တို့ဗမာ Dobama
ရန်ကုန်တက္ကသိုလ် ပေါ်ပေါက်လာခြင်း ........................................
၁၉၂၀ပြည့်နှစ် မတိုင်မီအထိ မြန်မာနိုင်ငံတွင် တက္ကသိုလ်ကျောင်းအဆင့် မရှိခဲ့ပေ။ ရန်ကုန် ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ် အနေဖြင့်သာ ထူထောင်ပေးထားပြီး အိန္ဒိယနိုင်ငံ ကာလကတ္တား တက္ကသိုလ်၏ လက်အောက်ခံ ကောလိပ်များ အနေဖြင့်သာ ဖွင့်လှစ်ခဲ့ကြ ရသည်။ ကာလကတ္တားလက်အောက်ခံ ကောလိပ်များ ဖြစ်သဖြင့်လည်း ထိုကျောင်းက ချမှတ်ထားသည့် စည်းမျဉ်းများကို လိုက်နာကြရသည်။ ကိုယ့်နိုင်ငံကိုယ့်လူမျိုး ကိုယ်ဓလေ့နှင့် မကိုက်ညီသော စည်းမျဉ်း များကို လိုက်နာနေကြရသဖြင့် မြန်မာတို့ စိတ်ထဲတွင် သီးခြားလွတ်လပ်သော တက္ကသိုလ်တစ်ခု ဖြစ်ရန် လိုလားခဲ့ကြသည်။
၁၈၉၆ ခုနှစ်တွင် မစ္စတာတော်စိန်ခို က မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် သီးခြား တက္ကသိုလ်တစ်ခု တည်ထောင်သင့်ကြောင်း လှုံ့ဆော်ပြောကြားခဲ့သည်။ သို့သော် ဗြိတိသျှ အစိုးရသည် ၁၉၀၇ ခုနှစ်တိုင်အောင် စီစဉ် ပေးခြင်းမရှိပေ။
၁၉၀၉ ခုနှစ်တွင် ရန်ကုန်ကောလိပ် ၌ ကျောင်းသား ၂၀၈ ဦးသာရှိပြီး၊ ဂျပ်ဆင် ကောလိပ်တွင် ကျောင်းသား ၃၆ ဦးမျှသာ ရှိသေးသောကြောင့် တက္ကသိုလ်တစ်ခု ထူထောင်ရလောက်အောင် ကျောင်းသား အင်အားမကြီးမားသေးဟု ပညာရေး ဆင်ဒီကိတ်က ဆုံးဖြတ်ခဲ့သည်။
၁၉၁၂ - ၁၃ ခုနှစ်တွင် အိန္ဒိယအစိုးရ ဘဏ္ဍာရေးဌာနမှူး ဆာစပင်ဆာဟာကုတ် ဘတ္တလာက ရန်ကုန်တက္ကသိုလ် ထူထောင်ရန် အတွက် ငွေကျပ်ရှစ်သိန်း ထုတ်ပေးမည်ဟု ကြေညာခဲ့သည်။ ၁၉၁၃ ခုနှစ်တွင် မြန်မာနိုင်ငံဒုတိယ ဘုရင်ခံ ဆာဟာဗေးအဒမ်ဆင်က ပညာရေး ဆင်ဒီကိတ်ရေးဆွဲထားသည့် မြန်မာနိုင်ငံ တက္ကသိုလ်ဥပဒေကြမ်းကို အိန္ဒိယအစိုးရထံ တင်သွင်းခဲ့သည်။
၁၉၁၅ ခုနှစ်တွင် ရန်ကုန်ကောလိပ်၌ ကျောင်းသား ၅၆၇ ဦးနှင့် ဂျပ်ဆင်ကောလိပ် တွင် ကျောင်းသား ၇၈ ဦးရှိလာသည်။ တိုးတက်များပြားလာသည့် ကျောင်းသား ဦးရေအရ တက္ကသိုလ်တစ်ခု ထူထောင်ပေးရန် လိုအပ်လာသည်။ ထိုစဉ်က ပထမကမ္ဘာစစ်ကြောင့် ဗြိတိသျှအစိုးရမှာ ငွေကြေးအလွန် ကျပ်တည်းနေသဖြင့် ဥပဒေကြမ်းကို စဉ်းစားပေးနိုင် သည့် အနေအထားတွင်မရှိခဲ့ပေ။ သို့သော် ရန်ကုန်တက္ကသိုလ် ဖြစ်မြောက်ရေး အထူး ကော်မတီသည် ၁၉၁၉ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ဖွဲ့စည်းပုံ အစီရင်ခံစာကို ပညာမင်းကြီးမက်ဟန်းတား ထံတင်ပြနိုင်ခဲ့သည်။ ပညာမင်းကြီးသည် အိန္ဒိယနိုင်ငံမှ ပညာရေးကျွမ်းကျင်သူ ငါးဦးနှင့် မဒရပ် တက္ကသိုလ်မှ မော်ကွန်းထိန်း မစ္စတာ အက်ဖ်ဒျူစဗာရီတို့ကို ဖိတ်ခေါ်ပြီး ငွေကြေး မြောက်မြားစွာပေးကာ ရန်ကုန်တက္ကသိုလ် အက်ဥပဒေ အထူးကော်မတီ၏ အစီရင် ခံစာကို ရေးဆွဲစေခဲ့သည်။ ထိုခုနစ်ဦး ပြုစုထားသည့် အစီရင် ခံစာကို ထိုနှစ်တွင်ပင် အိန္ဒိယဗဟို အစိုးရထံ ပို့လိုက်သည်။ အိန္ဒိယအစိုးရကလည်း အတည်ပြုပြီးနောက် အင်္ဂလန်အုပ်ချုပ်ရေး ဌာနဝန်ကြီးထံတစ်ဆင့် ပြန်လည်ပို့ပေးလိုက် သည်။ ဝန်ကြီးကလည်း ထိုဥပဒေကို ထပ်မံ အတည်ပြုပြီး မြန်မာပြည်ဘုရင်ခံ ဆာရယ် ဂျီနယ်ဟင်နရီကရက်ဒေါက်ထံ ပြန်ပို့လိုက်သဖြင့် မြန်မာပြည် ဥပဒေပြုအဖွဲ့ အနေဖြင့် လက်ခံလိုက်ရလေတော့သည်။
၁၉၂၀ ရန်ကုန်တက္ကသိုလ် ဥပဒေ ကြမ်းတွင်
၁။ မြန်မာပြည်တွင် တက္ကသိုလ်တစ်ခု တည်းသာရှိရမည်။ တက္ကသိုလ်လက်အောက် တွင် ကောလိပ်ကျောင်း တစ်ကျောင်းသာ ရှိရမည်။
၂။ ထိုကောလိပ်သည် ရန်ကုန်မှာ သာရှိရမည်။
၃။ ကောလိပ်ကျောင်းသားများသည် ကျောင်းအိပ်ကျောင်းစားအဖြစ် နေရမည်။
၎။ တက္ကသိုလ်ဝင် စာမေးပွဲမထားဘဲ အစိုးရကပြုလုပ်သော ဆယ်တန်းစာမေးပွဲကို အောင်ရမည်။ ဆယ်တန်းစာမေးပွဲတွင် အင်္ဂလိပ်ဘာသာနှင့် အခြားဘာသာတစ်ခု တွင် ထူးချွန်စွာအောင်မြင်မှသာ တက္ကသိုလ် ဝင်ခွင့်ရမည်။
၅။ ဆယ်တန်းအောင်၍ တက္ကသိုလ် ဝင်ခွင့်ရသော်လည်း တက္ကသိုလ်ပညာရပ် များကို တစ်ခါတည်းစ၍ မသင်ရသေးဘဲ တက္ကသိုလ်ပညာရပ်များကို ကောင်းစွာ လိုက်နိုင်ရန် ပြင်ဆင်မှုအတန်းတွင် တစ်နှစ် နေရမည်။
၆။ ထိုပြင်ဆင်မှု အတန်းတွင် တစ်နှစ် နေပြီးသော်လည်း တက္ကသိုလ်ပညာကို လိုက်နိုင်ရန် အရည်အချင်း မမီသေးလျှင် တက္ကသိုလ်ပညာကို ဆက်လက်သင်ခွင့် ရမည်မဟုတ်။
၇။ ရေးဖြေစာမေးပွဲအပြင် နှုတ်ဖြေ စာမေးပွဲလည်း ပြုလုပ်မည်။
၈။ ဝိဇ္ဇာဘွဲ့နှင့် သိပ္ပံဘွဲ့စာမေးပွဲကို ဂုဏ်ထူးနှင့် အောင်သောသူမှသာ မဟာ ဝိဇ္ဇာ၊ မဟာသိပ္ပံစာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့် ရှိသည်။ ဝိဇ္ဇာဘွဲ့နှင့် သိပ္ပံဘွဲ့စာမေးပွဲကို ရိုးရိုးအောင်ရုံမျှနှင့် မဟာဝိဇ္ဇာ၊ မဟာသိပ္ပံ စာမေးပွဲမဝင်နိုင်။
၉။ ဂုဏ်ထူးတန်းစာမေးပွဲကို ဥပစာ တန်းအောင်ပြီး သုံးနှစ်ကြာမှဝင်ရမည်။
၁ဝ။ ဂုဏ်ထူးတန်းကို တစ်ခါဝင် ရောက်ဖြေဆို၍ မအောင်မြင်လျှင် နောက် ထပ် ဝင်ခွင့်ပြုမည်မဟုတ်။
ထိုအချက်များသည် တက္ကသိုလ်ပညာကို မြန်မာတိုင်းရင်းသားအများစု သင်ကြားခွင့်မရစေရန် ချုပ်ချယ်ထားသည်ဟု မြန်မာအများစုက ယူဆခဲ့ကြသည်။ ထို့ပြင် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင် ကောလိပ်တို့သည် ဥပဒေကြမ်းအတည် ဖြစ်ပြီးနောက် ငါးနှစ်အတွင်း မပူးပေါင်း နိုင်ခဲ့လျှင် ထိုကောလိပ်ကျောင်းနှစ်ကျောင်း အပြင် အခြားကောလိပ်များကိုလည်း တက္ကသိုလ်၏ အအုပ်ချုပ်ခံဖြစ်ခွင့်အား မြန်မာပြည် ဘုရင်ခံက ပေးရမည်ဆိုသည့် ပြဋ္ဌာန်းချက်မှာလည်း နောက်ထပ် ကော်မတီ၏ ဖြည့်စွက်ချက်ဖြစ်ပြီး မလိုအပ် ဟုဆိုကာ ကန့်ကွက်ခဲ့ကြသည်။ ဥပဒေအရ အစိုးရသည် တက္ကသိုလ် အုပ်ချုပ်ရေးတွင် အခွင့်အာဏာများစွာ ယူထားသည်ဟုဆိုရမည်။ တက္ကသိုလ်ဝင်ခွင့် သည် တက္ကသိုလ်ဆီးနိတ်အဖွဲ့၏ဆုံးဖြတ် ချက်အတိုင်းသာရှိသင့်ပြီး အိန္ဒိယအစိုးရ အနေဖြင့် ဝင်ရောက်စွက်ဖက်ရန် မလိုဟု ယူဆသည်။
ဗြိတိသျှအစိုးရသည် ပြည်သူတို့ ကန့်ကွက်နေသည့်ကြားမှ ၁၉၂၀ပြည့်နှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် ကျင်းပသည့် ဥပဒေပြုအဖွဲ့ အစည်းအဝေးတွင် ပညာ မင်းကြီးမက်ဟန်းတားက ရန်ကုန်တက္ကသိုလ် အက်ဥပဒေကြမ်းကို တင်သွင်းပြီး မင်းတိုင်ပင် အမတ်ဦးမေအောင်က ထောက်ခံခဲ့သည်။ ဥပဒေပြု အမတ်များဖြစ်သည့် ဦးချစ်ဖေ၊ ဦးမြင့်နှင့် ဦးလှဖေတို့က ရန်ကုန် တက္ကသိုလ် အက်ဥပဒေကြမ်းကို ဝေဖန် ကန့်ကွက်ခဲ့ကြသည်။ သူတို့က ရန်ကုန် တက္ကသိုလ်ကို တစ်စည်းတစ်လုံးတည်း ပေါင်းစည်းထားသည့်စနစ်ဖြင့် မထူထောင်ဘဲ အခြားကောလိပ်များကလည်း ဆက်သွယ် ပါဝင်စေသည့်စနစ်ဖြင့် ထူထောင်ရန် အကြံ ပြုခဲ့ကြသည်။ မြန်မာနိုင်ငံဒေသအသီးသီး တွင် တက္ကသိုလ်ကောလိပ်ခွဲများ ဖွင့်ခွင့်ရခြင်းဖြင့် မြန်မာနိုင်ငံ တိုင်းရင်းသားများ ပညာ လေ့လာဆည်းပူးခွင့် ရရှိစေရန်ဖြစ်သည်။
ချုပ်ချယ်ကန့်သတ်ချက် များစွာ ပါနေသည့် ၁၉၂၀ ရန်ကုန်တက္ကသိုလ် ဥပဒေ ကြမ်းကို မြန်မာပြည်သူတို့က ကန့်ကွက်ခဲ့ ကြသည်။ ၁၉၂၀ ပြည့်နှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ဥပဒေကြမ်း ကို ကန့်ကွက်သည့် လူထုအစည်းအဝေးကြီးကို ဂျူဗလီဟောတွင် ကျင်းပခဲ့သည်။ ထိုလူထုအစည်းအဝေးကြီးက ရန်ကုန် တက္ကသိုလ်ဥပဒေကြမ်းကို ရွှေ့ဆိုင်းထားရန် ဆုံးဖြတ်ခဲ့ကြသည်။ မြန်မာနိုင်ငံ ဥပဒေပြုအဖွဲ့သည် ရန်ကုန်တက္ကသိုလ်ဥပဒေကြမ်း အတည်ပြုရေးအတွက် မဲခွဲ ဆုံးဖြတ်ခဲ့ကြသည်။ အများစု သဘောတူညီချက်အရ ရန်ကုန်တက္ကသိုလ် အက်ဥပဒေ အတည်ဖြစ်လာသည်။ ဥပဒေပြု အဖွဲ့ အတည်ပြုခဲ့သည့်အတွက် ဒုတိယဘုရင်ခံ ဆာရယ်ဂျီနယ်ဟင်နရီကရက်ဒေါက်သည် ထိုဥပဒေကို ၁၉၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် သဘောတူကြောင်းလက်မှတ် ရေးထိုးခဲ့ပြီး အိန္ဒိယဘုရင်ခံချုပ် ကလည်း ၁၉၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၄ ရက် နေ့တွင် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို လက်ခံအတည်ပြုလိုက်သည်။
R The Voice Weekly

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။