုတ်တဲ့ အယူဟောင်းကို ဆက်လက် ဆုပ်ကိုင်ထားသင့်သလား။ ဒါမှမဟုတ် တကယ့် အမှန်တရားကို လက်ခံလို့ ပတ်ဝန်းကျင်ထဲ ပြန်ဝင်ဆန့်မလား ဆိုတာပဲ။
ဒုတိယလမ်းကိုရွေးလိုက်တဲ့အခါ နာကျင်မှုတွေ ခံစားရမှာ ဧကန်ပဲ။ ကိုယ်တစ်သက်လုံး အမှန်ထင်ပြီး မြတ်နိုးလာသမျှထဲက မှားနေတဲ့ အသိအမြင်တွေကို ကိုယ်ကိုယ်တိုင် တစ်စစီ ပြန်ဆွဲဆုတ် ရတာမျိုးကိုး။
ဒါပေမယ့် နောက်ဆုံးမှာတော့ သာမန်ထက် မပိုပေမယ့် အနှစ်သာရရှိတဲ့ လက်တွေ့ကျကျ ဘဝတစ်ခုဟာ ရုပ်လုံး ပေါ်လာတယ်။ ဒီထဲမှာ ပျံသန်းခြင်းတွေ မရှိတော့ဘူး။ အဓိပ္ပာယ်မဲ့ ဆက်သွယ်ခြင်းတွေ မရှိတော့ဘူး။ တန်ခိုးတွေ မရှိတော့ဘူး။ ငါဟာ ကွဲပြားတယ်ဆိုတဲ့ အမြင်တွေ မရှိတော့ဘူး။
ငါဟာ လောက အခန်း ထဲက သာမန် တစ်ယောက် ဖြစ်လာတယ်။ ငါ့မှာ ငါ့ရဲ့ အသိုင်းအဝိုင်း ပတ်ဝန်းကျင် ရှိတယ် ဆိုတာ မြင်လာတယ်။ သံယောဇဉ်တွေကို အလေးထား တတ်လာတယ်။ သံယောဇဉ်ရှိနေတဲ့ သူတွေကြားမှာ ကူညီစောင့်ရှောက် ဖေးမမှုတွေ ပေးတတ်လာတယ်။ ကိုယ်ချင်းစာစိတ်တွေပေါ်လာပြီးတော့ ကောင်းသူ ဆိုးသူ ခွဲခြားခြင်းတွေ ကင်းလွတ်သွားတယ်။ သဘာဝလွန် တွေကနေ အလုံပိတ် ကမ္ဘာလေး ထဲကို ပြန်လည်ရောက်ရှိလာတယ်။
တံဆိပ် အကပ်ခံ ထားရတာဟာ ခွာစရာမဟုတ်။ ခွာလိုက်ရင် အခန်းအပြင်ရောက်သွားလိမ့်မယ်။ တကယ်တမ်း ခွာသင့်တာက ယုတ္တိမဲ့ ကိုယ့် ယုံကြည်မှုအဟောင်းတွေသာ ဖြစ်တယ်။
Inspired by: Dat Shin
- မှတ်စုကြမ်း #kyawnge

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။