ယနေ့နယ်က သတင်းသမားများမှာ ထမင်းစားဖို့ သတင်းရေးနေခြင်း မဟုတ်ပါ။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှ ဂျာနယ်တိုက် ပိုက်ခန့်ထားတဲ့ သတင်းသမားများ ကတော့ လခရကြလို့ ထမင်းဖိုးမက ရချင်ရပါလိမ့်မည်။ အခြားနယ်မှ ကျွန်တော် အပါအဝင်သတင်းသမားများကတော့ဝါသနာအရ သတင်းရေးသားသူ နေသူများဖြစ်ကြပါတယ်။ ဝါသနာကိုအရင်းခံပြီးအနှစ်နာခံရေးသားနေသူများပါ။ သတင်းတစ်ပုဒ်ပါဖို့သတင်းလိုက်ပြီးရေးသားရခြင်းကတော့ အများပြည်သူများ အတွက်အကျိုးပြုစေတဲ့ သတင်းများကိုစာမျက်နှာမှာဖော်ပြခံရပြီဆိုရင် ထမင်းမေ့ဟင်းမေ့ပြီး (ပီတိစား)လို့ ဝနေကြရပါတယ်။
သတင်းသမားအများစုဟာ ကလောင်တစ်ချောင်းကလွဲလို့ ဘာဥစ္စာ၊ဘာဓနပစ္စည်းမှ အပို စုဆောင်းထားပြီး ချမ်းသာနေသူများမရှိကြပါ။ လူမချမ်းသာပေမယ့်စိတ်ရင်းစေတနာကောင်းများစွာနဲ့ ချမ်းသာနေသူများက များကြပါတယ်။သိက္ခာနဲ့ရိက္ခာကို မလဲနိုင်သူတွေကများကြပါတယ်။
ခြွင်းချက်။ ။ စိတ်ရင်းစေတနာဆိုးကြတဲ့ ဘယ်သူသေသေ ငတေမာရင်း ပြီးရောဆိုသောလူများ၊ ပေါင်း၍စားတဲ့လူစား၊ ခြောက်စား၊ ဟောက်စားနှင့်ကော်ပီကူးချနေကြသောသတင်းသမားများ တချို့တော့လည်း ရှိတတ်ကြပါတယ်။) စာရေးဆရာနဲ့ သတင်းသမားများမှာ ငွေမရှိကြသော်လည်း အရေး ကိစ္စပေါ်လာရင် အချင်းချင်း စာနာထောက်ထား၊ သနားညှာတာစိတ်နဲ့ ဝိုင်းဝန်းကူညီ ဆောင်ရွက်တတ်ကြပါတယ်။ စေတနာမှ ဝေဒနာဖြစ်ခဲ့ရတဲ့ အဖြစ်မှန် အကြောင်းလေးတစ်ခုကို တင်ပြပါရစေ...။
စာရေးသူတို့မြို့မှာ ဆင်းရဲတဲ့ အသက်(၆ဝ)ကျော် စာရေးဆရာတစ်ဦး အရေးပေါ်နှလုံး သွေးကြောကျဉ်းပြီး လေဖြတ်တော့မယ့်ဝေဒနာ ခံစားရပါတယ်။ သူ့ကို တိုင်းဒေသကြီး ပြည်သူ့ ဆေးရုံးကြီးမှာ အရေးပေါ်တင်ပြီး သတင်းသမားနဲ့ စာရေးဆရာအဖွဲ့က ဝိုင်းဝန်းပြုစု ကုသပေးခဲ့ကြပါတယ်။ ငွေကြေးတတ်နိုင်သူ သဒ္ဓါတရားထက်သန်သူ စာရေးဆရာ တစ်ဦးကလည်း လိုအပ်တဲ့ဆေးဖိုး ကုန်ကျငွေများကို တစ်ဦးတည်း လှူဒါန်းခဲ့ပါတယ်။ (၁ဝ)ရက်ခန့် ဆေးကုသခံပြီး ဆေးစစ်ပြီး ပြောကြားချက်အရ ကျွန်တော်တို့ကို ပြန်လည်ပြောကြားပါတယ်။ သူ့မှာ နှစ်လုံးသွေးကြော တစ်ဘက်ကျဉ်းပြီး ပုပ်နေကြောင်း၊ ဒါကြောင့်(၆)လအတွင်း နှလုံးခွဲစိပ်ကုသမှု အမြန်ခံယူရပါရန်၊ ဒီအတွင်းမခွဲစိပ်နိုင်လျှင် အသက်မရှင်နိုင်တော့ကြောင်း မျက်နှာငယ်လေးဖြင့် ပြောကြားနေပါသည်။ သူရဲ့ပြောကြားချက်ကြောင့် ကျွန်တော်တို့ သတင်းသမားနှစ်ဦးက ဂျာနယ်(၃)စောင်မှာ သူအတွက် အလှူရှင်များ အမြန် ပေါ်ပေါက်လာနိုင်အောင် ဝေဒနာခံစားနေရတဲ့ ကာယကံရှင်ရဲ့ ဓာတ်ပုံများနဲ့ အကျယ်တဝင့် သတင်းတင်ပေးခဲ့ကြတယ်။ ဒီသတင်းကို အယ်ဒီတာများကလည်း အလေးထားပြီး အမြန်ဖော်ပြပေးခဲ့ကြပါတယ်။ သတင်းဂျာနယ်များမှာ သတင်းဖော်ပြခဲ့တဲ့ အပတ်မှစပြီး တစ်လအတွင်း နှလုံးခွဲစိပ် ဆေးကုသနိုင်ရန် အနယ်နယ်အရပ်ရပ်မှ အလှူရှင်အသီးသီးက ငွေပေါင်း ကျပ်(၂၃)သိန်းခန့် ရရှိလာခဲ့ပါတယ်။ ကျွန်တော်တို့သတင်းရေးသားသူ နှစ်ဦးမှာလည်း လွန်စွာဝမ်းမြောက်ပြီး ပီတိတွေဖြာနေကြရပါတယ်။ ဒီလိုရရှိလာတဲ့ငွေများကို ဝေဒနာရှင်စာရေးဆရာနှင့် မြို့နယ်စာနယ်ဇင်းအဖွဲ့က စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်သုံးစွဲပြီး ကိုင်ဆောင်ခဲ့ကြပါတယ်။ နောက်ထပ်လိုအပ်သော ကုန်ကျမည့်ငွေကိုလည်း ဆေးရုံတက်ရောက် ကုသခဲ့စဉ်က ဆေးဖိုးများကို လှူဒါန်းခဲ့တဲ့ စာရေးဆရာတစ်ဦးမှ ထပ်မံလှူဒါန်းမယ်လို့ ကတိပေး လှူဒါန်းပါတယ်။
ဒါနဲ့ အလှူရှင်စာရေးတစ်ဦးက ဦးဆောင်ပြီး ဝေဒနာရှင် စာရေးဆရာကို နှလုံးခွဲစိတ်ပေးဖို့ ရန်ကုန်မြို့ကို ချိန်းပြီး ဆင်းသွားကြပါတယ်။ ရန်ကုန်မြို့မှာလည်း အသက်(၆ဝ)ကျော် စာရေးဆရာများကို အခမဲ့ဆေးကုသပေးနေတဲ့ ဖောင်ဒေးရှင်းတစ်ခုနဲ့ ဆက်သွယ်ဆောင်ရွက်ခဲ့ပါတယ်။ ဝေဒနာရှင် စာရေးဆရာမှာလည်း အသက်(၆ဝ)ကျော်ဆိုတော့ လိုအပ်တဲ့ဆေးစစ်မှုများ အားလုံးကို အခမဲ့စစ်ဆေးပေးကြပါတယ်။ ရန်ကုန်မှာ (၄)ရက်အတွင်း ဆေးစစ်လို့ အဖြေထွက်ခဲ့ပါတယ်။ အဖြေကတော့ ယခုအချိန်အထိ နှလုံးခွဲစိတ်ကုသမှုပြုရန် မလိုအပ်သေးကြောင်း၊ စားဆေးများကိုသာ တစ်လတိတိ အချိန်ယူပြီးစားသင့်ကြောင်း လမ်းညွှန်ပါတယ်။ ဆေးကုသရန်သွားကြသူ နှစ်ဦးမှာ ရန်ကုန်မြို့မှာ တည်းခိုနေထိုင်ရေးကလည်း မြန်မာဘုန်းတော်ကြီးကျောင်းမှာ နေခဲ့ကြရပါတယ်။ သွားလာရေးအတွက်လည်း ဦးဆောင်ပြီး ခေါ်သွားတဲ့ အလှူရှင်စာရေးဆရာတစ်ဦးက ကိုယ်ပိုင်ကားလေးတစ်စီး ပါသွားတော့ အားလုံးအဆင်ပြေကြပါတယ်။ စားသောက်တာကတော့ လမ်းဘေးမှာ သက်သာတဲ့ထမင်းဆိုင်မှာ စားကြတယ်လို့ပြောပါတယ်။ နယ်ကနေရန်ကုန်သို့ အသွားအပြန်ကားခသာ ဝေဒနာရှင်စားရေးဆရာမှာ ကုန်ကျကြောင်း၊ တစ်လအတွက် စားဆေးငါးသောင်းကျပ်ခန့်သာ ဝယ်လာကြောင်း စာရေးသူကို ပြောပြပါတယ်။
ဒါပေမယ့် ဝေဒနာရှင်စာရေးဆရာက ရန်ကုန်မှနယ်အသွား၊ အပြန်ကားခနဲ့ ဆေးဖိုး၊ စားစရိတ်ကုန်ကျငွေ (၅)သိန်းကျော် ယူထားပါတယ်။ နယ်ပြန်ရောက်သော်လည်း စာရင်းမရှင်းသေးပါ။ နယ်ရောက်လို့(၂)ရက်မှာ သမားတော်ပြပြီး နယ်ကပြည်သူဆေးရုံကို ပြန်တက်ပါတယ်။ သူက စာရင်းမရှင်းသော်လည်း လူမှုရေးအရ ကျွန်တော်တို့ စာနယ်ဇင်းကော်မတီမှ အစည်းအဝေးခေါ်ပါတယ်။ စုစုပေါင်း ငွေ(၈)သိန်းကို ဝေဒနာရှင်အားပေးပြီး ဖြစ်ပါတယ်။ ဆေးရုံမှ ဝေဒနာရှင်စာရေးဆရာ ဆင်းလာသောအခါ သူ့ကို ကျွန်တော်တို့စာနယ်ဇင်းကော်မတီမှ အစည်းအဝေး ခေါ်ပါတယ်။ ဝေဒနာရှင်စာရေးဆရာက သူယူထားတဲ့ ငွေ(၈)သိန်းလုံးကို သုံး၍ကုန်သွားကြောင်း ပြောဆိုပြီး စာရင်းကို အပြတ်ရှင်းခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ကော်မတီကလည်း နှလုံးခွဲစိတ်ကုသနိုင်ရန် အလှူရှင်များ လှူဒါန်းထားသောငွေမှ ကျန်ငွေ(၁၅)သိန်းကို ကော်မတီက ဆက်လက် ထိန်းသိမ်းထားပါမည်။ ဝေဒနာရှင်စာရေးဆရာ အတွက် အမှန်တကယ် ခွဲစိတ်ရမည်ဆိုတော့မှ ကျန်ငွေ(၁၅)သိန်းကို ထုတ်ပေးကြရန်အတွက် သဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။ ယင်းငွေ(၁၅)သိန်းကိုလည်း ငွေအရှင်ဖြစ်အောင် (လိုအပ်တဲ့အချိန်မှာ ထုတ်လို့ရမည့် အပေါင်ဆိုင်တစ်ခုမှာ သုံးပေးထားရန်) ပေးအပ်ထားပါတယ်။ ယင်းအပ်ထားတဲ့ ငွေမှအတိုးပွားရလာမယ့် ငွေများကိုလည်း စာနယ်ဇင်းအဖွဲ့မှအရေးပေါ် မမာမကျန်းဖြစ်ရင် စာရေးဆရာတစ်ဦးလျှင် နာမကျန်းထောက်ပံ့ငွေ (သုံးသောင်းကျပ်တိတိ) ပေးမည်လို့ အားလုံးသဘောတူ ဆုံးဖြတ်ကြပါတယ်။ အဲဒီဆုံးဖြတ်၊ စီမံချက်စာကိုလည်း စာနယ်ဇင်းအဖွဲ့ဝင်များ အာလုံးထံ ဝေငှပြီး အသိပေးထားခဲ့ပါတယ်။ ကာယကံရှင် စာရေးဆရာကိုယ်တိုင်လည်း သဘောတူညီခဲ့ပါတယ်။ စာနယ်ဇင်းကော်မတီမှ ခိုင်လုံမွန်မြတ်တဲ့ ဆေးပဒေသာပင်ငွေရှင်အား နှလုံးခွဲစိတ်ရန် ဝေဒနာရှင်စာရေးဆရာအတွက်လည်း အဆင်သင့်ထားပေးကြပါတယ်။ အခြားစာရေးဆရာများအတွက် အရေးပေါ် ကျန်းမာရေး မကောင်းခဲ့ရင် ဆေးကုသရန် ထောက်ပံ့ငွေ(၃ဝဝဝဝ)စီ ထုတ်ပေးရန်လည်း စီမံဆုံးဖြတ်ထားကြပါတယ်။ အနယ်နယ်အရပ်ရပ်မှ ဆေးအလှူရှင်များ ဝမ်းမြောက်၊ ကြည်နူးပြီး သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြပါစေ။ ဆေးဖိုးငွေအလှူရှင်များ ထံကိုလည်း အသိပေးစာများကို စာတိုက်မှ ပေးပို့ထားပြီးဖြစ်ကြပါတယ်။ သြော်ဒါပေမယ့် နှလုံးမခွဲစိပ်ရတဲ့ စာရေးဆရာဝေဒနာရှင်ကတော့ ကျန်းမာပြီးသော်လည်း ချမ်းသာ နေချင်ပြန်ပါတယ်။
ကျွန်တော်ရဲ့ သတင်းရေးဖော်ထံကို အနားသို့အသာကပ်လာပြီး တိုးတိုးလေးပြောကြား စည်းရုံးနေပြန်တယ်။ ဆရာတို့သတင်းသမားနှစ်ဦးကို တစ်ယောက် တစ်သိန်ပေးပါမည်...
ကျွန်တော်ရဲ့ ကျန်ငွေကိုသာ ပြန်ထုတ်ပေးကြပါဗျာ...တဲ့။ ကျွန်တော်ကတော့ တစ်ဆင့်ပြောလာသူ သတင်းရေးဖော်ကို ဒေါသထွက်ထွက်နဲ့ သူ့ကို ပြန်ပြောပေးလိုက်ပါဆရာရေ....။
(ဒီမှာ ကိုယ့်လူ တစ်သိန်းမဟုတ်ဘူး ငွေအကုန်လုံးပေးရင်တောင် ငါတို့က ယူမယ့်လူတန်းစားတွေ မဟုတ်ဘူးကွ ...။ သတင်းသမား ထမင်းစားဖို့ ချမ်းသာဖို့ သတင်းရေးနေတာမဟုတ်ဘူး။ အများအတွက် မှန်ကန်တဲ့ဘက်က ရပ်တည်ပြီး ဝါသနာကြီးလို့ မကြောက်မလှန့်နဲ့ သတင်းရေးနေတာမှတ်ပါ။)
ရွှေလမ်းငွေလမ်းဝင်းကြည်


No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။