“မျိုးချစ်စိတ်စစ်စစ်ဆိုတာ ပညာ၊ မေတ္တာ၊ စေတနာ၊ သစ္စာ၊ အကျင့်သီလတွေနဲ့ တည်ဆောက်ရတယ်ဆိုတဲ့ ဆရာဦးဘုန်း(ဓာတု)နှင့်တွေ့ဆုံခြင်း”
Q. တချို့လူငယ်တွေက ကိုယ့်ကိုယ်ကိုယ်မျိုးချစ်စိတ်ရှိတယ်လို့ ယူဆကြပြီး သူများမြှောက်ပေးတဲ့အတိုင်း တခြားလူမျိုးတွေရဲ့ အဆောက်အဦတွေကို ဖျက်ဆီးတာမျိုးတွေ လုပ်တတ်ကြတယ်ဆရာ။ အဲဒါကြောင့် သူ့လုပ်ရပ်ရဲ့နောက်ဆက်တွဲဖြစ်လာမယ့် အကျိုးဆက်တွေကို စဉ်းစားဆင်ခြင်တတ်အောင် လူငယ်တွေကို အကြံပြုပေးပါဦးဆရာ။
A. အဲဒါတွေက မျိုးချစ်စိတ် ဟုတ်ကို မဟုတ်တာ။ ဒါ အကြမ်းဖက်တာလေ။ မျိုးချစ်စိတ်ဆိုတာ ကိုယ့်အနီးအနား ပတ်ဝန်းကျင်မှာရှိတဲ့ လူသားမျိုးနွယ်အားလုံးကို ချစ်တတ်တဲ့စိတ်ရှိရင် ဒီပြဿနာတွေ မဖြစ်တော့ဘူး။ ဆရာ ဥပမာပေးမယ်နော်။ မိတ်္ထီလာမှာ ပဋိပက္ခ ဖြစ်တယ်။ မိတ်္ထီလာပဋိပက္ခက ဆရာတို့ မန္တလေးနဲ့ မနီးမဝေးပဲ။ အဲဒီအချိန်မှာ လူတွေက ငါတို့မခံနိုင်ဘူး၊ မခံနိုင်ဘူးဆိုပြီး ဖြစ်ကြတာ။ ကိုယ်မခံနိုင်သလို သူတို့မခံနိုင်ဘူးဆိုတာကို ကိုယ့်ဘက်က မစဉ်းစားမိဘူး။ အပြန်အလှန်ပဲ။ သူတို့လည်း မမှန်သလို ကိုယ်ကလည်း မှားသွားပြီ။ ကိုယ်ကလည်း မမှန်တော့ဘူး။ သူကလည်း မှားသွားပြီ။ နောက်ဆုံး အကုန်လုံးပြီးသွားတဲ့အခါကျတော့ တစ်ယောက်မျက်နှာ တစ်ယောက် ပြန်ပြီးမြင်ရတယ်။ ငါတို့လုပ်ခဲ့တာတွေဟာ ဘာမှအကျိုး မရှိဘူး၊ အကျိုးမရှိတဲ့အပြင် ကိုယ်ရော၊ သူရော အကုန်လုံး ထိခိုက် ခံစားကြရတယ်ဆိုတာကို ပြီးတဲ့အခါမှာ သုံးသပ်တတ်ရမယ်။ အဲဒီလိုမဟုတ်ဘဲ ငါတို့လုပ်နေတာတွေ မှန်တယ်လို့ ဒီကနေ့ အထိ တွေးနေ ရင်တော့ ဘယ်တော့မှ ငြိမ်းချမ်းတဲ့ မျိုးချစ်စိတ် စစ်စစ်တွေ ဖြစ်လာ မှာမဟုတ်ဘူး။ ရန်စတဲ့ အယောင်ဆောင် မျိုးချစ်စိတ်ဓာတ်တွေပဲဖြစ်မှာ။
ဆရာ လူငယ်တွေကိုပြောချင်တာက ကိုယ့်အမျိုးအနွယ် ကို စောင့်ရှောက်ချင်ရင် သူ့အမျိုးအနွယ်ကိုလည်း ကိုယ့်အမျိုးအနွယ်အပေါ် ထားတဲ့စိတ်မျိုးနဲ့ ဗြဟ္မစိုရ်တရားလက်ကိုင်ထားပြီး ရှုမြင်ရမယ်။ သူ့အမျိုးအနွယ်ကို ဖျက်ဆီးခြင်းဟာ ကိုယ့်အမျိုးအနွယ် ပျက်စီးရာ ပျက်စီးကြောင်းကို လုပ်နေတာလို့ လူငယ်တွေကို မြင်စေချင်တယ်။ ဒါကြောင့် မျက်စိတစ်ဆုံးလေး ကြည့်ပြီးတော့ ကိုယ့်စိတ်ထဲထင်တာတွေကို ချက်ချင်းမလုပ်ကြပါနဲ့။ နောက်ဆက်တွဲဖြစ်လာမယ့် အကျိုးဆက်တွေကို စဉ်းစားဆင်ခြင်ကြည့်ပါ။ မတရားတဲ့ အမှုကိစ္စတွေ ရှိတယ်လို့ယူဆရင် တရားဥပဒေနည်းလမ်းအရ ဖြေရှင်းလို့ရတာတွေ မှန်သမျှကို တရားဥပဒေနည်းလမ်းအတိုင်း နည်းမှန်လမ်းမှန်နဲ့ ဖြေရှင်းကြပါ။ တရားဥပဒေဘောင်ကျော်ပြီး လုပ်မယ်ဆိုရင် ကိုယ်တိုင်လည်း အရေးယူခံကြရမှာပဲဆိုတာ လူငယ်တွေကို ပြောချင်တယ်။
Eternal Light Magazine
June 2014
“မျိုးချစ်စိတ်စစ်စစ်ဆိုတာ”
June 2014
“မျိုးချစ်စိတ်စစ်စစ်ဆိုတာ”
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။