လူငယ်များအတွက်. added 2 new photos.
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အခုနောက်ပိုင်း မြန်မာလူမှုပတ်ဝန်းကျင်မှာ ကလေးငယ်လေးတွေကို ကလေးအရွယ်နဲ့ မလိုက်တဲ့ မတန်မရာ ဝတ်စားဆင်ယင်မှုတွေ၊ ဖျော်ဖြေတင်ဆက်မှုတွေ လုပ်ခိုင်းနေတာကို အတော်လေး အတွေ့ရ များလာတယ်။
အထူးသဖြင့်တော့ ပုဂ္ဂလိက မူကြိုကျောင်းတွေရဲ့ အခမ်းအနားတွေမှာ ကလေးငယ်လေးတွေကို အရွယ်ရောက်ပြီးသား လူငယ်၊ လူကြီးတွေ ဝတ်စားသလို၊ ကပြသလို၊ ပြိုင်ပွဲဝင်သလို ပုံစံတွေနဲ့ ဖျော်ဖြေတင်ဆက်လာတာ ပိုများတယ်။
အဆိုးဆုံးက ကလေးအရွယ်နဲ့ မသင့်တော်တဲ့ Sexy Dance လို့ခေါ်တဲ့ လိင်ဆွဲဆောင်မှု အသားပေး အကမျိုးတွေကို လူပုံအလယ်မှာ အခမ်းအနားနဲ့ စင်ပေါ်တင်ပြီး ဖျော်ဖြေခိုင်းလာတာ၊ အဲဒါကို စင်အောက်ကနေ လက်ခုပ်တီး အားပေးတဲ့သူတွေ များလာတာပဲ။
နောက်တစ်ခုက အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို မိဘတွေကိုယ်တိုင် ဝတ်စားဆင်ယင်ပေးတဲ့ ဖက်ရှင်တွေက ကလေးနဲ့မတူတဲ့ လူကြီးကလေးတွေပုံစံ ပေါက်သွားပြီး အဲဒီပုံစံကြောင့် ကိုယ်ကျိုးနဲစေမယ့် အန္တရာယ်ကို တမင်ဆွဲဆောင်သလို၊ လက်ယပ်ခေါ်သလို ဖြစ်နေတယ်။
ကုန်ခဲ့တဲ့ လပိုင်းက ကလေးငယ်တွေကို အောက်ခံနံငယ်ပိုင်းပဲ ဝတ်ပြီး အရွယ်ရောက် လူကြီးတွေလို ကာယဗလ၊ ကာယအလှ မောင်မယ်ပြိုင်ပွဲ လုပ်တဲ့အကြောင်း အွန်လိုင်းလူမှုရေး ကွန်ရက်မှာ ပွဲဆူသွားခဲ့သေးတယ်။
နိုင်ငံသိ ရုပ်သံမီဒီယာတွေမှာလည်း ကလေးငယ်တွေနဲ့ မလျော်မကန် ဝတ်စားဆင်ယင်မှု၊ ကပြ အသုံးတော်ခံမှုတွေ၊ ရုပ်ရှင်ဇာတ်လမ်းက သရုပ်ဆောင်တွေရဲ့ အမူအရာနဲ့ ဒိုင်ယာလော့ခ်ကို သဏ္ဌန်လုပ် သရုပ်တူလုပ်ခိုင်းတဲ့ ပြိုင်ပွဲလုပ်တာတွေကို တခုတ်တရ တင်ဆက်ထုတ်လွှင့်ပေးနေတယ်။
ဒါတွေက ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ခေါင်းဆောင် အလောင်းအလျာလေးတွေကို ကလေးအရွယ်မှာ ကလေးနဲ့ တန်တာ မလုပ်ခိုင်းဘဲ အချိန်မတန်ခင် အရွယ်ရောက်တဲ့သူတွေမှာ ရှိတဲ့ အမူအကျင့်တွေ ကူးစက်အောင် လုပ်နေသလိုပဲ။
ဒီလိုလုပ်တဲ့အတွက် ကောသလမင်း အိပ်မက်ဆယ့်ခြောက်ချက်ထဲကလို အရွယ်မရောက်သေးတဲ့ အပင်ငယ်လေးတွေက အပွင့်တွေပွင့်၊ အသီးတွေသီးပြီး မြေစာပင် ပုခက်လွှဲတဲ့ပုံစံ အချိန်မတိုင်ခင် လင်ယူသားမွေး စိတ်ပေါက်အောင် လုပ်နေသလိုပဲ။
ကလေးဆိုတာ ကလေးနဲ့တူတဲ့ ပုံစံ၊ ကလေးလို ဆော့ကစား၊ ကလေးလို ဝတ်စားဆင်ယင်၊ ကလေးကိုတွေး၊ ကလေးလိုပြောတဲ့ ပီဘိချစ်စရာ ကလေးဘဝလေးတွေနဲ့ပဲ ကြီးပြင်းလာသင့်တယ်။ ဒါကို လူကြီးပုံစံ ဖြစ်အောင် အတင်းရိုက်သွင်းသလို ဖြစ်နေတာတွေကို တစ်နည်းနည်းနဲ့ ဟန့်တားကန့်သတ်ဖို့ လိုနေပြီ။
တကယ်တော့ ဒီလိုအခြေအနေအထိ ရောက်လာစေတာ စာမဖတ်၊ ပေမဖတ်၊ ဗဟုသုတမရှိ၊ စဉ်းစားဆင်ခြင်ဉာဏ်နည်း၊ ဂုဏ်တု၊ ဂုဏ်ပြိုင်၊ တလွဲဆံပင်ကောင်းဖို့လောက်ပဲ သိတဲ့ မိဘတွေရဲ့အပြစ်က နံပါတ်တစ် ဖြစ်နေတယ်။ နောက်ထပ် တာဝန်ရှိတာက ကလေးငယ်တွေအတွက် မဟုတ်တဲ့ ဖျော်ဖြေမှုတွေ စီစဉ်ပေး၊ လက်ခံခွင့်ပြုပေးတဲ့ အစိုးရ၊ ပုဂ္ဂလိက မူကြို၊ မူလတန်းကျောင်းတွေက ကျောင်းအုပ်နဲ့ ဆရာ၊ ဆရာမတွေ။
ထိပ်ဆုံးက တာဝန်ရှိတာကတော့ ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနလို ဌာနဆိုင်ရာ တစ်နည်းဆိုရရင် အုပ်ချုပ်စီမံခန့်ခွဲမှု တာဝန်ရှိ အစိုးရလို့ ပြောရမယ်။ အစိုးရက ဒါမျိုးတွေကို ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း ထုတ်ပြီးတော့ကို ဟန့်တား၊ ထိန်းသိမ်းဖို့ တာဝန်ရှိတယ်။
ဒီလိုမှ မဟုတ်ရင် ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် ကလေးငယ်တွေရဲ့ ကလေးဘဝ အစစ်အမှန်တွေ မကြာခင် ပျောက်ဆုံးသွားတော့မယ်ဆိုတာ သတိကြီးကြီးထားစေချင်ပါတယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။