စာရေးတတ်ချင်သလား
ဆရာကြီး ဦးဖေမောင်တင်က "မြန်မာစာအရေးအသား တိုးတက်စေနည်း" စကားပြေမှာ
"စကားပြေကို လူနားလည်အောင် ရေးရမယ်၊ ဒါမှ ကိုယ်ပြောချင်တာ တစ်ဖက်လူသိပြီး အကျိုးရှိမှာ" တဲ့။ နောက် ဆရာကြီး ဆက်ပြောတာက
"ကတ္တား၊ ဝါစင်္ဂ၊ ကံတွေကို မှန်အောင် သုံးတတ်ရမယ်"တဲ့။
တက္ကသိုလ်ဝင်တန်း မြန်မာသဒ္ဒါမှာပါတဲ့ ပုဒ်အထားအသိုကဏ္ဍကို လေ့လာကြည့်ရင် လွယ်ကူ ရှင်းလင်းတဲ့ စကားပြေကောင်း ဖြစ်အောင် ဝါစင်္ဂလို့ခေါ်တဲ့ ပုဒ်တွေ မှန်မှန်ကန်ကန် သုံးနိုင်ဖို့က ဘယ်လောက် အရေးပါတယ် ဆိုတာ သိမြင်နိုင်ပါတယ်။
ဆရာကြီး ရွှေဥဒေါင်းကလဲ "ခွန်အားရှိသောစာ" မှာ 'ကြံ့ခိုင်ကျစ်လျစ်တဲ့ ဝါကျ' မျိုး ဖြစ်ဖို့ ဝါစင်္ဂတွေ၊ ပုဒ်တွေကို မှန်မှန်ကန်ကန် သုံးတတ်ဖို့ လိုတာကို အကျယ်တဝင့် ရှင်းပြထားပါတယ်။
ဆရာကြီး ဦးဖေမောင်တင် ဆက်လက် လမ်းညွှန်ထားတာက
"စကားပြေကို စကားလုံး နဲနဲနဲ့ လွယ်လွယ် နားလည်အောင် ရေးရမယ်၊ စကားတွေ ရှေရှေကြောကြော တန်ဆာဆင်ပြီး ကဗျာဆန်ဆန် မရေးသင့်ဘူး"တဲ့ဗျ။
(ဒါကိုတော့ "စာနွဲ့လူနွဲ့"ဆိုပြီး ကျွန်တော်ရဲ့ တွေးမြင်ချက်ကလေး တင်ထားပါတယ်။)
ဝါကျဖွဲ့တာနဲ့ ပတ်သက်လို့ ဆရာကြီး လမ်းညွှန်ထားတာက
"စကားလုံး ပေါ်ပေါ်လွင်လွင်နဲ့ ဝါကျမမှားအောင် ရေးရမယ်၊ ဝါကျတစ်ကြောင်းကို သေသေချာချာ ဝေဖန်ပြီးရေးပါ၊ ရေးတာကို ထပ်ဖတ်ပါ၊ တခြားသူတွေရေးတဲ့စာကို လဲ အကြောင်းအရာသိရုံ သဘောမထားဘဲ ဝါကျဖွဲ့ပုံ၊ စကားလုံးသုံးပုံတွေကို သတိပြု ဖတ်ပါ"တဲ့ဗျာ။
သည်လမ်းညွှန်ချက်က စာရေးသားချင်သူတွေအတွက် အလွန် အဖိုးတန်သပေါ့ဗျာ။
ကျွန်တော်က ဝါရင့်အယ်ဒီတာကြီး တစ်ဦးဆီမှာ စာပေတည်းဖြတ်နည်း သင်ခွင့်ရခဲ့ပါတယ်။ အဲသည်ဆရာကြီးက ပြောဖူးသဗျ။
"စာရေးတဲ့သူတွေဟာတဲ့ ကိုယ့်ရဲ့ ဒေသသုံးစကားတွေကို အလွန် သုံးချင်ကြတယ်။ ကိုယ့်စာက ကိုယ့်ဒေသကလူတွေ ဖတ်ဖို့သက်သက် ရေးတာမှ မဟုတ်တာ။ တစ်နိုင်ငံလုံး ဖတ်ဖို့ရေးတာ။ အဲသည်တော့ ကိုယ်ရေးတာ လူအများ မသိမှတော့ အကျိုးရှိတဲ့စာ မဖြစ်နိုင်တော့ဘူးပေါ့၊ ဒေသိယစကားကို သိပ် သုံးချင်သပဆိုရင်လဲ အများသိနိုင်တဲ့ အဓိပ္ပာယ်ကို နောက်ကနေ ဖော်ပြပေးရမယ်" တဲ့။
အယ်ဒီတာကြီးရဲ့စကားက ဆရာကြီး ဦးဖေမောင်တင်ရဲ့ "စကားလုံး ပေါ်ပေါ်လွင်လွင်" ဆိုတာကလေးကို ကွက်တိ ညွှန်းဆို သွားတာပါပဲ။ စာစီစာကုံးရေးတဲ့အခါ ခေတ်သုံး ဗန်းစကားတွေ၊ မြန်မာသံ ဖလှယ်ထားတဲ့ အင်္ဂလိပ်စကားလုံးတွေကို သတိပြုသုံးဖို့ ပြောရပါတယ်။ ကိုယ်သုံးတဲ့စကားလုံးကို ဖတ်သူမသိရင် ကိုယ့်စာ ပစ်လိုက်ရုံ ရှိတော့တာပေါ့ဗျာ။
နောက်တစ်ခုကတော့ ပြောတဲ့သူကို ကျွန်တော် မမှတ်မိတော့ဘူးဗျာ။
"ဝါကျဖွဲ့ရင် အသံထွက် ဖတ်ကြည့်ရတယ်။ စိတ်ထဲက ဖြစ်ဖြစ် တိုးတိုး ရွတ်ကြည့်ရတယ်။ နားဝင်ချောရင် စိတ်ဝင်ချောရင် ဝါကျမှန်တယ်။ နားမှာ စိတ်မှာ ခိုးလိုးခုလု ဖြစ်နေပြီဆိုရင် တစ်ခုခု လိုနေ မှားနေလို့ပဲ။ ဖြည့်တန်ရာ ဖြည့်၊ ဖြုတ်တန်ရာ ဖြုတ်၊ပုဒ်တွေကို နေရာပြင်ပြီး ပြန်ဖွဲ့ကြည့်ပါ" တဲ့။
ဆရာကြီး ဦးဖေမောင်တင်ပြောတဲ့ "သေချာစွာဝေဖန်ပြီး ဝါကျဖွဲ့ရမယ်" ဆိုတာမျိုးကို ပြောတာပေါ့ဗျာ။ ကျောင်းသားတွေကိုတော့ "အေး..ကိုယ်ရေးတဲ့စာ ကိုယ်ပြန်ဖတ်လို့ ရှင်းရှင်းလင်းလင်း နားလည်တယ် ဆိုရင် အတော်ဟုတ်တဲ့စာ ဖြစ်ပြီ မှတ်ပေတော့" လို့ ပြောရတယ်ဗျ။
ဆရာဦးသိန်းဖေမြင့်ကလဲ သူစာဖတ်ပုံကို ပြောဖူးသဗျ။ သူက စာတစ်အုပ်ကိုဖတ်ရင် စာလုံးတစ်လုံးတောင် လွတ်မသွားအောင် သတိပြု ဖတ်တယ်တဲ့။ ဝါကျဖွဲ့ပုံ၊ စကားသုံးပုံတွေ နေရာကျ-မကျဆိုတာကစ စိစစ် ဖတ်တယ်တဲ့။ ဒါကြောင့် သူများတွေ စာသုံးလေးအုပ် ဖတ်ပြီးတာတောင် သူက စာတစ်အုပ် ပြီးချင်မှပြီးသတဲ့ဗျာ။ သည်လို စာဖတ်လို့လဲ "ဝတ္ထုတိုဆရာ-ဝတ္ထုရှည်ဆရာ သိန်းဖေမြင့်" ဆိုပြီး ဖြစ်လာတယ် ဆိုနိုင်သပေါ့ဗျာ။
ဒါနဲ့ စပ်မိလို့ ပြောရရင် မင်းကွန်းဆရာတော်ကြီးကလဲ ပါဠိတော်တွေကို ကျက်မှတ်တဲ့အခါ ဝါကျဖွဲ့ပုံတွေကို သတိပြုပြီး ကျက်သတဲ့ဗျ။ ကျောင်းသားတွေ အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့စာတွေကို ကျက်တဲ့အခါ အဲသည်လို ဝါကျဖွဲ့ပုံတွေကို သတိပြုကျက်ရင် စာက ပိုပြီး စွဲစွဲမြဲမြဲ မှတ်မိတယ် ဆိုတာကို နည်းပေးရပါတယ်။
ဆရာကြီး ဦးဖေမောင်တင် ညွှန်ပြတဲ့ "အကြောင်းအရာ သိရုံစာမဖတ်ဘဲ ဝါကျဖွဲ့ပုံ၊ စကားသုံးပုံတွေကို နေရာကျ-မကျ ဝေဖန်ဖတ်ပါ" ဆိုတာ စာရေးဆရာကောင်း ဖြစ်ချင်သူတွေအတွက် အလွန်တန်ဖိုး ရှိတဲ့ စကားပါပဲ။
(စာရေးဆရာ ဆိုပေမဲ့ ဝါ့ကျကို ဖြောင့်အောင် မှန်အောင် မဖွဲ့နိုင်သူတွေက များမှများပါခင်ဗျား။ အဲသည် စာရေးဆရာတွေရဲ့ ချွတ်ယွင်းချက်ကတော့ အခြားစာရေး ဆရာတွေရဲ့စာတွေကို ဆရာကြီး ညွှန်ပြသလို မဖတ်ကြဘူးလို့ပဲ ကျွန်တော် သုံးသပ်မိပါတယ်။
ဆရာကြီး ရွှေဥဒေါင်းကလဲ "စာရေးကောင်းသူတွေရဲ့စာတွေကို နှစ်နှစ်သက်သက်နဲ့ ထပ်ကာထပ်ကာဖတ်မှ စာရေးဆရာကောင်း ဖြစ်နိုင်ကြောင်း" လမ်းညွှန်ထားပါတယ်ခင်ဗျား။)
ဦးမြင့်ဇော် (ရွှေတံခါး)

ဆရာကြီး ရွှေဥဒေါင်းကလဲ "စာရေးကောင်းသူတွေရဲ့စာတွေက
ဦးမြင့်ဇော် (ရွှေတံခါး)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။