Khin Ma Ma Myo added 2 new photos.Follow
Talk...Listen....Resolve..
မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာ အမြစ်တွယ်ခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခကို ဖြေရှင်းဖို့ ကြိုးပမ်းနေတဲ့ တိုင်းပြည်တခုပါ...
၂၁ ရာစုပင်လုံမှာ စာတမ်းတွေ၊ အမြင်သဘောထားတွေ အများအပြား ပေါ်ထွက်လာပါတယ်၊
ပဋိပက္ခဖြစ်နေတယ်ဆိုကတည်းက မတူညီကွဲပြားမှုတွေ ရှိလို့ ဖြစ်ပါတယ်၊ ဒါကြောင့် ဒီစာတမ်းတွေ၊ အမြင်တွေမှာ မိမိတို့ အမြင်တွေနဲ့ မတူတာတွေ အများကြီး ပေါ်ထွက်မှာ ဖြစ်ပါတယ်၊အားလုံးသာ တူမယ်ဆိုရင် ဒီလို ညီလာခံမျိုး ကျင်းပစရာတောင် မလိုအပ်ပါဘူး၊
မြန်မာပြည်ကို အားလုံးအတူတကွ ပိုင်ကြတာပါ၊ ဘယ်သူကမှ ဘယ်သူ့ဆီကမှ
အမွေတောင်းစရာ မလိုပါ၊ ဖြစ်နေတဲ့ပြဿနာတွေ ပြေလည်ဖို့ ဘယ်လို စနစ်တွေနဲ့
ဘယ်လိုအာဏာခွဲ ဝေမှုတွေ လုပ်မလဲဆိုတာကို အမြင်တွေ ဖော်ထုတ်နေကြတာပါ
ခုမှ ပဋိပက္ခဖြေရှင်းခြင်းရဲ့ ကနဦး အဆင့်ဖြစ်တဲ့ ရှာဖွေဖော်ထုတ်ခြင်းအဆင့်( exploratory stage) ကို ရောက်တာပါ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖြစ်တဲ့အတွက် အဖြေရှာခြင်းအဆင့်( resolution stage) ကို ညှိနှိုင်းဆွေးနွေးမှုပေါင်းများစွာနဲ့ ရှေ့ဆက်ကြရမှာပါ၊
ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ သဘောတူ လက်မခံခွင့် ( the right to disagree) ရှိပါတယ်၊ အချက်အလက်များအပေါ် ငြင်းဆိုဆွေးနွေးခွင့် (the right to argue) ရှိပါတယ်၊ ဆန်းစစ်လေ့လာခွင့် (the right to analyze) ရှိပါတယ်၊
သို့ပေမယ့်.....
တိုက်ခိုက်ခွင့် (The right to attack ) မရှိပါ၊ ပုဂ္ဂိုလ်ရေးအပုပ်ချမှု(personal defamation) မလုပ်သင့်ကြပါ၊
ချမ်းသာသူတွေ ပိန်ချင်လို့ ညစာ မစားတာကို အကြောင်းပြပြီး၊ ဆင်းရဲသူတွေ ညစာငတ်တာကို ဒါလေးများ အရေးမဟုတ်တာ၊ မစားရတာခြင်း အတူတူပဲလို့ တန်းညှိမတွေးသင့်ပါ၊
တချို့လူတွေအတွက် အရေးမဟုတ်တာတွေက တချို့လူတွေအတွက် အသက်နဲ့ဘဝပါ
ညဘက်မီးပျက်လို့ လူတချို့ ထိုင်ငြီးနေချိန်မှာ၊ လူတချို့ကတော့ ပေါက်ကွဲမှုမီးပွားတွေကြား ပြေးလွှားနေခဲ့ရတာပါ၊
ပလက်ဖောင်းလမ်းမညီလို့ လူတချို့ ချော်လဲမှာ စိုးရိမ်နေချိန်မှာ လူတချို့ကတော့ ကိုယ် တလှမ်းလှမ်းမိတဲ့ ခြေလှမ်းအောက်မှာ မြေမြှပ်မိုင်းနင်းမိလေမလားလို့ စိုးရိမ်ခဲ့ကြရတာပါ၊
ထမင်းဟင်းမကောင်းလို့ လူတချို့ အလိုမကျ ဖြစ်နေချိန်မှာ ဗိုက်ဆာလို့ ငိုတဲ့ကလေးကို အသံထွက်မှာစိုးလို့ အတင်းပါးစပ်ပိတ်ပြီး၊ ပြေးလွှားပုန်းအောင်းနေရတဲ့ မိခင်တချို့ မျက်ရည်ကျခဲ့ရတာပါ၊
ဇိမ်ခံမွေ့ရာပေါ်မှာ လူတချို့ အိပ်မောကျနေချိန်တွေမှာ ပြေးရင်းလွှားရင်း မြေကြီးပေါ်အိပ်ရသူတွေ ရှိနေခဲ့ပါတယ်၊
ထီးမရှိလို့ လူတချို့ ညဉ်းညူနေရချိန်မှာ မိုးထဲရေထဲ ပုဆိုးခြုံရင်း ခိုက်ခိုက်တုန်ချမ်းပြီး ငှက်ဖျားဒဏ်အန်တုခဲ့ရသူတွေ ရှိပါတယ်၊
ဖြတ်သန်းရတဲ့ဘဝတွေ မတူတာနဲ့အမျှ အမြင်သဘောထားတွေ ကွဲပြားကြမှာပါ၊ လိုအပ်ချက်ပေါ် အခြေတည်ထွက်လာတဲ့ အခွင့်အရေးစကားသံတွေ ကွဲလွဲကြမှာပါ၊
ကွဲလွဲမှုတွေကြားက ဘုံအမြင်၊ ဘုံရည်မှန်းချက်တွေ ဖော်ထုတ်ပြီး ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရင် နောင်မျိုးဆက်တွေအတွက် စိတ်အေးကြရမှာပါ၊
ကျမတို့တွေ ပြောကြ၊ နားထောင်ကြပြီး၊ ဆွေးနွေးညှိနှိုင်း ဖြေရှင်းဖို့သာဦးတည် ကြိုးပမ်းကြရအောင်လားရှင်၊
မတူညီတဲ့ အမြင်တွေကို ဖလှယ်ကြ၊ ဆန်းစစ်လေ့လာကြစို့လားရှင်၊
ကြောင်းကျိုးဆီလျော်တဲ့ ငြင်းဆိုမှု ( arguments) တွေ လုပ်ကြစို့ရှင်၊
Personal defamation တွေက ပဋိပက္ခကို ဖြေရှင်းရာ မရောက်ပဲ ပိုမိုဆိုးဝါးစေတတ်ပါတယ်၊
နှစ်ပေါင်းများစွာမှာ ရှားရှားပါးပါးပေါ်ထွက်လာတဲ့ raising voice mechanism လေးတွေကို အနာဂတ်အတွက် အကျိုးရှိအောင် သုံးကြပါစို့
ခင်မမမျိုး (4/9/2016)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။