"အဘဘောမ တစ်ယောက်ရဲ့ ရင်ကွဲနာ "
___________________________________ #မြစ်ကျိုးအင်းရေးသည်
မနေ့ကတည်းက လူက နေလို့ထိုင်လို့မကောင်း။

စိတ်ထဲမှာလည်း တင်းတင်းကျပ်ကျပ်ကြီး ဖြစ်နေတယ်။
ဘာရောဂါလည်းဆိုတာတော့ ကိုယ့်ဘာသာသိတယ်။ ဘောပျောက်ရောဂါ။
နှစ်ရှည်လများ မြတ်မြတ်နိုးနိုး နှစ်နှစ်ကာကာ မ ပေးခဲ့တဲ့ အဘတို့ရဲ့ ဘောတွေ ပျောက်ကုန်လို့ လူက မအီမသာ ဖြစ်နေတာ။
မနေ့က အာဏာလွှဲလိုက်ချိန်မှာ အဘတို့ဘောကို ဒီတသက်ဆုံးရှုံးလိုက်ရတာ သေချာသွားပြီဆိုပြီး လူက အရုပ်ကြိုးပြတ်ဖြစ်သွားခဲ့တော့တာ။
အာဏာမလွှဲရအောင် ကိုယ်တတ်နိင်သလောက် အောက်ကလိအာ ကြည့်သေးတယ်။ ပွဲဆူကြည့်သေးတယ်။ မရ ။ ဘယ်လိုမှမရ။
အမေ့သားသမီးတွေက လိုက်မလာကြ။
သူတို့အမေစကားအတိုင်း ငြိမ်ငြိမ်လေးနေကြတော့ ကိုယ်တွေ အောက်ကလိအာသမျှ အလဟဿ ဖြစ်ခဲ့ရတယ်။
နောက်ဆုံးတော့ ကျုံးသွင်းခံလိုက်ရတဲ့ ဆင်ရိုင်းတကောင်လို လှုပ်မရ ပြုမရနဲ့ အာဏာကို သူတို့လက်ထဲ အသာတကြည် လွှဲလိုက်ရတော့တယ်။
ဒီလိုနဲ့ မတ်လ ၃၀ ရက်နေ့နား ရောက်လာလေ စိတ်နာကျင်ကြေကွဲရလေပါပဲ။
မနေ့ကတော့ အားလုံးပြီးဆုံးသွားခဲ့ပြီ။ အဘတို့လည်းထွက်ခွာသွားကြပြီ။
ကိုယ်တွေလည်း မစရာ ဘော ပျောက်ခဲ့ပြီ။
စိတ်ညစ်လို့ ဖဘ သုံးတော့လည်း သူတို့အမေနဲ့ သမ္မတသစ်ကို ဝမ်းသာ ဂုဏ်ယူ ကြိုဆိုကြောင်းတွေ ချည်းပဲ မြင်နေရလို့ နူရာဝဲစွဲ သလို ဒဏ်ရာက ပိုနက်ခဲ့ရပြန်တယ်။
ဒါနဲ့ပဲ စိတ်ပြေလက်ပျောက် လမ်းလျှောက်ထွက်ကြည့်မယ်ဆိုပြီး မြို့ထဲ ထွက်လာမှ ပိုဆိုးတော့တယ်။
မြို့နယ်တိုင်း လမ်းတိုင်းမှာ ပျော်ပွဲရွှင်ပွဲတွေနဲ့ စတုဒီသာကျွေးနေလိုက်ကြတာ ပျော်နေလိုက်ကြတာ မြင်မကောင်းဘူး။
အဘဘောပျောက်သူတယောက်အတွက်တော့ မြင်ကွင်းတိုင်းက ရက်စက်နာကျင်လွန်းတယ်။
ကူရာကယ်ရာမဲ့တဲ့ ကိုယ့်ဘဝကို အဘတို့ သတိရကြပါ့မလားတွေးမိတော့ မသေချာ မရေရာ။
လမ်းလည်း ဆက်မလျှောက်ချင်တော့။
ဆက်လျှောက်ရင်လည်း ပျော်ပွဲရွှင်ပွဲတွေနဲ့ စတုဒီသာမဏ္ဍပ်တွေ မြင်နေရဦးမယ်။
ဘာလုပ်ရရင် ကောင်းမလဲစဉ်းစားမိတော့ အကြံတခုရတယ်။
အိမ်ပြန်ပြီး အဘတို့အကြောင်းတွေရေးထားတာလေး ဖတ်နေရရင် အလွမ်းပြေမှာပဲဆိုပြီး တွေးမိတယ်။
ဒါနဲ့ပဲ နီးစပ်ရာ ဂျာနယ်အရောင်းဆိုင်ကို ခပ်သွက်သွက်သွားတယ်။
"ကြေးမုံ တစ်စောင် မြန်မာ့အလင်းတစ်စောင်ပေးပါ"
ဂျာနယ်သမားလှမ်းပေးတဲ့ မြန်မာ့အလင်းနဲ့ကြေးမုံသတင်းစာ မျက်နာဖုံးကို မြင်တော့ မြွေပွေးနှစ်ကောင်ပူးကြီး ကိုင်လိုက်ရသလို ကြောက်လန့်ပြီး ပြန်ပစ်ချမိတယ်။
သတင်းစာမျက်နာဖုံးမှာ ဒေါ်အောင်ဆန်းစုကြည်ပုံ ၊ သမ္မတအသစ်ပုံတွေနဲ့။
အရောင်တွေကလည်း အနီရောင်တွေ။
အို...လောကကြီး ဘယ်လိုတွေဖြစ်ကုန်ပြီလဲ။
အဘတို့ပုံ ဘယ်မှာလဲ။ အဘတို့ ဘယ်ရောက်သွားပြီလဲ။
အစိမ်းရောင်တွေ ဘယ်ပျောက်သွားပြီလဲ။
အဖေကယ်ပါ ။
အမေကယ်ပါ ။
ဧရာဝတီတိုင်းရဲ့ဘုရားကယ်ပါ ။
မဖြစ်ဘူး မဖြစ်ဘူး။ ကြာရင်သွက်သွက်ခါ ရူးသွားလိမ့်မယ်။
အိမ်ကို မြန်မြန်ပြန်မှဖြစ်မယ်။
အိမ်ရောက်ရင်တော့ ငါခံစားရသမျှကို ဆောင်းပါးတစ်ပုဒ် ရေးမယ်။
ဆောင်းပါးခေါင်းစဉ်နာမည်ကို ဒီလိုပေးမယ်။
" လိပ်ဖြစ်ရင်တောင် ခေါင်းမပြူဝံ့တော့ပါဘူးဗျာ"

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။