နှင်းဆီဖူးလေးများ-Love BUDS
~ နိုင်ငံကြီးသားတို့ရဲ့စိတ်ဓါတ်~
တစ်နေ့က အမေရိကန်နိုင်ငံသားတစ်ယောက်နဲ့ စကားပြောရင်း သူတို့နိုင်ငံက အသစ်ပြဌာန်းဖို့ကြိုးစားနေတဲ့ ကျန်းမာရေးစနစ်အကြောင်း စကားရောက်သွားတယ်။ခင်ဗျားတို့အဲဒီကျန်းမာရေးစနစ်သစ်သာ ပြဌာန်းပြီးသွားရင် ကိုယ့်အတွက်တင်မကဘဲ မဆီမဆိုင် သူများအတွက်ပါ တာဝန်ယူရသလိုဖြစ်နေမှာပဲ၊ အဲဒီအတွက် အတော်များများကတော့ သဘောကျမှာ မဟုတ်ဘူးနော် လို့ မေးကြည့်မိတယ်။ သူပြန်ပြောပြတာလေး အတော်စိတ်ဝင်စားစရာကောင်းတယ်။
"သူရိန်တဲ့ ငါတို့ကတော့ ကိုယ့်တိုင်းပြည်မှာဖြစ်တဲ့ကိစ္စမှန်သမျှကို ကိုယ်နဲ့မဆိုင်ဘူးလို့ မယူဆဘူးတဲ့။
မင်းစဉ်းစားကြည့်လေ လမ်းမှာ ကားတိုက်မှုတစ်ခုဖြစ်ရင် မင်းနဲ့မဆိုင်ဘူးလို့မင်းထင်ရပေမယ့် ဒီကားလမ်းပိတ်တော့ မင်းဆီကိုသက်ရောက်မှုရှိလာတာပဲမ...ဟုတ်ဘူးလား။

ဒီလိုမျိုးပဲလမ်းမပေါ်မှာအမှိုက်တွေတွေ့လို့မင်းကမင်းနဲ့မဆိုင်ဘူးလို့ထင်ပေမယ့် တကယ်တမ်းတခြားနိုင်ငံသားတစ်ယောက်က ဒီအမှိုက်တွေကိုတွေ့ပြီး မင်းတို့တိုင်းပြည်ကိုအထင်သေးရင်လည်းမင်းပါသွားတာပဲမဟုတ်ဘူးလားတဲ့။
အဲဒါကြောင့်ငါကတော့ငါ့တိုင်းပြည်မှာ ဖြစ်နေသမျှကိုငါနဲ့သက်ဆိုင်တယ်လို့ပဲယူဆထားတယ်တဲ့။တိုက်ရိုက်မဟုတ်ပေမယ့် နောက်ဆုံးတော့လည်း ကိုယ့်ဆီပြန်ရောက်စေတာပဲတဲ့။ "
ဟုတ်သားပဲ။ ကျွန်တော်တို့တိုင်းပြည်မှာ လူအတော်များများက ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး နေတတ်ကြတာကိုကျွန်တော်သွားသတိထားမိတယ်။ ကားတိုက်မှုတစ်ခုဖြစ်ရင်လူတွေဝိုင်းအုံကြည့်နေတတ်ကြတယ်ကူဖို့ဆိုတာမျိုးထက် စပ်စုတာမျိုးပဲရှိတယ်၊ မဟုတ်တာ မမှန်တာ တစ်ခုခုတွေ့ရင်လည်း ငါ့အလုပ်မှမဟုတ်တာ၊လူတစ်ယောက်စည်းကမ်းဖောက်နေတာကိုမြင်ရင်လည်းငါနဲ့မှမဆိုင်တာ။ငါတို့တိုင်းပြည်မှာငါနဲ့မှမဆိုင်တာ၊ငါ့အလုပ်မှမဟုတ်တာဆိုတာမျိုး၊ငါ့ကိုမှမထိခိုက်တာဆိုတာမျိုးတွေအတော်များနေပါလားလို့စဉ်းစားမိတယ်။
နိုင်ငံကြီးသားဆိုတဲ့အဓိပ္ပါယ်ကိုကျွန်တော်သေချာမသိပါဘူး။ ဒါပေမယ့် ခုနက အမေရိကန်လိုမျိုး ငါ့နိုင်ငံမှာဖြစ်သမျှ ငါနဲ့ဆိုင်ကိုဆိုင်တယ်ဆိုတဲ့ စိတ်ဓါတ်မျိုးကတော့ နိုင်ငံကြီးသားတို့ရဲ့စိတ်ဓါတ်ဖြစ်မယ်ဆိုတာကို ကျွန်တော့်နှလုံးသားထဲက ခံစားမိနေတယ်။
ကျွန်တော်တို့ အမေရိကန်လိုဖြစ်ချင်တယ်၊ ဂျပန်လိုဖြစ်ချင်တယ်၊ အင်္ဂလန်လိုဖြစ်ချင်တယ်။ ဒါပေမယ့် ရုပ်ဝထ္ထုတိုးတက်မှုကိုပဲ အာရုံစိုက်နေမိတဲ့အတွက် ကျွန်တော်တို့မှာ သူတို့လိုမျိုး နိုင်ငံကြီးသား စိတ်ဓါတ်တွေလိုအပ်နေတယ်ဆိုတာကို သတိမထားမိကြဘူး။
ကျွန်တော်တို့တွေ သူတို့လိုဖြစ်လာချင်ရင်တော့ သူတို့လိုစိတ်ဓါတ်မျိုးတွေ ခံယူကျင့်သုံးဖို့တော့ လိုကိုလိုနေပါပြီ။ ငါ့တိုင်းပြည်မှာ ဖြစ်သမျှ ငါနဲ့ဆိုင်တယ်ဆိုတဲ့ စိတ်ဓါတ်မျိုး အားလုံးရဲ့ရင်ထဲကို ရိုက်သွင်းမိဖို့လိုနေပါပြီ။
(PHOTO:BEAUTY OF MYANMAR)
post by နှင်းဆီဖူးလေးများ-Love BUDS
https://www.facebook.com/loveBUDS.6
note by(copy via) thureinhlaingwin
photo credit to original uploader
photo fr'google

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။