မင်းလူ၏ ၀တ္တုတိုများ
"လျှာ နှင့် ဆေး" (မင်းလူ)
==============
ဆေးဆိုလျှင် အရသာဆိုးသည်သာ များ၏။ ပို၍အစွမ်းထက်လေ ပို၍ခါးသီးလေပင်။ ဤသဘောတရားကား သဘာဝကျလေသည်။
ဆေး၏ ရည်ရွယ်ချက်မှာ ရောဂါပိုးတို့ကို တိုက်ခိုက်သတ်ဖြတ်ရန် ဖြစ်သည်။ ရောဂါပိုးမွှား ဆိုသည်မှာလည်း သွေးနှင့်ကိုယ် သားနှင့်ကိုယ်။ ချိုမြိန်သော အရသာကို ကြိုက်နှစ်သက်ပြီး ခါးသီးမှုကို ကြောက်လန့်ပေလိမ့်မည်။ ခါးသီးခြင်းသည် ပိုး၏ရန်သူ၊ လူ၏မိတ်ဆွေဟုပင် ဆိုကြပါစို့။
ငယ်ငယ်က နေမကောင်းဖြစ်လျှင် ငန်းဆေးခါးခါးကြီးနှင့် ကွမ်းရွက်ပြုတ်ရည် ပူပူစပ်စပ်ကြီးကို ကြိတ်မှိတ်၍ မျိုခဲ့ရသည်။
တစ်ခါတစ်ရံ ကပြားဆရာဝန်ကြီး ဒေါက်တာဘာတာချာချီထံ သွားရ၏။ သူကိုယ်တိုင် ဖော်စပ်ထားသော ဆေးရည်များကို ပေးတတ်သည်။ ဆေးငါးခွက်ရောင်းလျှင် သုံးခွက်လောက်သာ ဝမ်းထဲရောက်သည်။ နှစ်ခွက်က အန်ထွက်ကုန်သောကြောင့် ဖြစ်၏။ လူကြီးတွေက ဆေးပတ်မပြည့်မည် စိုးသောကြောင့် ဆရာဝန်ကြီးဆီသွားပြီး ဆေးထပ်တောင်းသည်။ သူကရယ်၍ “ဆေးထပ်ပေးစရာ မလို၊ စကတည်းက အန်ထွက်မည့် ဆေးတွေအတွက်ပါ ခန့်မှန်း၍ ကျွန်ုပ် ပိုပိုသာသာ ထည့်ပေးလိုက်ပါသည်” တဲ့။
ဆေးတစ်ခါသောက်ဖို့အတွက် လက်တွေ ခြေတွေ ချုပ်သည့်လူက ချုပ်၊ နှာခေါင်းပိတ်သူက ပိတ်၊ ဆေးဇွန်းကိုင်သူက ကိုင်။ အရပ်ကူပါ လူဝိုင်းပါ။
ငယ်ငယ်က သောက်ခဲ့ရသည့် ဆေးခါးကြီးများ၏ အရသာဆိုးကိုတော့ ဘယ်တော့မှ မမေ့။ လျှာပေါ်မှာ တစ်သက်လုံးစွဲနေသည်ဟု ထင်သည်။
* * * * *
တိုင်းရင်းဆေးများသည် အသီး၊ အရွက်၊ အပွင့်၊ အခေါက်၊ အမြစ် ပဉ္ဖငါးပါးကို အမှုန့်ပြု၍လည်းကောင်း၊ သုံးခွက်တစ်ခွက်တင် ကျို၍လည်းကောင်း အသုံးပြုနေကြတုန်းပင် ဖြစ်၏။
အနောက်တိုင်း ဆေးဝါးထုတ်လုပ်မှု နည်းပညာကား များစွာ တိုးတက်လာသည်။
ဆာလဖာ၊ ကွီနိုင် စသည်တို့ကို ဆရာဝန်ကိုယ်တိုင် အချိုးအစားအတိုင်း ရောနှောဖော်စပ်နေစရာ မလိုတော့ပြီ။ အဆင်သင့် အသုံးပြုနိုင်အောင် ထုတ်လုပ်လာကြသည်။
မျိုချရလွယ်အောင် အခဲလုပ်လာကြသည်။ အချို့ဆေးများကို သကြားအုပ်ထားသည်။ ကက်ပစူးခေါ် ပလတ်စတစ်ကြုတ်လေးတွေထဲ သွတ်သွင်းလာကြသည်။ ဆေးကို ဝန်ကျဉ်းနိုင်သမျှ ကျဉ်းအောင် အနှစ်ထုတ်၍ ချုံ့နိုင်လာကြသည်။
အမြင်လှအောင် ဆေးရောင်အမျိုးမျိုး ခြယ်သထားသေးသည်။ သောက်ချင့်စဖွယ်။ မည်သို့ဖြစ်စေ ဆေး၏ မူလအာနိသင်ကတော့ ခါးသီးခြင်းပင် ဖြစ်နေတုန်း။
ကလေးများအတွက် အားဆေးရည်များ၊ ချောင်းဆိုးပျောက်ဆေးရည်များကို အဝင်မဆိုးအောင် စီမံနိုင်လာကြ၏။ သို့ရာတွင် ကလေးများ ဖျားနာလျှင်မူ လူကြီးများအတွက် ပြုလုပ်ထားသော ဆေးများကိုပင် လေးပုံတစ်ပုံ၊ သုံးပုံတစ်ပုံခွဲ၍ တိုက်နေကြရ၏။
လသားအရွယ်၊ အခါလည်သားအရွယ် ကလေးများသည် ဆေးခဲဆေးတောင့်များကို မျိုချနိုင်ကြသေးသည် မဟုတ်။ ထို့ကြောင့် ဆေးခဲကိုကြိတ်၊ ဆေးတောင့်ထဲမှ ဆေးမှုန့်ကို ထုတ်၍ ရေနှင့်ဖျော်ပြီး တိုက်ရသည်။
ဆေးတွေက အကြီးအကျယ် အစွမ်းထက်လာသည်နှင့်အမျှ ခါးသီးမှုကလည်း ကမ်းကုန်အောင်ပင်။ ကိုယ်တိုင် မျိုချရရှာသော ကလေး၏လျှာ မပြောနှင့်။ ဆေးဖျော်သော လူကြီး၏ လက်မှာပင် အခါးဓာတ်က နာရီပေါင်းများစွာကြာအောင် စွဲနေတတ်သည်။
ထိုအခါ ကလေးကို ဆေးတစ်ခါတိုက်လျှင် ခြေချုပ်၊ လက်ချုပ်၊ နှာခေါင်းပိတ် ဒုံရင်းအတိုင်း ဖြစ်ရပြန်လေ၏။
* * * * *
ကလေး နေမကောင်းဖြစ်မည်ကို အလွန်ကြောက်သည်။ ကလေး၏ ကျန်းမာရေးအတွက် စိုးရိမ်မှုပါသလို ဆေးတိုက်ရမှာကို ဝန်လေးသောကြောင့်လည်း ဖြစ်သည်။
ပထမဆုံးအကြိမ် ဖျားစဉ်က အဦးဆုံးသော ဆေးတစ်ခွက်ကို လွယ်လွယ်ကူကူတိုက်လို့ ရခဲ့သည်။ ကလေးက ဆေးဆိုသည်ကို မကြုံဖူးသေး။ ဆေးဇွန်းကို ပါးစပ်နားတေ့ပေးသောအခါ ပါးစပ်ကို ဟပေး၏။ ပတမဆုံးသော အတွေ့အကြုံကို ဘုမသိဘမသိနှင့် ကြိတ်မှိတ်မျိုချရှာ၏။
နောက်တစ်ခါကျ မရတော့ချေ။ ဆေးဇွန်းကို မြင်သည်နှင့် နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။ မျက်နှာကို တစ်ဘက်သို့ လွှဲထားသည်။ ရုန်းကန်အော်ဟစ်သည်။ မတတ်နိုင်။ ရှေးရိုးနည်းအတိုင်း ချုပ်ကိုင် နှာခေါင်းပိတ်ပြီး တိုက်ရတော့သည်။
ဆေးဝင်သွားပြီးနောက် ကလေးမျက်နှာသည် ရှုံမဲ့နေ၏။ တော်တော်နှင့် မငိုနိုင်ရှာ။ ငယ်စဉ်က သောက်ခဲ့ရသော ဆေးခါးကြီးများ၏ အရသာကို မှတ်မိနေသောကြောင့် ကလေးကိုယ်စား ရင်ထဲက ပျို့လာလေ၏။ ဖြစ်လိုရာ ဖြစ်စေတော့၊ နောက်တစ်ခါ ဒီဆေးတွေကို မတိုက်တော့ဟုပင် ဆုံးဖြတ်ချင်လာသည်။
ကလေးသည် နေကောင်းသွားသည့်တိုင်အောင် ဆေးတွေက လျှာပေါ်မှာ စွဲနေတုန်းဖြစ်၍ နို့တောင် ကောင်းကောင်းမစို့နိုင်ရှာ။ ဇွန်းကိုမြင်တိုင်း မျက်စိမျက်နှာပျက်ပြီး ကြောက်လန့်နေရှာသည်။ ခံတွင်းကောင်းသွားသည့်တိုင် အစားအသောက်ကို ဇွန်းနှင့်ကျွေးလျှင် မစားတော့။ ကလေးသည် ဇွန်းကို မုန်းသွားလေပြီ။
ရောဂါကြောင့် ခံစားရသည့် ဝေဒနာထက် ဆေးသောက်ရသည့် ဒုက္ခက ပို၍ ကြီးမားလေသလား မသိ။
* * * * *
ကလေးသည် မနက်ကတည်းက ကိုယ်ပူငွေ့ငွေ့ရှိသည်။ အုပ်ဆေးကလေးအုပ်ပြီး နွေးနွေးထွေးထွေး ထားသော်လည်း မရ။ ညနေစောင်းတွင် နှာစေးချောင်းဆိုးပါ ဖြစ်လာ၏။ ရင်လည်းကျပ်ချင်လာသည်။
ဆေးခန်းသွားပြရသည်။ ဆရာဝန်က စမ်းသပ်ပြီး ပါရာစီတမောနှင့် အမ်ပီစီလင် တိုက်ရမည်ဟု ဆိုသည်။ စိတ်မကြည်မသာ ဖြစ်ရသည်။
ပါရာစီတမောသည်လည်း ခါးသက်သက် အရသာရှိသည်။ ထို့ထက်ဆိုးသည်ကား အမ်ပီစီလင်။ ဆေးတောင့်ထဲမှာ ပါသော ဆေးမှုန့်များသည် ခါးလန်နေရုံမျှမက အနံ့ကလည်း ကြောင်သေးစော် နံသည်။ ထိုဆေးတွေကို ကြိတ်ပြီး အရည်ဖျော်တိုက်ဖို့ ဆိုသည်မှာ စိတ်ကူးရုံနှင့်ပင် အော်ဂလီဆန်လာ၏။
ထိုအကြောင်းကို ညည်းမိသဖြင့် ဆရာဝန်က အကြံဥာဏ်တစ်ခု ပေးသည်။ ကလေးများအတွက် အထူးစပယ်ရှယ် ထုတ်လုပ်ထားသော အလားတူဆေးများ ရှိပါသတဲ့။
ဈေးကတော့ နည်းနည်းကြီးသည်။ ဆေးနှစ်မျိုးအတွက် ကျသင့်ငွေမှာ ဝတ္ထုတိုတစ်ပုဒ် စာမူခလောက် ရှိသည်။ မတတ်နိုင်။ ကလေးအတွက်မို့ ဇွတ်မှိတ်ပြီး ဝယ်လိုက်ရသည်။
ဆာဗီဂျက်ဆစ်က သကြားရည် ရောပြီးသား။ အမ်ပီလင်ဆိုသော ဆေးကတော့ အမှုန့်။ ရေကျက်အေးနှင့် ဖျော်ရသည်။
ဆေးနှစ်မျိုးကို ရောလိုက်သောအခါ ပန်းနုရောင် ခပ်ပျစ်ပျစ်ဆေးရည်ကို ရသည်။ အနံ့က သင်းသင်းကလေး။ နှင်းရည်လို အနံ့မျိုး။ အရသာက ချိုမြမြ။ အရည်ပျော်နေသော ရေခဲမုန့်နှင့် ခွဲမရအောင် တူသည်။ နည်းနည်းမြည်းကြည့်ပြီး ကလေးတောင်မှ ပြန်ဖြစ်ချင်စိတ် ပေါက်သွား၏။
ကလေးကို ဆေးတိုက်ဖို့ ပြင်သည်။ ဆေးဇွန်းကို မြင်သောအခါ ကလေးက ငြင်းဆန်ရန် ဟန်ပြင်သည်။ ဇွန်းကို မျက်လုံးရွဲကြီးများဖြင့် သနားစဖွယ် ကြည့်နေသည်။ သူ့အမေက “မခါးပါဘူး သမီးရဲ့၊ ချိုချိုလေး” ဟု ပြောပြီး လျှာပေါ် တစ်တို့တင်ပြီး လျက်ပြသည်။
ကလေးက ဇဝေဇဝါ ဖြစ်သွား၏။ ငြင်းလည်း မထူးဘူး၊ ဇွတ်အတင်းချုပ်ပြီး တိုက်ကြမှာပဲဟု အားလျှော့လိုက်ဟန် တူသည်။ ပါးစပ် ဟပေး၏။
ပါးစပ်ထဲ ဆေးဝင်သွားသောအခါ မျက်နှာကို ရှုံ့မဲ့မည်ပြုပြီးမှ တန့်သွား၏။ ကြည်လင် ဝင်းပလာသည်။ ထို့နောက် ရှေ့သွားကလေးတွေ ပေါ်အောင် ပြုံးရယ်ပြလေ၏။
ဈေးကြီးပေး ဝယ်ရကျိုး နပ်ပါပေသည်။ တန်သည်။ ဆေးတိုက်ရသည့် ဒုက္ခ၊ ဆေးသောက်ရသည့် ဒုက္ခက ကင်းလွတ်ပြီ။
သို့ရာတွင်....
ဆေးပုလင်းကို သိမ်းမည်ပြုသောအခါ ကလေးက ငိုလေတော့သည်။ ပုလင်းကို လက်ညှိုးထိုးပြီး ပါးစပ်က “တပြတ်ပြတ်” လုပ်ပြသည်။
ကလေးက ဆေးကို ထပ်တောင်းနေပါပြီကော။ မတည့်သော အစားအစာတစ်ခုကို ကလေး မစားစေလိုလျှင် “အဲဒါ မုန့်မဟုတ်ဘူးကွယ့်၊ ဆေးတွေ” ဟု လူကြီးတွေက ညာပြောလေ့ရှိသည်။
ခုတော့....
“အဲဒါ မုန့်မဟုတ်ဘူး သမီး၊ ဆေး၊ ဆေး” ဟု အမှန်အတိုင်း ပြောသော်လည်း ကလေးက မယုံတော့ချေ။
မင်းလူ
--------------
ချယ်ရီ မဂ္ဂဇင်း၊
ဇွန်၊ ၁၉၈၅

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။