မြ၀တီ
ဝါသနာဗီဇကို တစ်ဆင့်ပြီး တစ်ဆင့် အခြေခံခြင်း
လူတိုင်းမှာ ဝါသနာနဲ့ ဗီဇတွေ ငယ်စဉ်ကပင် မသိမသာ ရှိနေတတ်ကြ ပါတယ်။
ကစားစရာ အရုပ်များ ဖြုတ်တပ် ပြုပြင်ခြင်းဖြင့် အင်ဂျင်နီယာ အခြေခံ ဝါသနာပါခြင်း၊ မုန့်အမျိုးမျိုး၊ စားစရာ အမျိုးမျိုးကို အခြေခံ၍ စားသောက်ကုန် ပစ္စည်း ထုတ်လုပ်မှု ဝါသနာပါခြင်း၊ ကစားစရာ အရုပ်ကလေးများ အတွက် ဂါဝန်၊ အင်္ကျီ စသည်ဖြင့် ချုပ်ကစားခြင်းမှ အရွယ် ရောက်သောအခါ အပ်ချုပ်သမား ဒီဇိုင်နာ ဖြစ်လာခြင်း စသည်ဖြင့်...။
ဆိုလိုသည်မှာ ငယ်စဉ် ဘဝကပင် ဝါသနာ အခြေခံကို မြင်တွေ့ နိုင်ကြပါတယ်။ တဖြည်းဖြည်းနဲ့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဝါသနာ အရင်းခံပြီး ဗီဇရဲ့ လှုံ့ဆော်မှုနဲ့ ဘဝ လမ်းကြောင်းပေါ်မှာ လုပ်ငန်းခွင် လုပ်ငန်းများ ဆောင်ရွက် လာတတ်ကြပါတယ်။
အိမ်ထောင်ကျ ခါစက ''အသုပ်စုံ''လုပ်ရောင်း နေသောဘဝ မိန်းမက အသုပ် လက်ရာ ကောင်းကောင်း၊ ယောက်ျားက ဟင်းချို ပန်းကန်ချပေး၊ ပန်းကန်ဆေးပေး တက်ညီလက်ညီ လုပ်နေခဲ့ ရာက အခွင့်အရေး ပေါ်လာပြီး ယောက်ျားက ရုပ်ရှင် ဇာတ်ညွှန်းရေး၊ မိန်းမက ရိုက်ကွင်းမှာ ထမင်းချက် ကန်ထရိုက် ယူခဲ့ကြရာက တစ်ဆင့်ပြီး တစ်ဆင့် တက်လာခဲ့တာ ယနေ့ဆိုလျှင် အောင်မြင် ကျော်ကြားတဲ့ ရုပ်ရှင် ဒါရိုက်တာ စုံတွဲ ဖြစ်နေကြပါပြီ။
အဲဒီလိုပါပဲ ငယ်စဉ်က ရုပ်ပြောင် တွေရေး၊ ကယ်ရီကယ်ချာ ရုပ်ပြောင် ဇာတ်လမ်းတွေ ရေးဆွဲခဲ့တဲ့ အခြေအနေကနေ လူကြမ်း သရုပ်ဆောင် တပည့်အနေနဲ့ ရုပ်ရှင် ဝင်ရိုက်ခံခဲ့ရာမှ သူရဲ့ ကြိုးပမ်းမှုကြောင့် ယနေ့ နာမည်ကျော် ဒါရိုက်တာ ဖြစ်နေပါပြီ။
သူတို့ဖြတ်သန်းမှု ဘဝတွေက လွယ်ကူ ခဲ့တယ်လို့ မဆိုလိုပါ။ လုပ်ငန်းခွင်မှာ ဝါသနာနဲ့ ဗီဇကို အခြေခံပြီး တဖြည်းဖြည်းနဲ့ မြင့်တက်လာအောင် စွမ်းဆောင် နိုင်ခဲ့ ကြတာ ဖော်ပြခြင်းပါ။
ဝါသနာဗီဇ အခြေခံပြီး တိုးတက်အောင် လုပ်ဆောင် နိုင်ခဲ့တဲ့ စာရေးသူရဲ့ ကိုယ်တွေ့ကို တင်ပြပါရစေ။
၁၉၇၂ ခုနှစ်ခန့်က စာရေးသူရဲ့ ဇနီးက ရခိုင်က ကျောက်ဖြူ ဆရာ အတတ်သင်ကို သင်တန်း တစ်နှစ် သွားတက်ရပါတယ်။ ရန်ကုန်မှာ ကျောင်းဆရာလုပ်ပြီး ကျန်နေခဲ့တဲ့ စာရေးသူဟာ ကျောင်းဆင်း ချိန်မှာ အချိန်တွေပိုပြီး အထီးကျန် ခဲ့ရပါတယ်။
အဲဒီမှာ စာရေးသူတို့နေတဲ့ လှိုင်မြို့နယ် စန္ဒာမြိုင် ရုပ်ရှင်ရုံရဲ့ နောက်ကျောက ခြံကြီးတစ်ခြံမှာ ရုပ်ရှင် ပိုစတာတွေကို ဆရာ ဦးဖေခင် (ဂျပန်လမ်း)က တာဝန်ယူ ရေးဆွဲ နေပါတယ်။ တစ်ပတ်တစ်ခါ ကားသစ် တင်တိုင်း ပိုစတာ အသစ်တွေ ရေးရပါတယ်။
စာရေးသူက ကျောင်းဆင်းတာနဲ့ ပန်းချီရုံထဲ သွားပြီး ပိုစတာအဟောင်း တွေကို အရောင်များ ဖျက်ခြင်းက အစ ဆရာဦးဖေခင် ရေးထားတဲ့ အရုပ်တွေကို အောက်ခံပုံတွေ အရေးကျင့် ရပါတယ်။ ဆရာက အချောပြင် ပေးပါတယ်။ အထူး သဖြင့်တော့ နာမည် စာလုံးတွေကို ရေးခြင်း၊ အရောင်သွင်းခြင်းများ လုပ်ပေးခဲ့ ရပါတယ်။
အဲဒီလို ပိုစတာ ရေးရင်းနဲ့ အခြေခံ လုပ်အားပေး လုပ်ခဲ့တာဟာ တစ်နေ့မှာ ငါဟာ လုပ်ငန်းခွင် ဝင်ငွေရှာတဲ့ သူဖြစ်ရမယ်လို့ ရည်ရွယ်ချက် မရှိခဲ့ပါဘူး။ ဝါသနာ ဗီဇကြောင့် ရေးခဲ့ခြင်း၊ သင်ယူခဲ့ခြင်းသာ ဖြစ်ပါတယ်။
ဒါပေမဲ့ နှစ်ပေါင်း သုံးဆယ်ကျော် ကြာတဲ့ အခါမှာတော့ စာရေးသူ ကျောင်းဆရာ ဘဝက ပင်စင် ယူခါနီးမှာ ဆီဆေး၊ ရေဆေး ပန်းချီကားတွေ ရေးပြီး ပြပွဲတင် ဖြစ်ခဲ့ပါတယ်။ ငယ်စဉ်က ဝါသနာ၊ ဗီဇနဲ့ လုပ်ငန်း ဆောင်ရွက်ခဲ့တာ တွေရှိခဲ့ဖူး တာကြောင့် တိုးတက်နေပါပြီ။ ခုတော့ ပန်းချီ ဆရာကြီး ဦးဖေခင်မရှိတော့ပါ။ အဲဒီလိုနဲ့ ပန်းချီရုံမှာ အချိန်ကုန်ပြီး ညဘက်ကျတော့ ပန်းချီ ရုံနားက ဓာတ်ပုံ မြမိုးဆိုသူရဲ့ ဓာတ်ပုံဆိုင်မှာ အဖြူအမည်း ပုံကူးခြင်း၊ ဖလင်ခဲထိုးခြင်း၊ ဆေးရောင်စုံ ခြယ်ခြင်းများကို ဝါသနာအရ သင်ယူ ခဲ့ပြန်ပါတယ်။ စနေ၊ တနင်္ဂနွေနေ့
များမှာ ဆရာမြမိုး အောက်ဒိုး ရိုက်ကူးတဲ့ ကမ္ဘာအေး ဘုရားမှာ ဓာတ်ပုံ ရိုက်ကူးခြင်း၊
ရိုက်ကူးပြီး ဓာတ်ပုံများ လိုက်ပါ ပို့ဆောင်ခြင်း အလုပ်တွေကို အချိန်ရသရွေ့ ပညာသင် လုပ်အား ပေးခဲ့ပါတယ်။ အဲဒီလိုနဲ့ နှစ်ပေါင်း သုံးဆယ်ကျော်ကြာတဲ့ အခါမှာ ပြိုင်ပွဲဝင် ဓာတ်ပုံများ ရိုက်ကူးခြင်းနဲ့ မှတ်တမ်းပုံများ ရိုက်ကူးခြင်းတို့ အတွက် အသုံးဝင်လာပြီး အခကြေးငွေ ရရှိအောင် ဆောင်ရွက် နိုင်ခဲ့ပါတယ်။
ဆရာမြမိုးဆီမှာ ဓာတ်ပုံပညာ သင်ရင်း အခြေအနေ တစ်ခုက ဖန်တီးလာ ပါတယ်။ သတင်းထောက် လုပ်ငန်းပဲပေါ့။ ပန်းချီရုံနဲ့ ဓာတ်ပုံဆိုင် ကြားထဲမှာ နာမည်ကြီး ရုပ်ရှင် မင်းသမီး တစ်ယောက် နေပါတယ်။ အနောက်တိုင်း ဆန်တဲ့ အလှနဲ့ နာမည် ကြီးသူပါ။ စာရေးသူတို့နဲ့ မိသားစုလိုက် ရင်းနှီးကြပါတယ်။
တစ်နေ့တော့ အဲဒီမင်းသမီးက သူ့ကိုယ်သူ သေနတ်နဲ့ ပြန်ပစ်တဲ့ ကိစ္စ ပေါ်ပေါက် လာပါတယ်။ သူ့ယောက်ျားက အရာရှိ တစ်ဦးဆိုတော့ ဖုံးဖုံးဖိဖိ လုပ်ထား လိုက်ပါတယ်။ အဲဒီသတင်းကို စာရေးသူက အသေးစိတ် သိရပြီး စာရေးသူရဲ့ ညီမတွေထဲမှာ အဲဒီမင်းသမီးရဲ့ အလှပုံတွေက အသင့်ရှိတော့ သတင်းရေးပြီး ''သတင်း ဂျာနယ်'' တိုက်ကို သွားပို့ ထားခဲ့ပါတယ်။ သတင်း ဂျာနယ်တိုက်မှာ စာအိတ်နဲ့ ''အထောက် တော်လှအောင်'' သို့ဆိုပြီး ထားခဲ့တာပါ။
စာရေးသူရဲ့ကျောင်းက ဗိုလ်ရှုခံမှာပါ။ ယခုလွှတ်တော် အဆောက်အအုံ ဆောက်ထားတဲ့ နေရာပေါ့။ ကျောင်းက ပြန်လာပြီး ကျောင်းတက်ချိန် ရောက်တော့ သတင်း ဂျာနယ်တိုက်က ပုဂ္ဂိုလ်နှစ်ဦး ရောက်လာ ပါတယ်။ ဆရာ အထောက် တော်လှအောင် ကစာရေးသူ ပေးထားတဲ့ သတင်းကို အသုံးပြုမှာ ဖြစ်ကြောင်းနဲ့ နောက်ဆက်တွဲ သတင်းတွေ ရေးပေးဖို့ ပြောခိုင်းတာတဲ့။ ညောင်ဦး အောင်ဆန်းညိုနဲ့ သတင်းထောက် စိန်ဝင်းလေးလို့ သိရပါတယ်။
အဲဒီမှာ နိုင်ငံပိုင် သတင်းစာများမှာ မပါဝင်တဲ့ မင်းသမီးသတင်းဟာ သတင်း ဂျာနယ်မှာ ဝေဝေဆာဆာ ပါလာ ပါတော့တယ်။ စာရေးသူ ကလည်း လက်သွက်သွက်နဲ့ နောက်ဆက်တွဲ သတင်းတွေ ရေးပေးလိုက် မိပြန်ပါတယ်။ ဒီလိုနဲ့ သတင်းဂျာနယ် သတင်းထောက် အဖြစ် ဆရာ အထောက် တော်လှအောင်က တာဝန်ပေးတော့ သတင်းတွေ ဆက်ရေး ဖြစ်ပါတယ်။ ကင်မရာ မဝယ်နိုင်တော့ ဆရာမြမိုး ကင်မရာနဲ့ပေါ့။ ဒီနောက် ဆရာ မောင်မောင်ကျော်ရဲ့ ''မျက်လုံး'' ဂျာနယ်မှာ ပင်တိုင် သတင်းထောက် လုပ်ဖြစ်ခဲ့ ပါသေးတယ်။ ဝန်ထမ်း အလုပ်က တစ်ဖက်၊ ကျောင်းစာက တစ်ဖက်နဲ့ ဆိုတော့ ဓာတ်ပုံ သတင်းထောက် မလုပ်ဖြစ်တော့ဘဲ ဆောင်းပါးတွေဘက် လှည့်ခဲ့ ရပါတယ်။
ဒါပေမဲ့ နှစ်ပေါင်းသုံးဆယ်ကျော် ကြာပြီး ပင်စင် ယူခါနီးတော့ ကင်မရာကို ကိုယ်တိုင်ဝယ်၊ ဓာတ်ပုံ သင်တန်း ကိုယ်တိုင်တက်ပြီး ကြေးမုံ သတင်းစာ၊ မြို့တော် သတင်းစာနဲ့ လျှပ်တစ်ပြက်၊ မော်နီတာတို့မှာ ယနေ့ထိ ဓာတ်ပုံ သတင်းထောက် အဖြစ် ဆောင်ရွက် နေပါတယ်။ ပင်စင်လစာထက် ပိုတဲ့ စာမူခတွေနဲ့ လုပ်ငန်းခွင်မှာ ပျော်မွေ့နေပါပြီ။
ဖြစ်ချင်တော့ စာရေးသူ အသက်ခြောက်ဆယ့် ငါးနှစ်မှာ လေဖြတ်တဲ့ ဝေဒနာ ခံစားရပါတယ်။ မိုးမိပြီး ဘယ်ဘက်တစ်ခြမ်း လေဖြတ် သွားပါတယ်။ ဆေးရုံကို ဆယ်ရက်လောက် တက်ရပြီး ဆေးရုံက ဆင်းတော့ တုတ်ကောက် တစ်ဖက်နဲ့ လမ်းလျှောက် ရပါတယ်။
အဲဒီဆေးရုံ မတက်မီ ကတည်းက စီစဉ်ထားတဲ့ စာရေးသူရဲ့ ကလေးကဗျာ စာအုပ်လည်း ထွက်လာ ခဲ့ပါတယ်။ ဆေးရုံက ဆင်းတာနဲ့ တုတ်ကောက် တစ်ဖက်နဲ့ ရေးတဲ့ ပုံပြင် စာအုပ်ကိုလည်း ထုတ်ဝေ သူရှာ တွေ့ခဲ့ပါတယ်။ ''လှပ'' ဂျာနယ်မှာ အယ်ဒီတာ လုပ်ပြီး ပုံပြင်တွေ ရေးထားတာကို စုထုတ်ဖို့ ဆောင်ရွက် နေတာပါ။
အာရှပလာဇာမှာ ရှိတဲ့ ထုတ်ဝေသူဆီ သွားရင်းနဲ့ သုံးဆယ့် ရှစ်လမ်းမှာ ''စီးပွားရေး ဂျာနယ်'' တစ်စောင် ထုတ်နေတဲ့ တပည့် တစ်ယောက်နဲ့ တွေ့ရ ပြန်ပါတယ်။ တပည့် ဆိုပေမယ့် စာရေးသူက သင်ပေး ခဲ့ရတဲ့ တပည့် မဟုတ်ပါ။ စာရေးသူ ကျောင်းအုပ် အဖြစ်နဲ့ တွေ့ရတဲ့ လူငယ် တစ်ဦးပါ။ သူက သူရဲ့''စီးပွားရေး အကျိုးဆောင် ဂျာနယ်'' မှာ ကူညီဖို့ ပြောတာနဲ့ လေတစ်ဖက် ဖြတ်ထားတဲ့ ခန္ဓာနဲ့ အလုပ်ကို အချိန်ပိုင်း ဝင်လုပ် ပေးခဲ့ပါတယ်။ လစာ ကလည်း ထိုက်ထိုက်တန်တန် ပေးပါတယ်။ ''စီးပွားရေး အကျိုးဆောင် ဂျာနယ်'' အယ်ဒီတာ အဖွဲ့မှာ ပါဝင် ဆောင်ရွက်ရင်းနဲ့ ရှေ့လူတွေ ထွက်သွားတော့ အယ်ဒီတာ အဖွဲ့ဝင်၊ နောက်အယ်ဒီတာချုပ် အဖြစ် လုပ်ပေးခဲ့ ရပြန်ပါတယ်။ ဒီနောက် ဘဝ အလှည့်အပြောင်း ဖြစ်ခဲ့ ရပါတယ်။
ပင်စင်လစာတွေ မတိုးမီ ကတည်းက ဒုက္ခိတဘဝနဲ့ အယ်ဒီတာချုပ် လစာ ရခဲ့ပါတယ်။ ဝါသနာ အရင်းခံ ဗီဇကြောင့် အောင်မြင် ခဲ့တာပါ။ ဒါပေမဲ့ သုံးလခန့် ကြာတော့ ထုတ်ဝေသူ တပည့်က
လုပ်ငန်း ချဲ့ထွင်မယ် ဆိုပြီး စာပေလောက ထဲက စာပေရေးရာထက် ဖက်ရှင် မော်ဒယ်လ် ရေးရာ အားသန်တဲ့ လူငယ်တစ်ဦးကို စာရေးသူနဲ့ တွဲဖက်ဖို့ ပြောလာပါတယ်။ စာရေးသူက အဲဒီ အယ်ဒီတာလေးနဲ့ ဦးတည်ချက် မတူလို့ တွဲမလုပ်ချင်တာနဲ့ စာအုပ် အောင်မြင်မယ် ထင်ရင် အဲဒီ ဖက်ရှင်မော်ဒယ်လ် အယ်ဒီတာနဲ့ပဲ ဆက်လုပ်ပါဆိုပြီး နှုတ်ထွက် ခဲ့ပါတယ်။ စိတ်လိုက်မာန်ပါ ထွက်လို့ ဆိုပြီး စာရေးသူရဲ့ လဝက်စာ လုပ်အားခကို ထုတ်ဝေသူ တပည့်က လုံးဝ မပေးတော့ပါ။
ဒါပေမဲ့ စာရေးသူဟာ အဲဒီဂျာနယ်မှာ မလုပ်ရလို့ စာပေ လောကရဲ့ပြင်ပ ရောက်မသွားခဲ့ပါ။ မြို့နယ်စာပေ စာနယ်ဇင်း အဖွဲ့ရဲ့ ရန်ပုံငွေ စာအုပ်များ၊ မဂ္ဂဇင်း များကို ဆက်လက် စီစဉ်လျက် ရှိခဲ့ပါတော့တယ်။
မမျှော်လင့်ဘဲ ငယ်စဉ်က ဝါသနာ ဗီဇ အခြေခံတဲ့ စာပေပန်းချီ၊ ဓာတ်ပုံလုပ်ငန်း များနဲ့ ပင်စင်စား ဘဝကို ဖြတ်ကျော် နိုင်ခဲ့ပါတယ်။
ဘဝရဲ့ အလှည့်အပြောင်းမှ တိုးတက်မှုများ ရနိုင်ခဲ့တာဟာ ပင်စင်စား အနိုင်နိုင် သုံးစွဲတဲ့ ဘဝက စာမူခ၊ လုပ်အားခ တွေနဲ့ ဘဝမှာ ကျေနပ်စရာတွေ ဖြစ်ခဲ့ရတယ်။
တကယ်တော့ ဝါသနာနဲ့ ဗီဇကို အခြေခံပြီး တစ်ဆင့်ပြီး တစ်ဆင့် လှမ်းတက် နိုင်ခဲ့တဲ့ အခြေအနေကို ကျေနပ်စရာ အတိ ဖြစ်ခဲ့ ရပါတော့တယ်။
ဆောင်းပါးရှင်-ကြည်ဇော်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။