အစိမ်းရောင် လွင်ပြင်
ရှမ်းခေါက်ဆွဲငရုပ်ကောင်းကြော်
***********************
ဒီချိန် ဗိုက်ဆာနေကြမယ်ဆိုတာ သိလို့ ရှမ်းခေါက်ဆွဲ ( ရေစိမ် ခေါက်ဆွဲ)ကို ငရုပ်ကောင်းနံ့ မွှေးမွှေးလေးနဲ့ ကြော်ထားပါတယ်။ ကြော်နည်းကတော့ ခက်ခက်ခဲခဲ မဟုတ်ပါဘူး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ရေစိမ်ခေါက်ဆွဲလို့ ခေါ်ပြီး ပြည်မမှာ ရှမ်းခေါက်ဆွဲလို့ သိကြတဲ့ ဆန်ခေါက်ဆွဲ ခြောက်ကို ရေစိမ်ထားပါတယ်။ အသီးအရွက်ကိုတော့ မိမိထည့်လိုတဲ့ အသီးအရွက်ကို ပြင်ဆင်ပါ။ ဒီမှာတော့ မုန်လာဥနီ၊ ပန်းမုန်လာ၊ ပြောင်းဖူးအစေ့ခြွေ၊ ငရုပ်ပွ အစိမ်းတို့ကို ထည့်ထားတာပါ။ ဝက်သားကို ပါးပါးလှီးပြီး ဆားအရသာ ဝင်အောင် နယ်ထားပါတယ်။ ကြက်သွန်ဖြူ ဓားပြားရိုက်ပြီး ဂျင်းကို ပါးပါးရှည်ရှည် လှီးထားပါတယ်။ စကြော်မယ်ဆိုရင် ရေစိမ်ထားတဲ့ ခေါက်ဆွဲတွေကို ရေစစ်ပါ။ ထို့နောက် ဝက်သားများကို ဆီပူပူမှာ ကြော်ပြီး ဝက်သားကျက်ရင် ကြက်သွန်ဖြူ၊ ဂျင်း ထည့်ပြီးနောက် ၁မိနစ်ခန့်မှာ အသီးအရွက် ထည့်ပါတယ်။ အသီးအရွက် မကျက်ခင်မှာ ရေစိမ်ထားတဲ့ ခေါက်ဆွဲတွေကို ( ပြုတ်ရန်မလိုပါ) ထည့်လိုက်ပါတယ်။ ထို့နောက် ခရုဆီ၊ ပဲငံပြာရည်၊ ဆား၊ အရသာမှုန့်တို့ကို ရေအနည်းငယ် ရောထည့်ပြီး နှံ့အောင်၊ ခေါက်ဆွဲ အိုးမကပ်အောင် သေချာမွှေပါတယ်။ ခေါက်ဆွဲမာရင် ရေအနည်းငယ် ထပ်ထည့်နိုင်ပါတယ်။ မကြာခင်မှာ ခေါက်ဆွဲဖတ်တွေ ကျက်သွားပြီး ငရုပ်ကောင်းမှုန့်တွေကို ထည့်ပြီး နှံ့အောင်မွှေပါတယ်။ အရသာအပေါ့အငံမြည်းလို့ နှစ်သက်ပြီဆိုရင် ကြက်သွန်မြိတ်လေး ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။