ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်ရှိ ဝူးလ်ဝစ်ခ်ျတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်
သတ်ဖြတ်မှု မတိုင်မီ နှစ်ပေါင်း အတန်ကြာ ကတည်းက ယခုဖြစ်စဉ်တွင် ပါဝင်ပတ်သက်သည့် သံသယ
တရားခံ တစ်ဦးကို ကင်ညာတွင် အကြမ်းဖက်မှုဖြင့် စွဲချက်တင် ဖမ်းဆီးဖူးကြောင်း
သိရှိရသည်။ (၂၀၁၀)ပြည့်နှစ်က ကင်ညာ ရဲတပ်ဖွဲ့သည် မိုက်ကယ် အဒီဘိုလာဂျိုနှင့်
အခြား(၆)ဦးကို ဆိုမာလီယာရှိ အယ်လ်ရှာဘက်ဘ် အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်နေသည့်
အထောက်အထားများကြောင့် အကြမ်းဖက် သံသယမှုဖြင့် ဖမ်းဆီးခဲ့ဖူးသည်။
အဒီဘိုလာဂျိုသည်
လန်ဒန်တွင် စစ်သားတစ်ဦးကို နေ့ခင်းကြောင်တောင် လူလယ်ခေါင်တွင် ဓားဖြင့်ထိုးသတ်ပြီး
ခေါင်းဖြတ်ရန် ကြိုးစားခဲ့သူ အကြမ်းဖက်သမား (၂)ဦးအနက် တစ်ဦးဖြစ်သည်။ ကင်ညာအစိုးရ
ပြောရေးဆိုခွင့်ရ အရာရှိ မက်သူအီ ကူရိုင်ကီက ပြောကြားခဲ့သည်။
(အကြမ်းဖက်သတ်ဖြတ်ခံရသည့်
ဗြိတိန်စစ်သား)
ကင်ညာ အကြမ်းဖက်မှု တိုက်ဖျက်ရေး အဖွဲ့မှ သတင်းရင်းမြစ်များက CNNနှင့် အင်တာဗျူးတွင် အဒီဘိုလာဂျိုသည် ကင်ညာသို့ (၂၀၁၀)ပြည့်နှစ်၊ နိုဝင်ဘာလက ဆိုမာလီယာဘက်မှ တရားမဝင် နယ်စပ်ဖြတ်ကျော်ရန် ကြိုးပမ်းမှုအတွက် ဖမ်းဆီးခဲ့ဖူးပြီး ၎င်းသည် ဆိုမာလီယာ အကြမ်းဖက်အဖွဲ့များနှင့် ဆက်နွယ်သည်ဟု သံသယ ရှိခဲ့ဖူးကြောင်း ပြောဆိုခဲ့သည်။ သို့သော်လည်း ထိုသို့ ဖမ်းဆီးပြီးနောက်ပိုင်း မည်သို့မည်ပုံ အခြေအနေဖြင့် အဒီဘိုလာဂျို လွတ်မြောက်လာသည်ဆိုသော အချက်မှာမူ အာဏာပိုင်များကြား အမျိုးမျိုး ပြောဆိုနေကြသည်။
(အကြမ်းဖက်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူ)
အသက်(၂၈)နှစ်ရှိ ဗြိတိန်နိုင်ငံသား ခံယူထားသူ နိုက်ဂျီးရီးယားနွယ်ဖွား အဒီဘိုလာဂျိုသည် ထိုစဉ်က ကင်ညာသို့ အခြားနာမည်တစ်ခုဖြင့် ဝင်ရောက်ခဲ့ခြင်းဟု ဆိုသည်။ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထိုစဉ်က ကင်ညာတွင် ဗြိတိန်နိုင်ငံသား တစ်ဦးအနေဖြင့် အဒီဘိုလာဂျို အဖမ်းခံရသည့်အတွက် သံရေးတမန်ရေး ဆက်သွယ်ဖြေရှင်းမှုများ ပြုလုပ်ခဲ့ကြောင်း ဝန်ခံခဲ့သော်လည်း အသေးစိတ် အချက်အလက်များကိုမူ ပြောကြားခြင်း မရှိခဲ့ချေ။ ဝူးလ်ဝစ်ခ်ျရှိ တော်ဝင် လက်နက်ကြီးတပ် စစ်တန်းလျားအနီး ဖြစ်ပွားသည့် ကြောက်မက်ဖွယ် အကြမ်းဖက်မှုသည် ဗြိတိန်နိုင်ငံ တစ်ဝှမ်းလုံးကို ခြောက်ခြားသွားစေခဲ့သည်။
ယင်းဖြစ်စဉ်အတွင်း တာဝန်ချိန်ပြင်ပ၌ လန်ဒန်မြို့အတွင်း သွားလာနေသည့် စစ်သား လီရစ်ဂ်ဘီမှာ ဓားလက်နက် ကိုင်ဆောင်သူ နှစ်ဦး၏ တိုက်ခိုက်ခြင်းကို ကြုံခဲ့ရပြီး ဓားဒဏ်ရာများဖြင့် သေဆုံးခဲ့သလို အကြမ်းဖက်သမားများက လူလယ်ခေါင်တွင်ပင် ၎င်းကို ခေါင်းဖြတ်ရန် ကြိုးစားခဲ့သည်။ ယခုဖြစ်စဉ်နှင့်အတူ အင်္ဂလန်တွင် အဓိကရုဏ်းဆန်ဆန် အခြေအနေအချို့ ပေါ်ပေါက်ခဲ့သလို စနေနေ့က အင်္ဂလန်မြောက်ပိုင်းတွင် လူအများစုရုံးက ဗြိတိန်မှ မွတ်ဆလင်အားလုံး ထွက်ခွာသွားရန် ဆန္ဒပြ တောင်းဆိုမှုများပါ ရှိလာခဲ့ကြောင်း သိရှိရသည်။
Source: CNN
http://www.planet.com.mm/news/read.cfm/id/21626
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။