အညံ့ကြိုက်သောသူ
အထင်ကြီးစေချင်လျှင် အထင်ကြီးစေလောက်သော ကြိုးစားမှု စသည် ရှိရပေမည်။ အထင်ကြီးလောက်အောင် မကြိုးစားဘဲနှင့် အထင်ကြီးမှုကို ရလို၍ မဖြစ်နိုင်။
လေးစား တန်ဖိုးထားစေလိုလျှင် တလေးတစား တန်ဖိုးထားလောက်သော အကျင့်အကြံ စိတ်နေသဘောထား ရှိရပေမည်။
ချစ်ခင် မြတ်နိုးစေချင်လျှင် ချစ်ခင် မြတ်နိုးလောက်သော၊ ချစ်ခင် မြတ်နိုးမှုနှင့် ထိုက်တန်သော စိတ်သဘောဖြူစင်မှု၊ အလျှော့ပေးမှု၊ အနစ်နာခံမှု ရှိရပေမည်။
ပေးနိုင်လောက်သော ပမာဏနှင့်လျော်စွာ ရနိုင်လောက်သော ပမာဏ ဖြစ်ပေါ်သည်။
x x x x x x x x x x x x x x x x x x x
အတတ်ပညာ တစ်စုံတစ်ရာ သင်ပေးရုံမျှဖြင့် ဆရာအခေါ်ခံရရုံ၊ အဖေ အမေ အခေါ်ခံရရုံ၊ ရဟန်းမို့ ရှိခိုးဦးချခံရရုံ၊ ခင်မင်မှု ရရှိရုံ ဆိုသည်တို့မှာ အကောင်းဆိုသော အဆင့် မဟုတ်သေး။ အကောင်းကို မရသေး။
သည်သို့ ကောင်းမြတ်သော လေးစားကြည်ညိုမှုကို ရအောင် မကျင့်သုံးနိုင်သေးလျှင် ထိုသူသည် အကောင်း မကြိုက်သောသူ၊ ပုံတော်သလို ကြိုက်နေသောသူ၊ အညံ့ကို ကြိုက်နေသောသူ ဖြစ်၏။
(လက်ဆောင်ခံဆရာတော်)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။