ကမ္ဘာ့အချမ်းသာဆုံးနှင့် အဆင်းရဲဆုံးနိုင်ငံက လူဆင်းရဲများ
ခင်မေဇော် (၀ါရှင်တန်ဒီစီ)
~~~~~~~~~~~~~~~~~~~~~~~~
တချိန်က မြန်မာနိုင်ငံကို စံနမူနာယူခဲ့ရသော မြို့နိုင်ငံ စင်ကာပူသည် ကမ္ဘာမှာ အချမ်းသာဆုံးမြို့ ဖြစ်လာသည်။
ကမ္ဘာအရပ်ရပ်က ဘီလီယံနာတွေ သန်းထောင်ကြွယ်သူဌေးများပင် စင်ကာပူကို ပြောင်းနေကြသည်။ တရုတ်မင်းသား ဂွန်လီနှင့် ဂျက်လီတို့လည်း စင်ကာပူကို ပြောင်းနေချိန်တွင် အိန္ဒိယနိုင်ငံသား တယ်လီကွန်သူဌေး ဘူပင်ဒရာ ကူးမားမိုဒီကလည်း စင်ကာပူတွင်နေပါသည်။ ၎င်းတို့ထဲတွင် နယူးဇီလန် ဘီလီယံနာ ရစ်ချတ် ချန်ဒလာနှင့် အမေရိကန်စီးပွားရှင်သူဌေး ဂျင်ရော်ဂျာတို့လည်း အပါအ၀င် ဖြစ်သည်။
ကမ္ဘာတ၀ှမ်းမှ သန်းကြွယ်သူဌေးများ အဘယ်ကြောင့် စင်ကာပူမှာ
နေထိုင်လိုပါသနည်း။ အခွန်နိမ့်ပြီး စိတ်ချရသော၊ လာဘ်စားမှု
ကင်းသောအစိုးရနှင့် အကာအကွယ်အပြည့်ပေးထားသော ဘဏ်ဥပဒေ တို့က ကမ္ဘာ့အချမ်းသာဆုံးသူများကို ဖိတ်ခေါ်ဆွဲဆောင်နိုင်ခြင်းပင်
ဖြစ်သည်။
ထိုသို့ နိုင်ငံတကာက အချမ်းသာဆုံးသူများ လာရောက်ပြီး ၎င်းတို့၏ အခွင့်ထူးများခံစားနေချိန်တွင် သာမာန် စင်ကာပူသားများ တရိတ်ရိတ်တက်နေသော ဈေးနှုန်းကြီးမြင့်မှုကို အလျင်မှီရန် ခက်ခက်ခဲခဲ ရုန်းကန်နေကြရသည်။ စင်ကာပူ၏ ၀င်ငွေအနိမ့်ဆုံး အောက်ခြေလူတန်းစား ၂၀ ရာခိုင်နှုန်း၏ ၀င်ငွေသည် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ၁၀ ရာခိုင်နှုန်းကျဆင်းသွားကြောင်း ကိန်းဂဏန်းများက ပြနေချိန်တွင် ထိပ်ဆုံးဝင်ငွေအုပ်စု၏ ၂၀ ရာခိုင်နှုန်းကမူ ၀င်ငွေ ၃၀ ရာခိုင်နှုန်းတိုး လာကြောင်း တွေ့ရသည်။
ရန်ကုန်မြို့တွင် လက်ရှိပေါက်နေသော ကုန်ဈေးနှုန်းနှင့် အိမ်ယာဈေးနှုန်း များသည် ကြောက်ခမန်းလိလိ ဖြစ်သည်။ အသားငါး နှင့် တချို့ အစားအသောက်များ၏ဈေးနှုန်းသည် အမေရိကန်မြို့တော် ၀ါရှင်တန်က ကုန်ဈေးနှုန်းနှင့်ပင် ယှဉ်၍ရနိုင်သည်။ ၀ါရှင်တန်သည် အမှန်တော့ အမေရိကန်တွင် လူနေစရိတ်၊ စားစရိတ် ကြီးမြင့်သောမြို့ ဖြစ်သည်။
ဧပြီလအတွင်း ရန်ကုန် ကုန်ဈေးနှုန်း ဖော်ပြချက်တခုအရ ဓာတ်ဆီဈေး၊ အချိုရည်ဈေးတို့တွင်လည်း ရန်ကုန်က ၀ါရှင်တန်ထက်ပင်လျှင်
ဈေးပိုများနေသည်။ လေ့ကျင့်ခန်းလုပ်ရန် အသင်းဝင် လစဉ်ကြေးသည် လည်း အမေရိကန်ထက် ၆ ဆပိုများနေသည်ကိုလည်း တွေ့ရသည်။
သို့သော် အမေရိကန်နိုင်ငံတွင် အနိမ့်ဆုံးဝင်ငွေကို ၉ ဒေါ်လာသတ်မှတ်ရန် သမ္မတ အိုဘားမားက အဆိုပြုထားပြီး နယူးယောက်အပါအ၀င် အချို့ပြည်နယ်များတွင် တနာရီကို ၉ ဒေါ်လာ သတ်မှတ်ပြီး ဖြစ်သည်။ တချို့ ပြည်နယ်တွင် အနိမ့်ဆုံးဝင်ငွေ တနာရီကို ၇.၂၅ ဒေါ်လာ သတ်မှတ်ထားသည်။ ထို့ကြောင့် အမေရိကန် ဆင်းရဲသားတဦး၏ အနိမ့်ဆုံးနေ့စဉ်ဝင်ငွေမှာ ဒေါ်လာ ၆၀ ခန့် ဖြစ်ပြီး အိုဘားမား၏ အဆိုပြုချက်ကို ကွန်ကရက်က အတည်ပြုခဲ့လျှင် အနိမ့်ဆုံးနေ့စဉ်ဝင်ငွေမှာ ၇၂ ဒေါ်လာ ဖြစ်လာမည်။
မြန်မာနိုင်ငံတွင် နေ့စားအလုပ်သမားတဦး၏ အနိမ့်ဆုံးဝင်ငွေမှာ တရက်ကို ၀.၆၀ ဒေါ်လာခန့်ဟု သိရသည်။ (ပျှမ်းမျှဝင်ငွေ မဟုတ်ပါ။) အစိုးရ၀န်ထမ်းများကို ဧပြီလကစပြီး လစာပေါ်တွင် တလကို ၂၃ ဒေါ်လာခန့် တိုးမြှင့်ပေးနေသော်လည်း တခြား အထွေထွေ နေ့စားအလုပ်သမားများ အတွက် အနိမ့်ဆုံးဝင်ငွေ သတ်မှတ်ခြင်း မရှိသေးပါ။
အနိမ့်ဆုံးလစာကို အလုပ်သမားနှင့် သူ၏မိသားစုဝင် ၂ ဦး သက်တောင့် သက်သာ နေထိုင်စားသောက်နိုင်သည့် ငွေပမာဏကို နိုင်ငံတကာစံနှုန်း အဖြစ် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်က သတ်မှတ်သည်။ ထို့ကြောင့် ၀င်ငွေနိမ့်သော်လည်း ကုန်ဈေးနှုန်းနိမ့်လျှင် သင့်လျော်သည်ဟု ယူဆသည်။
အရှေ့တောင်အာရှတွင်ပင် မြန်မာနိုင်ငံ၏ ၀င်ငွေမှာ အနိမ့်ဆုံး ဖြစ်သည်။ ကုလသမဂ္ဂ၏ ၂၀၀၉ ခုနှစ် ထုတ်ပြန်ချက်တွင် မြန်မာတို့၏ ပျှမ်းမျှဝင်ငွေ ကို ဒေါ်လာ ၃၇၉ ခန့်ဟု ဖော်ပြထားသည်။ ဤ၀င်ငွေသည် အရှေ့တောင် အာရှတွင် အနိမ့်ဆုံးဖြစ်ရာ တဦးချင်းဝင်ငွေ ဒေါ်လာ ၁၁၃၀ ရှိသော လာအိုနိုင်ငံ၊ ဒေါ်လာ ၈၃၀ ရှိသော ကမ်ဘောဒီးယားနိုင်ငံများထက်ပင် နိမ့်နေသည်။ မြန်မာနိုင်ငံသည် ၂ နှစ်- ၃ နှစ်အတွင်း လာအိုနှင့် ကမ်ဘောဒီးယားတို့၏ တဦးချင်းဝင်ငွေထက် သာလွန်နိုင်မည်ဟု စက်မှုဝန်ကြီး ဦးစိုးသိန်းက မနှစ်က ပြောခဲ့သည်။
ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာပြီး စီးပွားရေးလွတ်လပ်ခွင့်များရလာလျှင် ၀င်ငွေမြှင့်လာခြင်း ဖြစ်နိုင်သည်ကို တွေ့ရသည်။
သို့သော် ၀င်ငွေမတိုးခင် တိုးများလာနေသော လူနေမှုစရိတ်ကို
ပြည်သူများမည်မျှကြာမြှင့်စွာ ရင်ဆိုင်နိုင်မည် မခန့်မှန်းနိုင်ပါ။ မြန်မာနိုင်ငံ၏ ၀င်ငွေနှင့် ကုန်ဈေးနှုန်းတို့ အချိုးမမျှသဖြင့် လူများစုဖြစ်သော ဆင်းရဲသားများအတွက် ရပ်တည်ရေး အစီအစဉ်များ ချမှတ်ရန် လိုအပ်သည်။ အထူးသဖြင့် နိုင်ငံတကာက ၀င်ရောက်လာမည့် ရင်းနှီးမြှုပ်နှံမှုများနှင့် အတူ ပေါ်လာမည့် အလုပ်နေရာများတွင် လုပ်ကိုင်ကြမည့် နေ့စားအလုပ်သမားများ၊ စက်ရုံအလုပ်သမားအများစု အတွက် ၎င်းတို့ ဖူဖူလုံလုံ နေထိုင်နိုင်မည့် အနိမ့်ဆုံးလစာ သတ်မှတ်ပေးရန် အရေးကြီးလာသည်။ ဤသို့ သတ်မှတ်ချက်ကြောင့် ရင်းနှီးမြှုပ်နှံမည့်သူများ
နောက်တွန့်သွားမည်ကို စိုးရိမ်သည်ကလည်း ဓမ္မတာဖြစ်သည်။
မြန်မာနိုင်ငံလို ဆင်းရဲသားများပြီး လူချမ်းသာနဲပါးသည့်နိုင်ငံကို မဆိုထားနှင့် လူချမ်းသာများသည့် မြန်မာ့အိမ်နီးချင်းစင်ကာပူနိုင်ငံကို ကြည့်လျှင်ပင် လူဆင်းရဲများကို အကာအကွယ်ပေးရန် ခက်ခဲနေသည်ကို တွေ့ရသည်။
စင်ကာပူ၏ ဆင်းရဲသားများကို လူမှုရေးအထောက်အပံ့ပေးရန် လိုအပ်နေသော်လည်း ထိုသို့လုပ်ရန်မှာ အခွန်တိုးကောက်ရမည်ဖြစ်ပြီး ထိုအချက်က စင်ကာပူ၏လူချမ်းသာများကို လက်လွှတ်ရနိုင်သည်။ အချမ်းသာဆုံး မြို့စင်ကာပူသည် သူ၏ နိုင်ငံသား အများစုဖြစ်သော သန်းကြွယ်သူဌေးမဟုတ်သူများကို အကာအကွယ် မပေးသေးပါ။
ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများစာရင်းတွင် ရှိနေဆဲဖြစ်သည့် မြန်မာနိုင်ငံတွင် လည်း အလွန်ချမ်းသာသူများ ရှိနေသည်မှာ ငြင်းမရသော အချက် ဖြစ်သည်။ သို့သော် စင်ကာပူနှင့်မတူသည့်အချက်မှာ လူချမ်းသာ ရာခိုင်နှုန်း နည်းပါးလှခြင်းပင် ဖြစ်သည်။ သို့သော် အချမ်းသာဆုံးမြို့နိုင်ငံနှင့် တူညီနေသည့်အချက်ကတော့ တဟုန်ထိုးတက်လာနေသော
ဈေးနှုန်းဒဏ်ကို ကမ္ဘာ့အချမ်းသာဆုံးမြို့ဖြစ်သည့် စင်ကာပူမှ ဆင်းရဲသားများတည်းတူ မြန်မာနိုင်ငံက ဆင်းရဲသားများ ခက်ခက်ခဲခဲ ရင်ဆိုင်နေကြရခြင်း ဖြစ်သည်။
အမေရိကန်နိုင်ငံတွင်လည်း ဆင်းရဲသားများစွာ ရှိပါသည်။ ၂၀၁၂ ခုနှစ် ထုတ်ပြန်ချက်အရ လူဦးရေ သန်း ၅၀ နီးပါးက နေ့တဓူဝ ရုန်းကန်နေရသော ဆင်းရဲသားများဖြစ်သည်ဟု သိရသည်။ သို့သော် သူတို့အတွက် လူမှုရေးရံပုံငွေမှ ကျမ်းမာရေး၊ အစားအစာ၊ အဖိုးနည်းအိမ်ယာ၊ လစဉ် အကူငွေ စသဖြင့် အကူအညီများ ပေးထားသဖြင့် ခုသာခံသာ ရှိသည်။ ထိုသို့လုပ်ဆောင်ရန်အတွက် အခွန်ငွေမှ ရယူသည်။ ၀င်ငွေများသူက အချိုးကျ အခွန်ပိုပေးရသည့် စနစ်ဖြင့် ၀င်ငွေနဲသူများကို ပံ့ပိုးသည်။
အာရှ၏ အချမ်းသာဆုံးမြို့စင်ကာပူတွင် ဆင်းရဲသားများအတွက် လူမှုရေးအကူအညီပေးရန် တောင်းဆိုတင်ပြနေဆဲ ဖြစ်ပြီး အခုအချိန် အထိတော့ မရရှိသေးပါ။ လူချမ်းသာများကို လာရောက်နေထိုင်ရန် အခွန်အတုတ် လျှော့ပြီး ဆွဲဆောင်နိုင်သော စင်ကာပူသည် သူ့နိုင်ငံ၏ ဆင်းရဲသားများကို ထောက်ပံ့ရန်အတွက် အခွန်လိုအပ်နေသည်ဟု ဆိုသည်။ ထိုသို့ မထောက်ပံ့နိုင်လျှင်လည်း အနိမ့်ဆုံးဝင်ငွေ သတ်မှတ်ပေးရန် စင်ကာပူနိုင်ငံ လွှတ်တော်အမတ်များ၏ တင်ပြချက်ကို ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့က အလုပ်သမားဝန်ကြီး လင်ဆွေစေးက ပယ်ချလိုက်သည်။ အလုပ်သမားများ၏ လစာတိုးတိုင်း အစိုးရက ၄၀ %ဖြည့်ပေးသည့် စနစ်နှင့် တခြား လုပ်ငန်းခွင်သင်တန်းများက ပို၍အကျိုးရှိသည်ဟု သူကဆိုသည်။ ကမ္ဘာ့နိုင်ငံများ၏ ၉၀ % တွင် အနိမ့်ဆုံး ၀င်ငွေသတ်မှတ်ချက်ရှိနေချိန်တွင် အရှေ့တောင်အာရှ၏ အချမ်းသာဆုံးနှင့် အဆင်းရဲဆုံး - စင်ကာပူနှင့်
မြန်မာနှစ်နိုင်ငံစလုံး ဤစနစ်ကို အကောင်အထည်မဖော်သေးပါ။
မြန်မာနိုင်ငံကဲ့သို့ အဆင်းရဲဆုံးစာရင်းဝင် နိုင်ငံတွင် မတန်တဆ တက်နေသော လူနေမှုစားရိတ်ကို ကာမိစေမည့် အစီအစဉ်မည်သို့
ရေးဆွဲမလဲ။ အသစ်ဖွင့်လှစ်မည့် နိုင်ငံခြားနှင့် ပြည်တွင်း စက်ရုံအလုပ်ရုံများ အတွက် စင်ကာပူနည်းသုံးပြီး အခွန်လျှော့၊ အလုပ်သမားခလျှော့ပြီး လုပ်မလား၊ ဆင်းရဲသားလူများစုဘက်က ရပ်တည်ပြီး လူများစု၏အနိမ့်ဆုံး ၀င်ငွေကို ဥပဒေပြဌာန်းပြီး ပြတ်ပြတ်သားသား သတ်မှတ်မလား၊ တပြိုင်တည်းမှာပင် ကုန်ဈေးနှုန်းကြီးမြှင့်မှုကို မည်သို့ ရင်ဆိုင်မည်နည်း၊
ပြည်သူအများကို တာဝန်ခံသော အစိုးရတရပ်ဖြစ်လာရန်အရေးကြီးလှသည့်
မူဝါဒ တရပ်ကို မည်သို့ ဆုံးဖြတ်မည်နည်း။
စောင့်ကြည့်ရအုန်းမည်သာ ဖြစ်ပါသည်။
ဆောင်းပါးရှင် - ခင်မေဇော် (Burma-Newselite)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။