Ma Nandar
ဂျပန်မှာ အလုပ် လုပ်ရမယ်။ ဂျပန်မှာ အလုပ် လုပ်ကြမယ်။
ဂျပန်စာ၊စကား မည်မည်ရရ တတ်စရာမလို။
စည်သွပ်ဗူးစက်ရုံမှာ လုပ်ရမှာလေ။ တနေကုန် ကိုယ့်အလုပ်ကိုယ်လုပ်၊ ထိုင်သွပ်နေရုံပဲ။
အထည်ချုပ်စက်ရုံမှာ လုပ်ရမယ်။ တနေကုန် ကိုယ့်အထည် ကိုယ်ချုပ်၊ အထည်ချုပ်နည်း သင်ပေးမယ်။ ဘာမှ ထွေထွေထူးထူး ပြောစရာမလို။
ယာထဲမှာ အပင်ရှိတယ်၊ အရွက်ခူးမယ်။
ကန်ထဲမှာ ပုဇွန်ရှိတယ်၊ ပုဇွန်တွေနဲ့ မြူးမယ်။
လစာက တစ်လကို ယန်း (၁၂)သောင်း ကနေ ယန်း(၁၅) သောင်း အတွင်းရမယ်။
အဲ့ဒါ မြန်မာငွေနဲ့ ဘယ်လောက်လဲ ဟုတ်လား၊
ဂျပန်သွား အလုပ် လုပ်မယ်လည်း ဆိုသေး၊ ဂျပန်ယန်းနဲ့ မြန်မာငွေ ကွာဟမှုတောင် မသိဘူးလား၊
အဲ့ဒါကြောင့်လည်း တစ်လတစ်လ အဆောင်ဖိုးထက် လျှောက်လွှာဖိုးကြီးနေတာ။
အကြမ်းဖျဉ်းမှတ်ထား (၁၀)ဆလို့။
အခု မြန်မာငွေ ( ယနေ့ပင်လုံခေတ်မှာကြီးတော့ ဗမာငွေလို့ ခေါ်ရမလား ဘာလား) နိုင်ငံရေးတွေ မပါကြေးအေ၊ ဟုတ်ပါပြီအေ၊ ခဏလေးပါ ကြုံတုန်း။
ခေါ်ခွင့်များရရင်လေ အဲ့သည့်ငွေကို မမာငွေ လို့ပဲ ခေါ်ချင်မိတယ်။
မာမာချာချာမှ မရှိတာ၊ ထာဝစဉ်ယိုင်နဲ့နေတယ်။ ခိုင်ကိုမခိုင်လွန်းလို့ဟယ်၊
တော်ကြာတက်လိုက်၊ တော်ကြာကျလိုက်နဲ့ မီးယပ်သည်ငှက်ဖျားဝင်နေသလိုပဲ။
သူ့လောက် ကတုန်ကယင်နိုင်တာ သူပဲရှိတယ်။
တက်တက် ကျကျ ပညတ်သွားရာ ဓါတ်သက်ကတော့ ပါသတော့၊
ကျပ်ဆိုတဲ့ အတိုင်း ကျပ်နေတာချည်းပဲ။
ဒို့များ အဲ့ငွေကိုင်ထားလို့ကတော့ ဘယ်တုန်းကမှ မချောင်ခဲ့ပါဘူး။
နာမည်ပြောင်းတာတွေ ခေတ်စားနေတဲ့ ကာလကြီးမှာ
သမီးလည်း နီးစပ်ရာ အမတ်ကြီး ကပ်ပြီး ပြောခွင့်ရရင် ပြောချင်သေး။
သမီးတို့ သုံးစွဲနေတဲ့ ကျပ်ငွေကို ချောင်ငွေ လို့ နာမည်ပြောင်းရင် ကောင်းဘူးလားဟင်လို့၊
တခေတ်တခါလောက် ချောင်ဖူးတယ်ရှိအောင် ချောင်များသွားမလားလို့ပါ။
ဂျပန်အကြောင်းပြောရင်းက ဘယ်နှယ့် ကျပ်တာတွေ ချောင်တာတွေ ဖြစ်ကုန်ပါလိမ့်။
စောစောက ဂျပန်ကြော်ငြာပြန်ကောက်မယ်၊
မြန်မာငွေနဲ့ဆို (၁၂)သိန်းကနေ (၁၅)သိန်းလောက်။ (အခု ယန်းဈေးတွေ တက်နေတော့ အဲ့လောက်တောင် မကတော့ဘူး၊ ရမှာ ရမှာ)
နေဖို့ကို အခန်း(သို့) အဆောင် စီစဉ်ပေးမယ်။
နေထိုင်စရိတ်တော့ ကိုယ်က ပေးရမှာပေါ့နော်။
စားစရိတ်ကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပေါ့။
ဗီဇာက (၁)နှစ်ရမယ်။
သားသားလေး လိမ္မာရင်၊ မီးမီးလေး သိတတ်ရင် (၂)နှစ်၊ (၃)နှစ်အထိ ဆက်တိုးပေးမှာပေါ့။
လာကြနော် လာကြနော်............
တစ်ရာဖိုး(၃)ယောက်။
(၆)လလောက်စုရင် အရင်းကျေပြီ။
ကျန်တာ သပိတ်လည်းဝင်အိတ်လည်းဝင်။
ခြစ်ခြစ်ခြုပ်ခြုပ်လေးများ လုပ်တတ်ရင်၊ ငါးဖယ်များခြစ်လိုက်သလို၊ အလွှာလိုက်၊ အလွှာလိုက်။ အသားတင် ကျန်တာကို ပြောပါတယ်။
ဒီလို ဒီလို တန်တယ်။
ဒီလို ဒီလို ဟန်တယ်။
ဒါကြောင့် ဒီကို ဒီကို မြန်မြန်ဆက်သွယ်။
အထက်ပါ စာသားများနဲ့ အဓိပ္ပါယ်တူ သံတူကြောင်းကွဲ ဂျပန်ကြော်ငြာတွေ ဒို့လူလေးတို့ မြင်ဖူးကြားဖူးကြမယ်ထင်ပါတယ်။
တွက်ရေးက စက်သူဌေးနော်။
ကဲ စက်သူဌေးလောင်းကို အမယ်အိုဟောင်း တချက်လောက် တွက်ပြမယ်။
သင့်အနေနဲ့ တနေ့လုံးနေလို့မှ ဘယ်သူနဲ့မှ စကားတခွန်းမပြောဘဲ၊ အလုပ် လုပ်နိုင်မလား။
အလုပ်ခွင်အတွင်း ထိခိုက်ဒဏ်ရာရမှု၊ ကိုယ့်နစ်နာဆုံးရှုံးမှု၊ ပညာသားပါပါ အနိုင်ကျင့်ခံရမှု စတာတွေ ဖြစ်လာရင်ရော ရေငုံနှုတ်ပိတ်နေနိုင်မလား။
သတ္တိရှိရှိ ကျိတ်မှိတ်ငုံ့ခံလိုက်မယ်၊ ဘုရားအသိ....အဲ့လိုရည်ရွယ်ထားလား။
ဖြောင့်မတ်မှန်ကန်တဲ့ လုပ်ငန်းရှင် လက်အောက်ရောက်သွားရင် ကိစ္စမရှိပေမယ့်၊
နိုင်ငံခြားသား( အာရှသား)ကို နှိမ်တတ်တဲ့၊ ငွေတစ်မျက်နှာပဲကြည့်တဲ့ လုပ်ငန်းရှင်နဲ့ တွေ့ရင် ဘာတွေဖြစ်နိုင်လဲ၊ စဉ်းစားဖူးလား။
အံမယ် အခုမှ ကမန်းကတမ်း ကောက်ခါငင်ခါ စဉ်းစားမယ် လုပ်မနေနဲ့။
သင်နေမယ့် နေရမယ့် နေရာကိုတောင် မှန်အောင် ခေါ်တတ်လို့လား၊
ဘာအလုပ် လုပ်ရမယ်ဆိုတာရော တိတိကျကျ သိပြီလား၊
ကိုယ့်အလုပ်ရှင်ကို မြင်ဖူးပြီလား၊
ကိုယ်မြင်ဖူးတဲ့ ဂျပန်က အလုပ်ရှင်သူဌေးဆိုတာရော ကျိန်းသေလား၊
လစာက ဘယ်လို အနေအထား၊ ဘယ်လို ပုံစံနဲ့ ရမှာလား သိပြီးပြီလား။
ကိုယ့်ကိုယ်ကို လခစား ဝန်ထမ်းကြီးလို့ ထင်နေတာလား၊
နာရီစား လရှင်းဆိုတဲ့ စနစ်ကိုရော နားလည်လား၊
ဘာမှ နားမလည်တဲ့ နိုင်ငံခြားသားတစ်ယောက်အနေနဲ့ အင်မတန်မှ ရှုပ်ယှက်ခတ်လှစွာသော ဂျပန့်အခွန်တော်ကိစ္စတွေကိုရော နားလည်ပြီလား။
စဉ်းစားရင်းတွေးရင် မေးခွန်းလေးတွေ ဖြေပါ။
ဟိုရောက်ရင် ဗြုန်းဆို ပတ်စပို့ကြီး ကောက်သိမ်းပြီး၊
ရော့ ဒီမှာ လက်မှတ်ထိုး ဆိုရင်ရော သင်ငြင်းဝံ့လား၊
ဟိုရောက်ရင် လုပ်ငန်းခွင်ထဲမှာ တရုတ်၊ ဖိလစ်ပိုင် စတာတွေက ကိုယ့်အရင်ရောက်နှင့်ပြီး၊ စဆရက ဖြစ်နေတာတွေရော သင်သိလား။
ဂျပန်စကား သိပ်တတ်စရာ မလိုဘူးဆိုရင် အစမ်းကျင့်ကြည့်တဲ့အနေနဲ့ မြန်မာပြည်က ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ်ကျင်လည်ရာ အသိုင်းအဝိုင်းမှာပဲ
(ကျေးဇူးတင်ပါတယ်ရယ်၊ ဟုတ်ကဲ့ရယ်၊ မဟုတ်ဘူးရယ်၊ မကောင်းဘူးရယ်၊ နားလည်ပါပြီရယ်) အဲ့လောက်စကားလုံးလေးကလွဲလို့ ကျန်တာ ဘယ်သူနဲ့မှ ဘာမှ မပြောဘဲ၊ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး (၃)ရက်လောက် နေကြည့်စမ်းပါ။
နေနိုင်တယ်ဆို မင်းလန်းဖြာမယ်၊ မင်းချမ်းသာမယ်။
အံမယ် ငါတို့မြန်မာတွေအတွက် စကားပြန်တစ်ယောက်ထားပေးထားပါတယ်။
( ဟုတ်ကဲ့၊ ကျမ စကားပြန်ပါ )
ကိုယ့်နှလုံးသားနဲ့ သူများပါးစပ်ငှားပြောခိုင်းရတဲ့ မပြည့်ဝမှုကို ခံစားဖူးလား။
အဲ့ကျမှ ရင်မှာခံစားရတဲ့အဖြစ်ကို မင်းက နားမလည်ဘူး မလုပ်နဲ့။
သူပြောလိုက်တာတွေကရော ကိုယ့်အတွက် ပြောပေးတာ (၁၀၀)%လို့ ကျိန်းသေလား။
သူကရော မြန်မာဆိုပေမယ့် အလိုတော်ရိ ဖြစ်နေရင် ဘယ်နှယ့်လုပ်မလဲ၊ သီဟတင်စိုးလည်း မကယ်နိုင်ဘူး၊ ရဲမင်းပိုင်လည်း အနားယူသွားပြီနော်၊ ကြည့်လုပ်။
ဒါက အလုပ်ခွင်တွင်းမှာပဲ ရှိသေးတယ်။
ပြီးတော့ အခုထောက်ပြတာတွေက အကြမ်းစားပဲ ရှိသေးတယ်၊
အဏုများစိတ်လိုက်ရရင် ဒီအမယ်လေးတစ်ယောက် ဂျပန်-မြန်မာတခွင် မျက်စိမလျင်ရင် အပေါက်ကျဉ်းဝင်တဲ့ ဖြစ်စဉ်နဲ့ ကြုံဆုံရမှာမို့ ခြုံငုံပြီးပဲ ပြောပျဇီ။
နောက်တခုက လစာနဲ့အသုံးစရိတ်။
ဂျပန်မှာ လူတစ်ယောက် ကျောတချစာနေရာအတွက် နယ်ဘက်တွေမှာ (ပွင့်ပွင့်လင်းလင်းပြောရရင် တောမှာ)(လှလှပပပြောရရင် ရွာမှာ) ဆိုရင်တော့ ယန်း(၁)သောင်းခွဲလောက် ကနေ (၂)သောင်းခွဲကြားမှာ ရှိတယ်။
ဘာဘာ ဘာနဲ့မှတော့ မနီးဘူးပေါ့။
စားစရိတ်က ဆင်းရဲသားလို နပ်မှန်မှန်စားရင် တစ်လကို ယန်း(၂)သောင်းနဲ့ (၃)သောင်းကြားမှာ ကုန်တယ်။
ဆေးလိပ်မသောက်နဲ့။ အရက်မသောက်နဲ့။ ဘီယာမသောက်နဲ့။ ဆူရှီမစားနဲ့။ ဆူကီမစားနဲ့ပေါ့။ စာတွေရော မှန်မှန်ကျက်။
ချစ်သူကမပြောလည်း အဲ့ဒါတွေအကုန်ရှောင်။ ဂျပန်ရေနွေးကြမ်းစိမ်းစိမ်းလေးတော့ သောက်လို့ရပါတယ်။
အဲ့ဒါဆိုရင်တော့ တစ်လကို ယန်း(၂)သောင်း(၃)သောင်းနဲ့ လောက်ပါတယ်။
ကိုယ်ပါလာတဲ့ ငါးပိကြော်အစရှိတဲ့ အခြောက်အခြမ်းလေးတွေ၊ ခေါက်ဆွဲခြောက်လေးတွေ စားပေါ့။
နေလို့တော့ရပါတယ်။ မသေပါဘူး။
အဝတ်အစားကလည်း အတိုင်းအတာ တခုအထိတော့ လိုအပ်တယ်။
နေရတာသာ ယာခင်းတွေကြားဆိုပေမယ့်
တဲတဖက် ဆွဲဖျက်ကာ အရင်လိုရော့ထင့်၊ ကရင်အို ယာရှင်ကြီးမှာ မီးထည့်ကာလှုံဆိုတဲ့ တိုင်းပြည်မဟုတ်ဘူး။
သူတို့ဆီက ယာရှင်ကြီးတွေက ဘွတ်နဲ့ရွှတ်နဲ့။
ဒီတော့ ကိုယ်လည်းပဲ ထိုက်သင့်သလောက်တော့ အကျီ င်္ထူ ဝယ်ရပါတယ်။
ရန်ကုန်က Export Quality ဆိုပြီး စက်မှုဇုံတွေက Rejectထည်တွေ ရောင်းတဲ့ဆိုင်က အနွေးထည်တွေဟာလည်း ဂျပန်တွေကြားမှာ မွဲမွဲပြာပြာနဲ့ မပြောင်ရောင်အဆင်းနဲ့ အထင်းသားကို ပေါ်နေတတ်ပါတယ်။
ရောက်ခါစတော့ မသိသောပေမယ့်၊ မျက်စိလေးများ အသားကျသွားရင်
ချမ်းရင်ချမ်းပလေ့စေ၊ လူကြားထဲ ဒါကြီးတော့ ဝတ်ဘူးဟယ်၊ အအေးမိခံမယ်ဆိုတဲ့ စိတ်များတဖွားဖွားဖြစ်လာပါလိမ့်မယ်။
ဒီတော့ကာ သင့်တင့်တာလေးတော့ ဝယ်ကိုဝယ်ရပါတယ်။
ဒီကြားထဲ ဂျပန်ရောက်ပဟေ့ဆိုပြီး ဖေ့ဘွတ်ကြီးပေါ်လည်း သမားစဉ်မပျက်အောင် တင်ရဦးမှာဆိုရင်တော့ကာ...
ဦးထုတ်ကအစ၊ လက်အိတ်အလယ်၊ နွေခေါင်ခေါင်ရေကစားမဏ္ဍဋ်ပေါ်မှာ စိုင်းစိုင်းစီးတဲ့ ဟိုလည်ပင်းရှည်ရှည် လည်သာဖတ်ဖတ်ကြီးလိုဟာကြီး အဆုံး ဆိုရင်တော့ .ယန်း(၁)သောင်းဖိုးလောက်တော့ တွက်ထားပေါ့။
သြော်.... ဖေ့ဘုတ်ဆိုလို့ ပြောလိုက်ဦးမယ်။
ဟိုရောက်ရင် ဒို့လူလေးများ ဖုန်းနံပါတ်နဲ့ဖုန်းကို ကိုင်ဖို့မလွယ်ဘူးကွယ့်။
အင်တာနက် နပ်မှန်အောင် သုံးခွင့်ရရင် အလုပ်ရှင်ကို ကျေးဇူးတင်လိုက်ပါ။
သင့်ကိုယ်ပိုင် ဂျပန်ဖုန်းနံပါတ်ဆိုတာကတော့ သိပ်စိတ်ကူးမယဉ်နဲ့ပေါ့။
ဆင်းဖရီးတွေ တက်ဖရီးတွေ မြန်မာတွေးမတွေးနဲ့။
ဂျပန်က တောမှာ ဘယ်ကုမ္မဏီက Sim Free လာမရောင်းဘူး။
ဒါပေသိ နေတတ်ရင် ကျေနပ်စရာ မဟုတ်ပေမယ့်လည်း၊ အကြွေးတော့ အကြေဆပ်လို့ရလောက်ပါတယ်။
ကိုယ်ရည်ကိုယ်သွေးလေးမျာ ကောင်းမယ်ဆိုရင် (၃)နှစ်အတွင်းမှာ
ကျပ်သိန်း(၁၀၀)နဲ့(၂၀၀)ကြားတော့ စုမိပါတယ်။
အဲ...မနေတတ်ရင်တော့ ထွက်ပြေးပေါ့။
ထွက်ပြေးဖို့ကိုလည်း ကိုယ့်အရင် ပြတ်ပြီးသား စီနီယာ မြီးပြတ်ကြီးများက မဲဆွယ်ပါလိမ့်မယ်။
ဘယ်ကို ပြေးကြတာလဲဟင်???
" Welcome to တကဒနိုဘဘ "
တကဒနိုဘဘရှိ ဆရာကြီးအချို့က သင့်အားလှိုက်လှဲစွာကြိုဆိုပါ၏။
အလုပ်ရှာပေးပါတယ်။
ယန်း(၃)သောင်းလောက်တော့ ပေးရမယ်။
အင်....
ဟဲ့ ပေးရမှာပေါ့၊ နင်က ပြေးလာတာလေ၊ နင့်ဗီဇာကြီးကိုလည်း ကြည့်ဦး။
နာ့မျက်နှာကြောင့် အလုပ်ခန့်တာ ကျေးဇူးတင်။
ဟု ဟု။
နေစရာလည်း ရှာပေးပါတယ်။
အိမ်ရှင်နဲ့လက်ဝါးရိုက်ထားတာလေးတော့ မသိချင်ယောင်ဆောင်ပြီး၊ ကျေးဇူးတင်ပေးလိုက်ပါ။
ဟဲ့ တင်ရမှာပေါ့၊ နင့်နာမည်နဲ့ အိမ်ငှားလို့ရလို့လား၊ အိမ်ရှင်က ငါ့မျက်နှာနဲ့ ကပ်နေခွင့်ပြုတာပဲ ကျေးဇူးတင်။
ဟု ဟု။
တကတည်း ကျေးဇူးတင် ကျေးဇူးတင် ပြောရတာ မောထှာဟယ်။
အံမယ် ဘာလဲ မဟုချင်ဘူးလား (အဲလေ) ကျေးဇူးမတင်ချင်ဘူးလား၊
အာ့ဆို ဘယ်သူ့မှ ကျေးဇူးတင်စရာမလိုအောင် ဗီဇာပြောင်းလိုက်ပေါ့။
ဒုက္ခသည်လျှောက်လေ။
ဒုက္ခသည် လျှောက်ပေးတဲ့ ကိစ္စမှာလည်း စီနီယာကြီးတချို့ဟာ စေတနာကောင်းကြပါတယ်။
လဝကမှာ အလကားယူလို့ရတဲ့ ဒုက္ခသည်လျှောက်လွှာကို သင်နဲ့အတူတူ လ.ဝ.ကသွားပြီး လမ်းတလျှောက် လက်ချာတွေလည်းရိုက်သွား၊ ပွားလည်းပွား၊ စားလည်းစားပေါ့။
သွားစရိတ် ပွားစရိတ် စားစရိတ်ကိုတော့ သင်ခံရလိမ့်မယ်။
ပေးလိုက်ပါ။
လဝကမှာ ဒုက္ခသည်လျှောက်လွှာယူတဲ့နည်း သင်မှ မတတ်ဘဲ။
သူက ရင်းထားရတာလေ။ ဆယ်နှစ် ဆယ်နှစ်။
လျှောက်လွှာရပြီလား။
ရေးရတော့မယ်။
(၁၉၈၈)နဲ့အရှေ့ပိုင်းကာလတုန်းက (၃၁)ဘုံမှာ ဘယ်ဘုံ ရောက်နေမှန်း မသိတဲ့သင်ဟာ၊
ဟော...အခုအချိန်မှာ ဂျပန်နိုင်ငံကြီးကို ရောက်ရှိလာပြီး၊ နေ့ချင်းညချင်းကို မြန်မာပြည်ကို ဘယ်လိုမှ ပြန်လို့မရတော့တဲ့ အခြေအနေတရပ်ကို ဆိုက်ရောက်သွားကြောင်းကို ယုတ္တိယုတ္တနဲ့ရေးရပါတော့မယ်။
ရေးတတ်လား။
မရေးတတ်ရင် သင့်ကိုယ်စား ခံစားပြီး ဇါတ်လမ်းဆင်ဝတ္ထုရေးပေးမယ့် ပုဂ္ဂိုလ်ကြီးများရှိပါတယ်။
ပုံပြောကောင်းတဲ့ ဦးဦး။
ယန်း(၁)သောင်း ( မြန်မာငွေ တစ်သိန်းလောက်တော့ ပေးရမှာပေါ့)
ပေးလိုက်ပါ၊ သင်မှ မရေးတတ်တာ။
သူက ရင်းထားရတာလေ။ ဆယ်နှစ် ဆယ်နှစ်။
ပုံပြင်လေးရေးပြီးသွားရင် ဂျပန်လို ဘာသာပြန်ရတယ်ကွယ့်။
ယန်း (၂) ကနေ ယန်း (၅)အတွင်းရှိတယ်။ သင့်ရာဇဝင် ရှည်ရင်ရှည်သလိုပေါ့။
ပေးလိုက်ပါ။ သင်မှ ဂျပန်စာ မတတ်ဘဲ။
သူက ရင်းထားရတာလေ။ ဆယ်နှစ် ဆယ်နှစ်။
Overstayမဖြစ်သေးတဲ့ ဒုက္ခသည်လောင်းလျာဘဝမှာ သင်တဖြည်းဖြည်း တတ်မြောက်လာတာ တွေလည်း ရှိပါတယ်။
အိုးတိုက်တတ်မယ်၊ ပန်းကန်ဆေးတတ်မယ်၊ သန့်ရှင်းရေး လုပ်တတ်မယ်၊ အချိန်နည်းနည်းကြာလာရင် အကြော်လေး၊ အကင်လေးပါ လုပ်တတ်လာဦးမှာ။
စကားလေးများရရင် စားပွဲလေးလည်း ထိုးတတ်လာမယ်။
ဒီအလုပ်တွေဟာ သမာအာဇီဝအလုပ်တွေ ဖြစ်တဲ့အတွက်၊ မသိမ်ငယ်ပါနဲ့။
လက်ကြောမတင်း၊ ဝီရိယဖျင်းရင် လုပ်လို့မရနိုင်တဲ့အလုပ်တွေ ဖြစ်တဲ့အတွက်
ကိုယ့်ကိုယ်ကို ကျေနပ်ပါ။
ယူတတ်ရင် ဂျပန်တွေဆီက အကျင့်ကောင်းနဲ့ စနစ်ကောင်းတွေကို စစ်ယူလို့ ရပါသေးတယ်။
ထို့အတူ မြန်မာကာရာအိုကေဆိုင်လည်း ထိုင်တတ်လာမယ်၊ ဘောပွဲလေးလည်း လောင်းတတ်လာမယ်။
ပြတင်းပေါက်ဆိုတာ ဖွင့်ထားရင် လေကောင်းလေသန့်ကြီး ရွေးဝင်လာတာမျိုး မဟုတ်ဘူး။
ဖုန်လည်းဝင်မယ်၊ အမှိုက်လည်းဝင်မယ်။
သင့်စိတ်ပြတင်းပေါက်မှာ ဇကာတတ်ဖို့တော့ မမေ့နဲ့ပေါ့။
ဒါနဲ့ လျှောက်ထားတဲ့ ဒုက္ခသည်ဗီဇာကြီးကရော.... ရမှာလားဟင်။
ဆုတောင်းလေ ဆုတောင်း၊
မဆိုစကောင်း ဆိုစကောင်း၊
မြန်ပြည်ကြီးလည်း အမည်ပြောင်း၊
သင်သည်လည်းပဲ ရနိုင်ကောင်းပါကြောင်း။
နန္ဒာ
၂၀၁၆.၀၉.၀၄

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။