မင်းလူ၏ ၀တ္တုတိုများ
"ပန်းဆိုးတန်းလမ်းလျှောက်" (မင်းလူ)
=====================
ရန်ကုန်မြို့လယ်က လမ်းတွေထဲမှာ ပန်းဆိုးတန်းလမ်းကို သဘောအကျဆုံး ဖြစ်၏။ အင်္ဂလိပ်ခေတ် မူလနာမည်က ဖယ်ယာလမ်း။ အင်္ဂလိပ် မဟာဝန်ရှင်တော်မင်းကြီး ဆာအာသာဖယ်ယာကို ဂုဏ်ပြုမှည့်ခေါ်ခဲ့ခြင်းပင်။ နောက်မှ မြန်မာအမည် ပန်းဆိုးတန်းဟု ပြောင်းခဲ့သည်။ သို့တိုင်အောင် လွန်ခဲ့သော နှစ်ပိုင်းအထိ လမ်းအမည်ဆိုင်းဘုတ်၏ အင်္ဂလိပ်လို နေရာတွင် “ဖယ်သာ စထရိ” ဟု ရေးထားတာ ထူးခြားစွာ တွေ့ဖူး၏။
ပန်းဆိုးတန်းလမ်း၏ ထူးခြားချက်တွေက....
ဒီလမ်းမှာ ခေတ်ဟောင်း အဆောက်အအုံ တော်တော်များများ ကျန်ရှိနေသေးခြင်းပင် ဖြစ်၏။ ဗဟို ကြေးနန်းရုံး၊ ဗဟို တရားရုံး စသော အဆောက်အအုံများပင်။
လမ်းအလယ်ပိုင်းရှိ ပလက်ဖောင်းအချို့မှာ အင်္ဂတေနှင့် ကျောက်စရစ် ရောထားခြင်းမဟုတ်။ သင်ပုန်းကျောက်ဟု ထင်ရသော အမည်းရောင် ကျောက်ပြားများ ဖြစ်၏။ ဒီလို ပလက်ဖောင်းမျိုး အလွန်ရှားသည်။
ကျွန်တော် အကြိုက်ဆုံးက ခရေပင်များပင်။ ရန်ကုန်မြို့လယ်ကောင်ရှိ လမ်းများတွင် သစ်ပင်တွေ စီတန်းစိုက်ထားတာမျိုး အလွန်တွေ့ရခဲသည်။ ဘယ်လောက် ပူပြင်းသော ရာသီဥတု မှာပဲဖြစ်ဖြစ် ပန်းဆိုးတန်း အလယ်ပိုင်းရှိ ခရေရိပ်များအောက်မှာ အစဉ် အေးမြနေတတ်၏။
လူပျိုဘဝတုန်းက နေ့စဉ်နေ့တိုင်း အိမ်ပြန်နောက်ကျတတ်သည်။ ညမိုးချုပ်အထိ၊ တစ်ခါတစ်ရံ ညဥ့်နက်သန်းခေါင်အထိ မြို့ထဲမှာပင် ရှိနေတတ်၏။ သူငယ်ချင်းတွေနှင့် လက်ဖက်ရည်ဆိုင် ထိုင်သည်။ တချို့ နေ့တွေမှာ လေးဆယ့်နှစ်လမ်းတို့၊ သုံးဆယ့်ရှစ်လမ်းတို့ရှိ ယမကာဆိုင်များသို့ ရောက်သည်။ တစ်ခါတစ်ရံတော့ ကမ်းနားမှာ တစ်ယောက်တည်း။
ဘယ်ကိုပဲသွားသွား ပန်းဆိုးတန်း အလယ်လမ်းကိုတော့ ဖြတ်သွားမြဲဖြစ်၏။ ထိုလမ်းသည် ရုံးတွေများသဖြင့် ညဘက်ဆိုလျှင် လူရှင်းနေတတ်သည်။ လူတွေ ရှုပ်ယှက်ခတ်နေတတ်သော ဆူးလေဘုရား တစ်ဝိုက်နှင့် မဟာဗန္ဓုလလမ်းပေါ်မှ ပန်းဆိုးတန်းဘက်သို့ ချိုးကွေ့လိုက်လျှင် မြင်ကွင်းက ချက်ချင်း ပြောင်းလဲသွားသည်။ အေးချမ်းတိတ်ဆိတ်သော အရသာကို ပြည့်ပြည့်ဝဝ ခံစားရသည်။ မိုးဖွဲဖွဲရွာနေသော ညမျိုးမှာ လူသူရှင်းလင်းနေသော လမ်းပေါ်ရှိ ပလက်ဖောင်း ကျောက်နက်ပြားများသည် မိုးရေကြောင့် ပြောင်လက်နေတတ်၏။ ထိုလမ်းပေါ်မှာ ကိုယ့်ခြေသံ ကိုယ်နားထောင်ရင်း တစ်ယောက်တည်း လမ်းလျှောက်ရတာ သိပ်စိတ်ကူးယဉ်လို့ ကောင်းသည်။
ခရေပွင့်သော ကာလမှာတော့ ညဘက်ဆို လူစည်ကားတတ်သည်။ ခရေပွင့်တွေကို သီပြီး ပြန်ရောင်းဖို့ ကောက်သူတွေ၊ ပန်ဖို့ ကောက်သူတွေ၊ အပျော်ကောက်သူတွေကို တွေ့ရသည်။ ကျွန်တော်တို့ သူငယ်ချင်းတစ်စုသည် ခပ်ထွေထွေနှင့် ခရေပန်းတွေ လုကောက်ပြီး ကလေးတွေကို ဝေပေးတတ်ကြ၏။
ခုကျတော့ ညဘက်မှာ ပန်းဆိုးတန်းကို လမ်းမလျှောက်ဖြစ်တော့။ သို့တိုင်အောင် မြို့ထဲ ထွက်ဖြစ်သည့်အခါ ဘတ်စ်ကားပေါ်မှ ဆင်းပြီးလျှင် ပန်းဆိုးတန်းအလယ်လမ်းကို ဖြတ်ဖြစ်အောင် ဖြတ်ပြီးမှ လိုရာသို့ သွားတတ်မြဲ ရှိတုန်းပင်။ ထိုလမ်းကို ဖြတ်သည့်အခါတိုင်း ဟိုအရင်က သူငယ်ချင်းတွေနှင့် ငြင်းကြခုန်ကြ၊ ချစ်သူအကြောင်း၊ ဟိုအကြောင်း ဒီအကြောင်းပြောရင်း လမ်းလျှောက်ခဲ့ကြသည်ကို သတိရ၏။
* * * * *
ဒီနေ့လည်း ပန်းဆိုးတန်းလမ်းအတိုင်း လျှောက်လာခဲ့သည်။ လမ်းအောက်ပိုင်းရှိ အဆောက်အအုံများ၏ ဆင်ဝင်များအောက်တွင် ဈေးတန်းကလေးတစ်ခု ဖြစ်နေသည်။ အဝတ်အထည်တွေ၊ လူသုံးကုန်တွေကို ဈေးပေါပေါဖြင့် အော်ရောင်းနေကြသည်။ စွပ်ကျယ်တွေ၊ တီရှပ်တွေကို “လေးထည် တစ်ရာ၊ ငါးထည် တစ်ရာ” ဟု အော်ရောင်းသည်။
တစ်ထည်ကို ဘယ်လောက်ဟု မပြောဘဲ ငွေတစ်ရာကို မူတည်၍ အထည်အရေအတွက်ကို ပြောနေတာ ဘာသဘောလဲ မသိ။ ဝယ်သူတွေက ငွေတစ်ရာကို လေးနှင့်စား၊ ငါးနှင့် စားကြည့်ပြီးမှ တစ်ထည်ဈေးသိရသော စနစ်ပင်တည်း။ အိမ်နေရင်းဝတ်ဖို့ စွပ်ကျယ် လက်စက တစ်ထည်လောက် ဝယ်မည် စိတ်ကူးသည်။ ပြီးမှ အိမ်မှာ နှစ်ထည်တောင် ရှိသေးတာပဲလေ၊ စွပ်ကျယ်က စားလို့ရတာမှ မဟုတ်ဘဲ ဟုတွေးပြီး မဝယ်ဖြစ်တော့။
ဗဟို တရားရုံးရှေ့နား ရောက်လာသည်။ ခရေပင်တစ်ပင်၏ အရိပ်မှာ ဗေဒင်ဆရာတစ်ဦး ထိုင်နေသည်။ သူ့ရှေ့က အဝတ်အစား ခပ်နွမ်းနွမ်းနှင့် မိန်းမတစ်ယောက်ကို ဟောနေသည်။ သူတို့ရှေ့က ဖြတ်အလျှောက်တွင်....
“ရမှာပါ၊ ရမှာပါ၊ မကြာတော့ပါဘူး” ဆိုသော ဗေဒင်ဆရာ၏ အသံကို ကြားလိုက်ရသည်။
ကိုင်ဇာ၏ ရောင်စုံမြင်ကွင်းကျယ် သီချင်းထဲက “ကားလမ်းဘေးက ဗေဒင်ဆရာရေ၊ အားကိုးစမ်းပါရစေ” စသော စာသားကို သတိရမိ၏။
စာအုပ်ဆိုင်တွေရှိသော လမ်းတစ်ဘက်ခြမ်းသို့ ကူးလာခဲ့သည်။ အပင်မျိုးစေ့တွေ ရောင်းသောသူသည် အိပ်ငိုက်နေ၏။ ခုတလော ခေတ်စားလာသော ယိုးဒယားမဲနှိုက်သည့် နေရာမှာတော့ ကလေးတွေ အုံနေသည်။
စာအုပ်ဆိုင်တွေဘက် ဆက်လျှောက်ခဲ့၏။ လမ်းဘေး စာအုပ်အဟောင်းပုံကို တွေ့လျှင် ဝင်မမွှေဘဲ မနေနိုင်သော အကျင့်ရှိသည်။ ဝင်မိလျှင်လည်း တစ်အုပ်တလေတော့ အနည်းဆုံး ဝယ်ဖြစ်မြဲ။ အချိန်မရသည့် အခါမျိုး၊ ဝယ်စရာ ငွေမရှိသည့် အခါမျိုးတွင် စာအုပ်ဆိုင်တန်းတွေကို ကွေ့ရှောင်သွားရသည်။ ပက်ပင်းတိုးမိသည့် အခါကျလျှင်လည်း ရည်းစားဟောင်းနှင့် မျက်နှာချင်းဆိုင် ဆုံမိသလို ကြည့်ချင်ပါလျက် မမြင်ချင်ယောင် ဆောင်နေတတ်ရသည်။
ဒီနေ့တော့ လက်ထဲမှာ ငွေနည်းနည်း အပိုရှိနေသည်။ သို့ဖြင့် စာအုပ် အဟောင်းတစ်ပုံရှေ့မှာ ဆောင့်ကြောင့်ထိုင်ချလိုက်၏။
စာအုပ် အဟောင်းဆိုင်များရှေ့မှာ ထိုင်မိလျှင် ပြတိုက်တစ်ခုထဲသို့ ရောက်သွားသလို စိတ်ကို ညှို့ယူဖမ်းစားခြင်း ခံရတတ်သည်။ ပတ်ဝန်းကျင်ကို လုံးဝသတိမရတော့။ ကားသံ လူသံတွေလည်း မကြားမိတော့။ စာအုပ်တွေ တစ်အုပ်ပြီး တစ်အုပ် ကိုင်ကြည့်၊ လှန်ကြည့်၊ မြည်းကြည့်ရင်း အရာရာကို မေ့လျော့နေတော့သည်။
ဒီလို အဖြစ်မျိုးတွေ ကြားဖူးသည်။
ကွယ်လွန်သူ ဆရာမြတ်ထန်သည် လန်ဒန်တွင် စစ်သံမှူးအဖြစ် နေထိုင်ခဲ့စဉ်က ဖြစ်၏။ တစ်ရက်တွင် မောင့်ဘက်တန်နှင့် ချိန်းဆိုထားသော ကိစ္စရှိနေသည်။ အချိန် နည်းနည်းစောသေးသဖြင့် လမ်းလျှောက်ထွက်ရင်း လမ်းကြားလေးတစ်ခုရှိ စာအုပ် အဟောင်းဆိုင် တစ်ဆိုင်ထဲ ရောက်သွားသည်။ ပဲနိ အနည်းငယ်မှ ပေါင်စတာလင် ထောင်ချီ၊ သောင်းချီတန်သော ရှေးဟောင်းစာအုပ်တွေပါ တွေ့ရသည်။ စာပေဝါသနာအိုးဖြစ်သော ဆရာမြတ်ထန်သည် စာအုပ်မှော်ရုံတော၏ ဖမ်းစားမှုမှ ရုန်းမထွက်နိုင်တော့။ အရာရာကို မေ့လေပြီ။ အချိန်တန်သည်အထိ သံမှူးပြန်မလာသဖြင့် သူ့ရုံးကလူတွေ ဒေါင်းတောက်အောင် ရှာကြသည်။ မတွေ့သဖြင့် ချိန်းဆိုထားသည့်အတိုင်း မလာရောက်နိုင်သည်ကို ခွင့်လွှတ်ပါရန် မောင့်ဘက်တန်ထံ တောင်းပန် အကြောင်းကြားလိုက်ရသည်။ လော့ဒ် မောင့်ဘက်တန်မှာ နှယ်နှယ်ရရ ပုဂ္ဂိုလ်မဟုတ်။ ဘုရင်မ၏ ဦးလေးတော်သည့်အပြင် စစ်သေနာပတိ ရေတပ်ဗိုလ်ချုပ်ကြီးလည်း ဖြစ်၏။ ဒီလို ပုဂ္ဂိုလ်ကြီးနှင့် ချိန်းဆိုထားမှုကိုပင် မေ့လျော့သွားအောင် စာအုပ်တွေက ဖမ်းစားနိုင်ခဲ့ကြောင်း ဆရာမြတ်ထန်၏ “မုန်တိုင်းလွန်သော်” စာအုပ်မှာ ဖတ်ရှုရပါသည်။
ကျွန်တော့်သူငယ်ချင်း နေရီလည်း ဒါမျိုး ကြုံဖူးသည်။
သူသည် ရေဒီယို အော်ပရေတာ အလုပ်မှ ထွက်ပြီး နိုင်ငံခြားသင်္ဘောလိုက်ဖို့ ကြိုးစားနေသည်။ တစ်ရက်မှာ အလုပ်အတွက် လူကြီးတစ်ယောက်နှင့် တွေ့ဆုံဖို့ ထွက်လာရင်း စာအုပ်အဟောင်းဆိုင် မြင်တော့ မနေနိုင်ဘဲ ဝင်မွှေကြည့်နေမိ၏။ နာရီဝက်လောက် ကြာသွားသည်။ ပြီးမှ အလုပ်ကိစ္စအတွက် သွားစုံစမ်းသည်။ အလုပ်ပေးနိုင်သူ လူကြီးက သူ့ကို မြင်သောအခါ...
“မင်း ဆယ်မိနစ်လောက်ပဲ နောက်ကျသွားတယ်ကွ။ ဒီနေ့ အလုပ်တစ်ခု ပေါ်တယ်။ အဲဒါ ငါလည်း ဒီနေ့ ငါ့ဆီ ပထမဆုံး ရောက်လာတဲ့လူကို ပေးမယ်လို့ ဆုံးဖြတ်ထားတာ၊ စောစောကပဲ တစ်ယောက်လာလို့ ထည့်ပေးလိုက်တယ်၊ မင်း ကပ်လွဲသွားတာပေါကွာ” ဟု ပြောလိုက်၏။
အလုပ်က မက်လောက်စရာ ဖြစ်၏။ လစာရင်းကပဲ ဒေါ်လာရှစ်ရာ။ သင်္ဘောလိုင်းကလည်း နာမည်ကြီး။ ကျွန်တော်က သူ့ကိုယ်စား နှမြောနေသည်။ သူကတော့ အလုပ်ကိစ္စထက် ပို၍ အရေးကြီးသည့်ဟန်ဖြင့်....
“ငါ အဟောင်းဆိုင်က ဆရာကြီးရွှေဥဒေါင်းရဲ့ တစ်သက်တာမှတ်တမ်း ဒုတိယတွဲ ရခဲ့တယ်ကွ၊ ငါ့မှာ အတွဲစုံဖို့ ဒီတစ်အုပ်ထဲ လိုနေတာ၊ အခုမှ အဆင်ပြေသွားတယ်” ဟု ဝမ်းသာအားရ ပြောသည်။
ကျွန်တော်သည် အကြောင်းတိုက်ဆိုင်လာတာကလေးတွေ တွေးရင်း စာအုပ်တွေ လျှောက်ကြည့်သည်။ လိုချင်သော စာအုပ်တစ်အုပ်ကို တွေ့ပြီ။ ဆရာကျော်သိမ်း မြန်မာပြန်သည့် “အပြန်လမ်း” ဆိုသော စာအုပ်။ သူများဆီက ဌားဖတ်ပြီး အလွန်ကြိုက်သဖြင့် အပိုင် လိုချင်နေသည်။ ဘယ်လောက်လဲ မေးတော့ တစ်ဆယ်ဟု ပြောသည်။ ဆယ်တန်တစ်ရွက် ပေးပြီး စာအုပ်ကို လွယ်အိတ်ထဲ ထည့်လိုက်သည်။
စာအုပ်ဟောင်းဝယ်လျှင် ဈေးကြီးသဖြင့် မတတ်နိုင်လျှင်သာ ဈေးဆစ်လေ့ရှိသည်။ တော်ရုံတန်ရုံဆိုလျှင် မဆစ်ဘဲ ဝယ်တတ်သည်။ စာအုပ်ကို ဈေးမဆစ်ကောင်းဟု ထင်သောကြောင့် ဖြစ်၏။ စာအုပ်ဆိုသည်မှာ မတတ်သာလို့သာ ဈေးနှုန်းသတ်မှတ်ပြီး ရောင်းနေရခြင်း ဖြစ်သော်လည်း ရောင်းကုန်တစ်ခုအဖြစ် သဘောထားရမှာ အားနာဖို့ ကောင်းသည်။
စာအုပ်ရောင်းသူက တစ်ဆယ်တန် ငွေစက္ကူဖြင့် စာအုပ်တွေကို တဖျတ်ဖျတ် လိုက်ရိုက်နေသည်။ သြော်.... ခုမှ ဈေးဦးပေါက်တာကိုး။ တစ်ဘက်သို့ မျက်စိရောက်သွားသည်။ ပန်းပင်၊ သီးပင်၊ စားပင်၊ မျိုးစေ့များ ရောင်းသူသည် အိပ်ငိုက်နေတုန်းပင် ရှိ၏။
ကျွန်တော်လည်း အတွေးစ မပြတ်တပြတ်နှင့်ပင် ပန်းဆိုးတန်းလမ်းကို ကျောခိုင်းပြီး ထွက်လာခဲ့၏။
မင်းလူ
---------------
ချယ်ရီ မဂ္ဂဇင်း၊
မေ၊ ၁၉၈၉

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။