စု ကိုဝေဖန်ကြပါတယ်။
စု ကိုဝေဖန်ကြပါတယ်။ စိတ်ဆိုးကြသူတွေလဲတွေ့၊ ကြိုက်ကြတဲ့သူတွေလဲတွေ့ရပါတယ်။ ကိုယ်သာဆိုရင်ဘယ်လိုဝေဖန်မလဲလို့ တွေးကြည့်မိပါတယ်။ လောလောဆယ် လူများစုဝေဖန်မှုမှာတော့ အဓိက နှစ်ပိုင်းတွေ့ရပါတယ်။
(၁) နိုင်ငံရေးရပ်တည်ချက် (Political standing)
(၂) စွမ်းဆောင်ရည် (Capability) ... လို့နှစ်ပိုင်းတွေ့မိပါတယ်။ နိုင်ငံရေးရပ်တည်ချက်နဲ့ပတ်သက်ပြီးဝေဖန်ကြတာမှာ စု အစိုးရနဲ့ပေါင်းသွားပြီ..စု ပြောင်းလဲဖောက်ပြန်သွားပြီစသဖြင့်ပြောကြပါတယ်။ မိမိကတော့ သောင်မတင်ရေမကျ အနေအထားကနေ အချိန်ကိုက်ပြောင်းလဲညှိနှိုင်းခြင်းကို ပြုလုပ်သွားတာလို့မြင်ပါတယ်။ အမြင်တွေမတူကြဘူးပေါ့လေ။ နိုင်ငံရေးအရ ရပ်တည်ချက်အရ ယခင်က လူထုရှေ့က လူထုခေါင်းဆောင်နေရာကနေ နိုင်ငံရေးသမားတစ်ဦးအဖြစ်ရွေ့လျောသွားခဲ့ပြီလို့ မြင်ကြတာပါ။ ကျနော်ကတော့ နိုင်ငံေ၇းသမားတစ်ဦးဟာ နိုင်ငံရေးပါဝါမပါဘဲ၊ နောက်ကွယ်က လက်နက်ကိုင်အင်အားတစ်ခုခုရဲ့ထောက်ခံမှုမရဘဲ၊ တော်လှန်ရေးတစ်ခုခုကို ဦးမဆောင်ဘဲ ဘာမှမလုပ်နိုင်တာမို့ စု နိုင်ငံရေးသမားအဖြစ် ပီပြင်စွာ အလုပ်လုပ်နေခြင်းကို သူမလုပ်ဆောင်စရာရှိတာတွေထဲက တစ်ဆင့်အားဖြတ်ကျော်နေခြင်းအဖြစ်သာ ရှုမြင်မိပါတယ်။ လက်ပတောင်းကိစ္စမှာ သူမကြားဝင်ခဲ့တာ၊ နောက် ခရိုနီတွေနဲ့ပတ်သက်နေတာ စတဲ့ကိစ္စတွေကို ပြင်းထန်စွာထောက်ပြီး စုရဲ့ နိုင်ငံရေးရပ်တည်မှုပြောင်းလဲသွားပြီလို့ ထင်ခြင်းဟာ အပေါ်ယံဆန်ပါတယ်။ တရုတ်ရဲ့ တုန့်ပြန်မှုကို ထပ်တလဲလဲဖော်ပြပြီးမို့ လက်ပတောင်းနဲ့ပတ်သက်ပြီး မပြောလိုတော့ပေမယ့် စုရဲ့ ပညာေ၇း၊ ကျန်းမာရေးနဲ့ပတ်သက်သော ကိစ္စတွေကို တတ်နိုင်သလောက် အားထုတ်နေတာ၊ မြင်သာထင်သာရှိနေတာ စတဲ့အချက်တွေကိုလဲ သူမရဲ့ Political Standing ကို ဝေဖန်ချင်ရင် ထည့်တွက်ရမှာပါ။ ဆိုလိုတာကတော့ တစ်ချက်တည်းနဲ့ သူမရဲ့ Political Standing ပြောင်းသွားပြီလို့ ပြောလို့မရဘူးဆိုတာပါ။
"With great power, comes great responsibility"
အာဏာရယူထားမှုများလေလေ ၊တာဝန်ယူရမှုများလေလေတဲ့။ ဒီစကားကို ခဏခဏ ကိုးကားကြပါတယ်။ ဒီလိုပါပဲ။ စုရဲ့ စွမ်းဆောင်ရည်ကို ကျနော်တို့ကြည့်မယ်ဆိုရင် စု ဘာလဲ၊ ဘာလုပ်သလဲကနေစပြီးကြည့်ကြရအောင်ပါ။ စုဟာ နိုင်ငံရေးသမားပါ။ လွှတ်တော်အမတ်ပါ။ Social status ပေါ့လေ။ နောက် Democracy Icon လို့ခေါ်လို့ရတဲ့ Public Figure ပါ။ အဲ့ဒီလို နှစ်ပိုင်းရှိပါတယ်။ သူမ ဆို၇ှယ်စတေးတပ်စ်အရ လွှတ်တော်အမတ်အနေနဲ့သူမ ဘာလုပ်နိုင်သလဲဆိုတာ(Political capability) သူမပါတီရဲ့ လွှတ်တော်တွင်း ပါဝါခွဲဝေရရှိထားမှုနဲ့သက်ဆိုင်ပါတယ်။ အခု NLD က ဘယ်လောက်ရထားလဲအများအသိပါပဲ။ NLD ဘယ်လိုအဆိုတွေဆိုခဲ့သလဲအများအသိပါပဲ။ သတိထားမိသလောက်ကတော့ ပိုင်ဆိုင်မှုပြရေးအဆိုနဲ့ ဘင်္ဂါလီကိစ္စအဆို (ဒေါက်တာမြတ်ဥာဏစိုး) တို့ရဲ့ အဆိုတွေဟာ သိသာထင်ရှားခဲ့ပြီး ကျန်အဆိုတွေထဲမှာ အရမ်းမသိသာတောင် မဆိုးဝါးလှသော အဆိုများ (Just above the positive line) ရှိနေတယ်လို့ ယူဆမိပါတယ်။ ကျနော်တို့ စု နဲ့သူမပါတီရဲ့ နိုင်ငံရေးစွမ်းဆောင်ရည်ကို သူမရထားတဲ့ ပါဝါခွဲတမ်းအရ တိုင်းထွာမယ်ဆိုရင်ထောက်ပြ ပြောဆိုရလောက်အောင် မဆိုးဝါးဘူး လို့ဆိုရမှာပါ။
နောက်တစ်ပိုင်းကတော့ စုရဲ့ လူထုခေါင်းဆောင်ဆိုတဲ့အပိုင်းဖြစ်ပါတယ်။ လူထုခေါင်းဆောင်ဖြစ်တဲ့အတွက် ဒီမိုကရေစီနိုင်ငံတွေအားလုံးက သူမကို ကြည်ဖြူကြပါတယ်။ သူမနိုင်ငံတကာခရီးလှည့်သွားပြီးမြန်မာနိုင်ငံအတွက် တံခါးတွေတစ်ချပ်ပြီးတစ်ချပ်ဖွင့်ပေးခဲ့ပါတယ်။ ပိတ်ဆို့မှုတွေပွင့်ပြီး သမ္မတဦးသိန်းစိန်အိမ်ဖြူတော်ခရီးပေါက်သွားတာဟာ သူမလမ်းဖွင့်ပေးခဲ့လို့ပါပဲ။ သူမရဲ့ လူထုခေါင်းဆောင်ဆိုတဲ့နေရာဟာ ဒီလို မြန်မာကို နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာ ပြန်လည် ဦးမော့လာအောင်စွမ်းဆောင်ပေးခဲ့တာကို သိသာစွာတွေ့ရမှာပါ။
စုဟာ လူထုခေါင်းဆောင်တစ်ဦးဖြစ်ပေမယ့် အရမ်း သံတမန်ဆန်ပါတယ်။ ရံခါ စကားတွေဟာ နှစ်မျိုး နားလည်ချင်စရာဖြစ်ပါတယ်။ တစ်နေ့က မြစ်ဆုံကိစ္စမေးခွန်းမှာ သူမဖြေတဲ့စကားဟာ သူမရဲ့ Responsibility မဟုတ်ဘူးဆိုတာကို ပြသလိုက်တာဖြစ်ပေမယ့် သူမရဲ့ Rightဖြစ်တဲ့ ဘယ်လိုမြင်သလဲဆိုတာကိုပြောဖို့ မပြောဘဲ သံတမန်လိုရှောင်တိမ်းသွားခဲ့ပါတယ်။ သူမအနေနဲ့ တရုတ်ကို မငြိုငြင်စေချင်တာလဲဖြစ်ပါလိမ့်မယ်။ သူမနေရာမှာ သူမအဖေသာဆို ဒီလိုပြောပါ့မလားလို့လဲ တွေးနေမိပါတယ်။ ဒီလိုကိစ္စတွေဟာ သူမအပေါ် သာမန်ပြည်သူတွေ နားလည်မှုလွဲချင်စရာ၊ အမှတ်လျှော့ချင်စရာများဖြစ်လာမလားတွေးနေမိပါတယ်။
လူထုခေါင်းဆောင်တစ်ယောက်အနေနဲ့ လူထုအတွက်စွမ်းဆောင်မှုကို မပြုနိုင်ဘူးလို့ ပြောသူတွေရှိပါလိမ့်မယ်။ ဒါပေမယ့် ရင်ကြားစေ့ရေးကို ဦးတည်ပြီး အမြစ်ပြတ်ချေမှုန်းရေးကိုမလုပ်ဘဲ Compromise လုပ်ရတဲ့အခါမှာ ယနေ့ စု လုပ်နေတဲ့ ပုံစံတွေဟာ ဘာမှ ထူးထူထးခြားခြားအပြစ်ဆိုစရာမမြင်မိပါ။ ညှိနှိုင်းပြီဆိုမှတော့ တစ်ဖက်အလိုကိုလဲ ငဲ့ရတော့မှာဖြစ်ပါတယ်။ မြန်မာပြည်မှာ တစ်ကယ်လိုအပ်နေတာကလဲ အမြစ်ပြတ်ချေမှုန်းရေးထက် နိုင်ငံရေးအဖြေရှာမှုတစ်ခုပဲဖြစ်ပါတယ်။
ဒါကြောင့် လူထုခေါင်းဆောင်ဖြစ်ပြီး လူထုတိုက်ပွဲမခေါ်ဘဲ ဒီလိုသွားနေတာ ညံ့ဖျင်းမှုဆိုတာကတော့ ကိုယ့်အကြိုက်၊ ကိုယ့်လမ်းစဉ်နဲ့ မတူလို့ဝေဖန်ကြတာလို့ပဲအောက်မေ့မိပါတယ်။ အခုစုသွားတဲ့ လမ်းစဉ်အတိုင်းဆိုရင် သူမမှာ အပြစ်ဆိုစရာတွေ မတွေ့သေးပါ။
NLD ပါတီဟာ 1990 ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်ပေမယ့် 2010 မှာ လွှတ်တော်အတွင်း နေရာအနည်းငယ်သာ ရထားသော ပါတီဖြစ်ပါတယ်။ NLD ပါတီရဲ့ အခန်းကဏ္ဍဟာ အနာဂတ်မှာ မြန်မာ့နိုင်ငံရေးအတွက် အများကြီးပါဝင်လာဖို့ရှိမယ်ထင်ပါတယ်။ ဒီအချိန်မှာ ပါတီပေါ်လစီ၊ Shadow Government တွေ ချမပြရသေးကောင်းလား လို့ ပြောလျှင်တော့ ပါဝါခွဲတမ်းအရ စောလွန်းနေသေးတယ်လို့အောက်မေ့မိပါတယ်။
NLD ထဲကလူတင်သာမဟုတ် ရှိရှိသမျှသောလူတွေဟာ ပညာရေးအားနည်းခြင်းဒဏ်ကို ခံစားခဲ့ကြရပါတယ်။ စိတ်ဓါတ်ကိုမောင်းတင်ပြီး နိုင်ငံရေးလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်းမွေးဖို့ NLD တင်မက ကျန်ပါတီတွေပါ အကြပ်အတည်းဖြစ်နေတာပါ။ ဒီလိုခေါင်းဆောင်းပေါ်ထွက်လာဖို့ကို ဇစ်မြစ်လိုက်ကြည့်ရင် ခေါင်းဆောင်တွေမွေးဖွားပေးရာ တက္ကသိုလ်တွေလို Institutions များဆိုတာ တွေ့ရမှာပါ။ NLD ပဲဖြစ်ဖြစ်၊ ကြံ့ခိုင်ရေးပဲဖြစ်ဖြစ်၊ NDF ပဲဖြစ်ဖြစ် ခေါင်းဆောင်ကောင်းမွေးဖို့အတွက် ဒီလို အင်အားပြည့် အင်စတီကျူးရှင်းတွေ မရှိဘဲ မတတ်နိုင်ပါ။ ဒါကြောင့် ဒီလို မျိုးဆက်သစ်လိုအပ်ခြင်းဟာ ပါတီအဖွဲ့အစည်းတစ်ရပ်ရဲ့ လိုအပ်ချက်က် နိုင်ငံတော်အဆင့်လိုအပ်မှု (National scale)ဆိုတာ သိသာမြင်သာပါလိမ့်မယ်။
ဒီစာက ဘာမှမဟုတ်ပါ။ အတွေးအနည်းငယ်ဖြန့်ချကြည့်ထားခြင်းဖြစ်ပါတယ်။ စု ဟာ Goddess မဟုတ်တဲ့အတွက် အမှားအယွင်းရှိနိုင်ပါတယ်။ ကျနော်သူမကို ဝေဖန်ကြည့်တဲ့အခါ အပေါ်က လို မြင်ကြည့်လိုက်ပါတယ်။ သူမ သမ္မတဖြစ်လာရင်တော့ ဒီထက်ဝေဖန်စရာတွေအများကြီးတိုးလာပါလိမ့်မယ်။
With great power, comes great responsibility မဟုတ်လား။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။