By Linn Yaung on Saturday, November 3, 2012 at 3:27pm ·
တော်တော်ဆိုးဝါးလွန်းတဲ့ အိပ်မက်ဖြစ်သည်။
ကြောက်ဖို့ ကောင်းလိုက်သည်မှာ
မပြောပါနှင့်တော့။
ဒီလို အိပ်မက်မျိုးသာ ညစဉ်ညတိုင်း မက်မည်ဆိုပါက
တစ်သက်လုံး ပြန်မအိပ်ဘဲ
ငုတ်တုပ်ထိုင်နေမိမည်လား သူ မပြောတတ်ပါ။
အိပ်မက်ထဲမှာ .. သူ .......
-----------------------------------------
သူ ဘောလုံးကွင်းတစ်ကွင်း၏ အ၀တ်လဲခန်းထဲမှာ
ရောက်နေသည်။
သူ့ ပတ်ဝန်းကျင်တွင် အသင်းဖော်များက
အ၀တ်အစားလဲသည့်သူ လဲ၊ သွေးပူလေ့ကျင့်ခန်း လုပ်သည့်လူလုပ်ဖြင့်
လှုပ်လှုပ်ရွရွဖြစ်နေသည်။
တစ်ချို့က စိတ်ငြိမ်စေရန် နားကြပ်များဖြင့်
သီချင်းနားထောင်ပြီး အာရုံစုစည်းနေဟန်ရှိ၏။
နည်းပြနှင့်တူသော လူတစ်ယောက်က သူ့ရှေ့နားမှာ
မတ်တပ်ရပ်ပြီး နည်းပရိယာယ်များကို
လက်ဟန်ခြေဟန်နှင့် အာဘောင်အာရင်းသန်သန်
ညွှန်ကြားနေသည်။ သို့သော် သူ သဲကွဲစွာ မကြားပါ။
ကွင်းထဲမှ လူစုလူဝေးကြီး၏
အော်ဟစ်အားပေးသံများကြောင့် သူ့နားထဲမှာ အရာရာသည် ၀ူးဝူးဝါးဝါးဖြစ်နေသည်။
နည်းပြကြီး၏ နောက်ဆုံးစကားကိုသာ သူ ၀ိုးတိုးဝါးတား
ကြားလိုက်ရလေသည်။
“အရှုံးမပေးဘူး.. နိုင်ရမယ်. နိုင်ရမယ်”
ဟူ၍ဖြစ်၏။
သူ ကျေနပ်သွားသည်။ ကြည့်ရတာ.. ဘောလုံးပွဲတစ်ပွဲ
ဖြစ်လိမ့်မည်။
ဘယ်ကနေ ဘယ်လို ဘောလုံးသမားဖြစ်နေသည်မသိရ။
ဘာပဲဖြစ်ဖြစ် သူ အရမ်းပျော်သွားသည်။
သူက ဘောလုံးကစားခြင်းကို အရူးအမူးနှစ်သက်သူ
တစ်ယောက်မဟုတ်ပါလား။
သူ ပျော်ရွှင်စွာဖြင့် လေတစ်ချက်ပင်
ချွန်လိုက်မိသေးသည်။
ကွင်းအတွင်းသို့ ၀င်ကာနီး စင်္ကြပေါက်ဝမှာ
တန်းစီလိုက်ချိန်မှာတော့ သူ့ပျော်ရွှင်မှုက အထွတ်အထိပ်သို့ ရောက်သွားပြီ။
“ဒုံး ဒုံး .. မြန်မာ.. ဒုံးဒုံးဒုံး ... မြန်မာ”
ဆိုသော ပရိသတ်တို့များ၏ အသံက သူ့နှလုံးသားမှ သွေးများကို ဆူပွတ်လာစေသည်။
“အို.. သူက မြန်မာ့လက်ရွေးစင် တစ်ယောက်ပါ့လား.. သူ
ကိုယ်စားပြုယှဉ်ပြိုင်ရမှာက နိုင်ငံတော်အတွက်ပါ့လား..““
မကြာခဏ စိတ်ကူးယဉ်ခဲ့ဖူးသော
တိုင်းပြည်ကိုယ်စားပြုဘောလုံးသမားတစ်ယောက်အဖြစ် ပြိုင်ပွဲဝင်ရမှာမို့ သူအပျော်ကြီး
ပျော်သွားသည်။
ထိုစဉ်မှာပင် .. လူတစ်ယောက်က သူ့ရှေ့မှာ
ပခုံးနှစ်ဖက်ကို လာကိုင်ပြီး ရပ်သည်။
ထို့နောက် နဖူးချင်း ဆောင့်ပြီး
“နိုင်ရမယ်...နိုင်ရမယ်” ဟု ပြောသည်။
သဘက်အကြီးကြီးတစ်ထည်ကို သူ့ပခုံးပေါ်မှာ
ခြုံပေးပြီး မျက်လုံးများကို စေ့စေ့ကြည့်ကာ “မကြောက်နဲ့နော်...ဘာပဲဖြစ်ဖြစ်
အရှုံးမပေးရဘူး” ဟု အားပေးသည်။
သူ၏ အသင်းခေါင်းဆောင်ဖြစ်လိမ့်မည်ထင်သည်။
သူလည်း အံကို တစ်ချက် တင်းတင်းကြိတ်ကာ
ဝမ်းခေါင်းသံကြီးဖြင့် “နိုင်ရမယ်.. နိုင်ရမယ်”ဟု ကြုံးဝါးကာ အဆိုပါလူနှင့်
လက်ဝါးချင်း ရိုက်လိုက်သည်။
သို့သော်....
သို့သော်...
ထိုလူနှင့် လက်ဝါးခြင်းရိုက်လိုက်သော ခဏမှာပင်
တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း သူ အထိတ်တလန့် သိလိုက်ရလေသည်။
ဘယ်လိုဖြစ်တာပါလိမ့်။
လက်ဝါးခြင်းရိုက်လျှင် ဖြောင်း ခနဲ မြည်ရမည့်အစား
ဘုတ် ခနဲ အသံထွက်လာ၏။
အို......
သူ့လက်မှာ အနီရောင်
လက်ဝှေ့အိပ်ကြီးတစ်လုံးပါကလား။
“ဟင်.. ဒါ...ဒါ.. .ဘယ်လိုဖြစ်...”
သူ ထိတ်လန့်စွာ ရေရွတ်ရင်း နောက်ကို
လှည့်ကြည့်လိုက်သောအခါ သူ့နောက်မှ လူတွေအားလုံးလည်း ဘယ်သူမှ ဘောလုံးကန်ဝတ်စုံ
ဝတ်ဆင်ထားခြင်းမရှိ။
တစ်ချို့က သဘက်လေးတွေ ပုခုံးပေါ်တင်ထားသည်။
တစ်ချို့က ရေပုံးလေးတွေ လက်မှာဆွဲထားသည်။
သူ့နဘေးမှ သွားတုကတ် ကိုင်ထားသူ တစ်ယောက်က
ပုခုံးကို ခပ်ပြင်းပြင်း တစ်ချက်ပုတ်ရင်း အားပေးသလို ပြုံးပြ၏။
အခြေအနေကို နားလည်စ ပြုလာသည်။
ဘုရား..ဘုရား... သူ လက်ဝှေ့ထိုးရမှာပါ့လား...
။
ကြောက်ရွံ့ခြင်းကြောင့် သူ့ ဆံပင်တွေ ထောင်ထလာသလို
ခံစားရသည်။
ရဲရင့်ခြင်းတွေ အားလုံးသည်လည်း
ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ပြီ။
ကြက်သီးတွေ တဖျင်းဖျင်းထပြီး ရှူရှူးပေါက်ချင်သလို
အင်အင်း ပါချင်သလိုပါ ဖြစ်လာ၏။
တဆက်ဆက် ရိုက်နေသော ဒူးခေါင်းတို့က သူ့
ကိုယ်ခန္ဒာကိုယ်ကို ထူမတ်ခြင်းငှာ မစွမ်းနိုင်ပြီ။
ခွေခနဲ လဲကျမသွားအောင် အနီးရှိ နံရံကို
ထိန်းကိုင်ထားရသည်။
ထိုအချိန်မှာပင် ကွင်းထဲမှ လူစုလူဝေးကြီး၏
“မြန်မာ..မြန်မာ..“ .. ဆိုသော အသံနှင့်အတူ
မြန်မာ့လက်ဝှေ့ဆိုင်းဝိုင်းသံက သူ့နားထဲသို့
ဆိုးရွားစွာ ၀င်လာလေသည်။
-----------------------------------------------------
“ဟုတ်ကဲ့.. ယနေ့ ထိုင်းမြန်မာ ချစ်ကြည်ရေး
မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲရဲ့ နောက်ဆုံးပွဲစဉ်အဖြစ်
ထိုးသတ်ယှဉ်ပြိုင်မှာကတော့ ...““
ပွဲအစီအစဉ် ကြေညာသူ၏ ပွဲဆိုင်းကြေညာသံကို
ကြားရသောအခါ သူဘယ်လိုမှ မနေနိုင်တော့ .. ။
ရှိသမျှ .. အသံကုန်ညှစ်၍ အော်လေတော့သည်။
“ဟင့်အင်း...ဟင့်အင်း.. မထိုးဘူး..
မထိုးဘူး..
ကျွန်တော် လက်ဝှေ့မထိုးတတ်ဘူး.. ကျွန်တော် နေလဲ
မကောင်းဘူး.. မလုပ်ကြပါနဲ့ ....
မထိုးရဲဘူး.. မထိုးရဲဘူး.....““
သူ ကျယ်လောင်စွာ အော်ပြီး ထိုနေရာက ထွက်ပြေးဖို့
ကြိုးစားသည်။
မရ။ အခြေအနေမဟန်မှန်း ရိပ်မိပုံရသော အနားက လူက
သူ့လက်ကို ဆွဲထားသည်။
အခြားလူများကလည်း သူ့ကို အတင်း တားထားသည်။
ထို့နောက် သူ့ကို ၀ိုင်းဖမ်းချုပ်ကာ
ကြိုးဝိုင်းပေါ်သို့ တင်ပေးလိုက်လေတော့သည်။
““ အခု အနီထောင့်ကနေ ယှဉ်ပြိုင်ထိုးသတ်မှာကတော့
ထိုင်းနိုင်ငံက မွေထိုင်းချန်ပီယံတကာတို့ရဲ့ ချန်ပီယံ ဆူခါရက်လင်းရောင် ပဲ
ဖြစ်ပါတယ်ခင်ဗျား..““
ပွဲစဉ် ကြေညာသူ၏ စကားကို ကြားသောအခါ မြန်မာ
ပရိသတ်၏ “၀ူးးး“ ဆိုသော လှောင်ပြောင်အော်ဟစ်သံကြီး ထွက်လာသည်။
သူလည်း ခေတ္တကြောင်သွားသည်။
ဟင့်အင်း... သူက ထိုင်းမှ မဟုတ်တာပဲ။ သူက
မြန်မာပဲ။ ဘယ်လိုဖြစ်ပြီး ဆူခါရက်လင်းရောင် ဖြစ်ရတာလဲ။
သူက ချက်ချင်းထပြီး ငြင်းဆန်သည်။ သို့သော် ..
ဆိုင်းသံ..လူသံ..များကြားမှာ သူ့အသံကို ဘယ်သူမှ မကြား။
ခြေကားယား လက်ကားယားဖြင့် အော်ဟစ်ကန့်ကွက်နေသော
သူ့ကို လက်ဝှေ့ရေး ပြနေသည်ဟု ထင်နေကြလေသည်။
သူ ရင်ထဲမှာ ဆို့သွားသည်။ ဘယ်တုန်းကမှ
မထိုးခဲ့ဖူးသော လက်ဝှေ့ကို လည်း ဘုမသိ ဘမသိ ထိုးရဦးမည်။
ပြီးတော့ ပရိသတ်ကလည်း ကိုယ့်ဘက်မှာ မရှိ။
မြန်မာ စစ်စစ်ကြီးကနေ ထိုင်းလက်ဝှေ့သမားအဖြစ်
စင်ပေါ်အပို့ခံလိုက်ရသည်။
ဝမ်းနည်းသဖြင့် မျက်ရည်များ ၀ဲတတ်လာသည်။ သို့သော်
သူ့ကို သနားမည့်သူ မရှိ။
ကယ်မည့်လူသည်လည်း နတ္ထိ။
““ အခု အပြာထောင့်ကနေ ယှဉ်ပြိုင်ထိုးသတ်မှာကတော့
မြန်မာ့ဂုဏ်ဆောင် လက်ဝှေ့သမား မြန်မာ့စပါးကြီးမြွေလို့ တင်စားနှိုင်းယှဉ်ခံရတဲ့
အောင်လအင်ဆန်း ဖြစ်ပါတယ်ခင်ဗျား..””
““ ဘာ....ဘာ...... အောင်လနဲ့ ထိုးရမယ်...““
သူ၏ အထိတ်တလန့် အော်ဟစ်သံက အောက်က
မြန်မာပရိသတ်များ၏
အော်ဟစ်အားပေးသံများကြားမှာ ပျောက်သွားသည်။
ပရိသတ်တွေက အောင်လအင်ဆန်းကို
သည်းသည်းလှုပ်အားပေးကြသည်။
မြန်မာနိုင်ရမည်ဆိုသော ဘောလုံးပွဲက ခေါင်းစီးတွေ
စည်းထားပြီး နိုင်ငံတော်အလံနှင့် အောင်လ၏ ပုံကို ဝှေ့ရမ်းအားပေးနေကြသည်။
သူ့ဘက်မှာတော့ ဘယ်သူမှကို မရှိပါလေ။ သူ
သိမ်ငယ်ကြောက်ရွံ့စွာဖြင့် အပြာထောင့်ကို လှမ်းကြည့်သည်။
အောင်လကား အပြာထောင့်မှာ ဟန်ရေးပြရင်း သူ့ကို
စားမတတ် ၀ါးမတတ် ကြည့်နေလေပြီ။
သူ ကြာကြာ စဉ်းစားချိန်မရ။ ကမူးရှူးထိုး
တောင်းပန်ရသည်။
““အောင်လရယ်... မလုပ်ပါနဲ့.. ငါလဲ မြန်မာပါ.. ငါ
.. ငါ... မင်းကို ကြောက်ပါတယ်...
ပြီးတော့ ...မင်း ဗလနဲ့ .. ငါ့ ဗလနဲ့ ..
ကြည့်ပါဦးကွာ... ငါ လက်ဝှေ့လည်း မထိုးတတ်ပါဘူး..
မလုပ်ပါနဲ့ကွာ...သနားပါကွာ.. ငါ
မြန်မာပါ....အချင်းချင်းတွေပါ....““
သူ အသည်းအသန်တောင်းပန်သည်။ သို့သော် သူပြောသမျှ
အောင်လ နားမလည်။
ဘယ်နားလည်မလဲ။ သူပြောတာတွေက မြန်မာစကားမဟုတ်။
ထိုင်းစကားတွေဖြစ်နေသည်ကိုး။
ယခင်က ဆာဝါဒီခပ် ပင် ဖြောင့်အောင် မပြောတတ်သော သူက
ဘယ်လို လုပ်ပြီး ထိုင်းလို တတ်နေသည် မသိ။
ဘာ စကားပြောပြော ထိုင်းလိုတွေချည်း
ဖြစ်နေသည်။
အောင်လက သူ့ကို လက်နှစ်ချောင်းထောင်ပြသည်။
ပြီးတော့ သူ့လည်ပင်းကို ဖြတ်သည့်ဟန် လုပ်ပြသည်။
ဘာ.. နှစ်ချီတည်းနဲ့ ငါ့ကို
အပြတ်တီးမယ်ပေါ့။
ဘုရား...ဘုရား..
သူက တောင်းပန်တာကို ထိုင်းလို ဆဲသည်ဟု ထင်သွားလား
မသိ။
အံ တကျိတ်ကျိတ်နှင့် ချက်ချင်းပဲ
လာထိုးတော့မည့်ပုံ လုပ်နေသဖြင့် ဒိုင်လူကြီးက ပွဲမစသေးကြောင်း ရင်ဘက်ကိုတွန်းပြီး
တားထားသည်။
သူ ကြိုးဝိုင်းထောင့်လေးမှ မထွက်ရဲတော့။
ထွက်ပြေးလို့လဲ ရမည်မဟုတ်။ ပွဲစချိန်ကလည်း တဖြည်းဖြည်းနီးကပ်လာပြီ။
မျက်လုံးကို စုံမှိတ်ပြီး ရသမျှ ဘုရားစာတွေ
အကုန်ရွတ်ကြည့်သော်လည်း တစ်ခုမှ အမြီးအမောက်မတည့်။
ဒုက္ခနှင့် လှလှတော့ တွေ့လေပြီ။
“နှောင်“ ဆိုသော အသံကြားရသည်။
ဝှီးခနဲ ၀င်လာသော လက်သီးက နားထင်ကို ထိသည်။ သူ
နားထင်မှ သွေးများ ဖြာကနဲ ကျပြီး တစ်ချက် မူးဝေသွားသည်။
ပရိသတ်၏ ဝေးးး ခနဲ အားပါးတရ အော်သံအဆုံးမှာ
အရှိုက်ထဲကို ဖနောင့်တစ်လုံး ဆက်ဝင်လာသည်။
ထိထိမိမိ အကန်ခံလိုက်ရသဖြင့် ခေတ္တမျှ
အသက်ရှုရပ်ပြီး ကြမ်းပြင်ပေါ်သို့ ၀ုန်းကနဲ ထိုးကျ၏။
သူ ပြန်မထနိုင်တော့။ ပြန်မထတော့။
ဒိုင်လူကြီး၏ အမှတ်စဉ် ရေတွက်သံကို
ကြားရသည်။
တစ်... နှစ်.... သုံး...လေး...
အောက်က ပရိသတ်ကပါ လိုက်အော်သော အမှတ်စဉ် ရေတွက်သံက
သူ့အတွက်တော့ ကမ္ဘာနှင့် ချီအောင် ကြာသလို ခံစားရလေသည်။
မြန်မြန်..ပြီးပါတော့။ မြန်မြန်
ပြည့်ပါတော့။
““ ကိုး.. တစ်ဆယ်... ဆယ့်တစ်.. ဆယ့်နှစ်...
ဆယ့်သုံး.... .““
ဟင်... အမှတ်စဉ်က တစ်ဆယ်ဆိုရင် ရပ်ပြီ
မဟုတ်ဘူးလား..။
ဘယ်လို လုပ်ပြီး ဆယ့်တစ်တွေ .. ဆယ့်နှစ်တွေ ..
ဖြစ်ကုန်တာပါလိမ့်။
သူ ဒိုင်လူကြီးကို ကြောင်တောင်တောင်ဖြင့်
မော့ကြည့်သည်။
““ ရှုံးပြီလေ.. ကျွန်တော်
ရှုံးသွားပြီလေ....““
““ဟုတ်ကဲ့.. ထိုင်း လက်ဝှေ့သမားက ပထမအကြိမ်
အနားတောင်းပါတယ်ခင်ဗျားးးး““
““ ဟာ.... မဟုတ်ဘူး..မဟုတ်ဘူး... အနားတောင်းတာ
မဟုတ်ဘူးလေ.. ရှုံးတာ.. အရှုံးပေးတာ..““
သူ အလန့်တကြား ထ ကန့်ကွက်သည်။
သူ ပြောတာကို ဘယ်သူမှ နားမလည်.. ။
ထိုးနိုင်လို့ ပြန်ထလာသည် ထင်ပြီး ဒိုင်လူကြီးက
ကြိုးဝိုင်းအလယ်ကို ဆွဲခေါ်ကာ အောင်လအင်ဆန်းနှင့် တေ့ပေးသည်။
ဟိုကောင်ကလည်း သူ့ကို အားမနာတမ်း
ပြန်တီးလေတော့သည်။
ဘယ်လိုမှ ကာလို့မရ။ လက်သီးတွေ ..ဒူးခေါင်းတွေ..
တံတောင်ဆစ်တွေ သူ့ ခန္ဒာကိုယ် အနှံ့အပြားပေါ်ကို မိုးရွာသလို ကျလာသည်။
သွေးတွေကလည်း မြင်မကောင်း။ အောင်လက
တစ်ချက်ထိုးလိုက်တိုင်း အောက်က ပရိသတ်က ဝေးးး ခနဲ ညာသံပြုကာ အားပေးကြသည်။
ထိုင်းကောင်ကို သတ်ပလိုက်ကွ.. တီးပလိုက်ကွ..
ချပလိုက်ကွ...ဆိုသော အသံတွေက သူ့နားမှာ ၀ိုးတ၀ါးသာ ကြားတော့သည်။
ကြမ်းပြင်ပေါ် လှဲချလည်း မရ။ လဲကျနေသော သူ့ကို
အောင်လအင်ဆန်းက လှိမ့်လို့သာ ကန်သည်။
ဒိုင်လူကြီးလည်း ဘယ်ပျောက်သွားသည်မသိ။ နာကျင်စွာ
အော်ဟစ် ညည်းတွားနေသော သူ့မှာ အသံပင်မထွက်တော့။
အသက် ၀ိဥာဉ်သည် သိပ်မကြာခင် သူ့ထံမှ အပြီးတိုင်
ထွက်ခွာတော့မည် ထင်လေသည်။
--------------------------------------------
သူ သတိပြန်ရလာတော့ အိမ်သာခန်းတစ်ခုထဲကို
ရောက်နေပြီ။
နာကျင်လွန်းသဖြင့် သူ မလှုပ်နိုင်ပါ။ အနားမှာလည်း
မည်သူမှ မရှိ။
သူ့တစ်ကိုယ်လုံးမှာ သွေးများဖြင့်
စေးထန်းပေကျံနေလေပြီ။ အရိုးတွေလည်း အကောင်းတိုင်းရှိမည်မဟုတ်တော့။
နံရိုးနေရာဆီက ဆိုးဆိုးဝါးဝါး ဆူးအောင့်လာသည်။
ကယ်ကြပါဟု သူ အော်ဟစ်လိုက်သောအခါ ပါးစပ်ထဲမှ သွေးတွေ ပွက်ခနဲ ကျလာသည်။
သွေးစတွေကို ထွေးထုတ်ပြီး ဘေစင်ကို ရောက်အောင်
ဒရွတ်တိုက်သွားသည်။ ရေအနည်းငယ်သောက်ရလျှင် သူသက်သာမည်လား။
မျှော်လင့်ချက်ဖြင့် ကြိုးစားပမ်းစား ဘေစင်ရှေ့မှာ
ရပ်မိသောအခါ.. ဘေစင်နောက်က မှန်ထဲမှာ သွေးအလိမ်းလိမ်းဖြင့် သူ့ပုံရိပ်ကို
ပြန်မြင်သည်။
ဟင်.. သူ အထိတ်လန့်ကြီး လန့်သွားသည်။
မှန်ထဲက ဖူးယောင်ကွဲပြဲနေသော သူ့ မျက်နှာက ယခင်ထက်
ပိုမို နုနယ်နေသယောင်။
ပြီးတော့..
ပြီးတော့.. သူ့ ရင်ဘက်မှာ လှပသော အဖုအဖောင်းတစ်ခု
။
ဘုရား.. ဘုရား...
သူ ကြောက်လန့်တကြားဖြင့် ကိုယ့်ရင်ဘက်ကိုယ်
ပြန်ကိုင်ကြည့်သည်။
နူးညံ့သော အထိအတွေ့။
သူ အမောတကောဖြင့် ခန္ဒာကိုယ် အောက်ပိုင်းကို
ငုံ့ကြည့်လိုက်သည်။
““ဟာ... သွားပြီ.. မရှိတော့ဘူး..
မရှိတော့ဘူး....““
ကြောက်လန့်တကြားဖြင့် ကုန်းအော်မိသည်။
သူ... သူ...
မြန်မာအဖြစ်မှ ထိုင်းတစ်ယောက်အဖြစ် ပြောင်းလဲ
သွားယုံသာ မဟုတ်။
ယောက်ျားစစ်စစ်ကြီးမှ .. ..
ယောက်ျားစစ်စစ်ကြီးမှ ...
------------------------------------------------
တော်တော်ဆိုးဝါးလွန်းတဲ့ အိပ်မက်ဖြစ်သည်။
ကြောက်ဖို့ ကောင်းလိုက်သည်မှာ
မပြောပါနှင့်တော့။
ဒီလို အိပ်မက်မျိုးသာ ညစဉ်ညတိုင်း မက်မည်ဆိုပါက
တစ်သက်လုံး ပြန်မအိပ်ဘဲ
ငုတ်တုပ်ထိုင်နေမိမည်လား သူ မပြောတတ်ပါ။
အိပ်မက်ထဲမှာ .. သူ ......
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။