Soe Min
"အပြစ်မယူပါနဲ့"
တရုတ်ကားထဲမှာ တခုခုဖြစ်ပြီဆိုရင် “ပုဟောင်လော ပုဟောင်လော” ဆိုပြီး ပေါက်ဖော်ကြီးတွေ အော်ဟစ်ပြေးဝင်လာတာ ကြည့်ဖူးပါတယ်။ အခြေအနေမကောင်းတော့ဘူးလို့ ပြောတာလေ။ အခုလည်း ကိုယ့်မှာ သူ့လိုပဲ ဖေ့စ်ဘုတ်ပေါ်ကနေ “ပုဟောင်လော။ ကျူးမင်းငှား။” အော်ရမယ့်ကိန်း ဆိုက်နေပါတယ်။ ကောင်းမှ မကောင်းတာ။ ကျော်မကောင်း ကြားမကောင်း မြင်မကောင်း ရှုမကောင်း။ ဘာတွေမကောင်းလို့လဲဆိုတော့ အားလုံးသိတော်မူတဲ့အတိုင်းပါပဲ အရပ်ကတို့ရယ်။ တိုင်းသိပြည်သိ ဓါတ်ပုံနဲ့ Live Show ရိုက်ပြီး လုပ်ကြံသွားတဲ့ လူသတ်သမားကို အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က တိုင်းရုံးထဲမှာ ညတွင်းချင်းစစ်ဆေးနေတဲ့ ထွက်ဆိုချက်တွေဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆီတောင် အစီရင်ခံစာမရောက်သေးဘူး။ ဖေ့စ်ဘုတ်ပေါ်မှာ စကရင်ရှော့နဲ့ ပွကုန်ပါရောလား။ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ အတုကြီးနေမှာပါ ဆိုတဲ့ သံသယဟာ ရဲတွေကိုယ်တိုင်က အကောင့်ဟက်ခံရပါတယ်လို့ ထအော်တော့မှ “မြတ်စွာဘုရား” တ မိတယ်။ နိုင်ငံတော်ရဲ့ အရေးကြီးတဲ့စာရွက်စာတမ်းနဲ့ လျှို့ဝှက်ချက်တွေဟာ အချိန်မရွေး အလွယ်တကူ ပေါက်ကြားလို့ရနေတာပေါ့နော်။
အဲသလောက် အယိုအပေါက်နဲ့ လုံခြုံရေးတာဝန်ယူနေသူကြီးကို တို့အမေအသက် ဝကွက်အပ်ထားရတာ အိပ်လို့တောင် မဖြောင့်နိုင်ဘူး။ စစ်ချက်တွေဖတ်မိတော့လည်း ယုန်တောင်ပြေး ခွေးမြောက်လိုက်နဲ့။ သူတို့ကို ကြည်လင်းအထုပတ္တိပြုစုဖို့ ကိုယ်ရေးရာဇဝင် စုံစမ်းခိုင်းတာကျနေတာပဲ။ ပြစ်မှုကျူးလွန်တာနဲ့ ပတ်သက်တဲ့ သဲလွန်စ တစုံတရာ ပါမလာဘူး။ ရန်ကုန်က ဘုန်းကြီးကျောင်းတကာ လှည့်ကပ်နေတဲ့ အလုပ်မရှိအကိုင်မရှိ ထောင်ထွက်တစ်ယောက်ကို “အင့် သေနတ်။ ငါ့ လူတစ်ယောက် သတ်ပေးစမ်း။ ကိစ္စပြီးရင် ကားတစ်စီးဝယ်ပေးမယ်။” ပြောလို့ အဟုတ်မှတ်ပြီး သတ်လိုက်ပါတယ်။ အခုထိလည်း ပိုက်ဆံမပေးသေးဘူး ဆိုတဲ့ ယောင်ချာချာ ဇာတ်လမ်းကြီးကို အတင်းယုံခိုင်းနေသလိုပဲ။ ထားပါလေ။ ဒါက သူပြောတဲ့ ထွက်ချက်ပေါ့။ ယုံချင်ယုံ မယုံချင်နေ။ သူပြောတာကို ပြောတဲ့အတိုင်း အစီရင်ခံထားတာ။ ညာတယ်ထင်ရင် ခင်ဗျားကိုယ်တိုင်လာစစ်ပါလား လို့ ဆိုနေဦးမယ်။
ကိုယ်ပြောချင်တာကတော့ အပြင်က တစိမ်းတရံဆန် မပြောနဲ့
နိုင်ငံ့ဝန်ထမ်းတွေတောင် မသက်ဆိုင်သူ ဝင်ရောက်စွက်ဖက်ခွင့်မရှိတဲ့၊
ကိုယ်တိုင်စစ်ဆေးမေးမြန်းနေသူများတောင် စစ်ဆေးစဉ်ကာလအတွင်း
ဝင်လိုက်ထွက်လိုက် ကူးကလန်ခတ်လို့မရပဲ အထဲကလူ အပြင်မထွက်နဲ့ အပြင်ကလူ
အထဲမဝင်နဲ့ဆိုတဲ့နေရာက နိုင်ငံတော်အဆင့်စာရွက်စာတမ်းများဟာ တစုံတယောက်က
ဖတ်ရှုချင်ရင် ဘယ်လောက်လွယ်ကူနေသလဲ။ အကုန်လုံး အချိန်နဲ့ တပြေးညီ
သိလို့ရနေတယ်။ သိလည်းသိနေတယ်။ တိတ်တဆိတ်ရော ပေါ်ပေါ်ထင်ထင်ပါ
သွားရောက်သံတော်ဦးတင်တဲ့သူ ရှိနေတယ်ဆိုတာ ငြင်းလို့ကို မရပါဘူး။ ဒါဆိုရင်
အစိုးရအဖွဲ့ဝင်ဝန်ထမ်းတွေထဲမှာ နိုင်ငံတော်အစိုးရထက် သစ္စာစောင့်သိ
ရိုသေရမယ့်သူ ရှိနေတာပေါ့နော်။ ဘယ်သူတွေများပါလိမ့် မသိချင်ဘူးလား။
မသိချင်ပေါင်။ လူတိုင်းသိပြီးသား။ မပြောလို့သာနေရတာ။ ဒေါင်းတွေလည်းသိတယ်။
ဖွတ်တွေလည်းသိတယ်။ ပဲတီစိမ်းတွေလည်းသိတယ်။ တလောကလုံးအသိ။ နင်သာ အခုမှသိတာ။
ကောင်းပါပြီ။ ထားလိုက်ပါတော့။ အခုမှသိတာ။ အဲ့ဒါ ဘာသဘော ဆိုတာရော
ဆက်ပြောပြရဦးမလား။ တစ်နှစ်သက်တမ်းရှိလာပြီဖြစ်တဲ့ အစိုးရအသစ်ကို
အုပ်ချုပ်ရေး ယန္တယားထဲက ဝန်ထမ်းတချို့ဟာ သစ္စာမခံဘူး။ သြဇာမတည်ဘူး။
ယုံကြည်စိတ်ချစွာ တာဝန်ပေးအပ်ဖို့ မသင့်တော်ဘူး ဆိုတာကို ပြတာလေ။
မယုံဘူးလား။ မယုံနေပေါ့။ အရင်လူတွေက အသေအချာ အုတ်မြစ်ချသွားတဲ့
အဆောက်အဦကြီးကို မြေမလှန်ပဲ ခေါင်ကလေးတက်အုပ်ရုံနဲ့ ဒီလောက်ရတာတောင်
ကံကောင်း။ အစိုးရ နဲ့ ဝန်ထမ်းအကြားမှာ သပ်လျှိုတယ်ပေါ့လေ။ ဖြုတ်ချင်းဖြုတ်
မင့်လို ကဏ္ဍကောစ ရေးမယ့်ပြောမယ့်လူမျိုးသာ ဖြုတ်ရမှာ။ ဟိုလူတွေကဖြင့်
ရှေ့တင်ဆို “ပျပ်ဝပ်ရိုကျိုး ရှိခိုးလျှက်ပါဖျား” ချည့်ပဲ။
လူဆိုတာ ကိုယ့်အလုပ်ကိုယ်လုပ်ရတယ်။ ခွေးအလုပ် မြင်းလုပ်ရင် အရိုက်ခံရတယ်ဆိုတာ မကြားဖူးဘူးလား။ ရဲတွေက ရဲအလုပ်လုပ်မှာပေါ့။ ရဲအလုပ် ကားသမားက ဝင်လုပ်မိရင် ဘာတွေဖြစ်တတ်သလဲ မမြင်ဘူးလား။ အာဝင်မချောင်နဲ့။ ကိုယ့်မှာ ဆီးအိမ် အပိုပါတာလည်း မဟုတ်။ ဆိုတော့ကာ ရဲကြီးတွေ ရဲအလုပ်လုပ်တာ ပွင့်လင်းမြင်သာစွာ တနိုင်ငံလုံးက ခရေစေ့တွင်းကျ ဖတ်ရှုခွင့်ရနေတယ်ဆိုတာ ဘယ်လောက်ကောင်းသလဲ။ ဘာမှမသိတာထက်စာရင် တခုခုတော့ သိရသပ။ အခုတောင် အဲ့ဒါလေး အထအနကောက်ပြီး စာတစ်ပုဒ်ထပ်ရေးပြန်ပြီ။ သာဓုပါတော် သာဓု။ ဤသို့ပြုရ ကုသလကြောင့် ရဲစစ်ချက်ကြီးကို ဖတ်ရတော့ ဘာတွေများ ကောက်ချက်ဆွဲသတုန်း မသိချင်ဘူးလား။ မသိချင်လည်း အတင်းပြောမှာပဲ။ မရဘူး။ မရဘူး။
ထွက်ချက်ပေးတဲ့လူကြီးဟာ အခင်းဖြစ်ပွားရာနေရာက စစ်ကြောမေးမြန်းရေးကို ရောက်သည်မှ နောက်တစ်နေ့မနက် ၅ နာရီအထိ အဖွဲ့တွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပြောင်းပြီး ဖြေပြီးသားမေးခွန်းတွေကိုချည့် ထပ်ပြန်တလဲလဲ မေးသော်ငြား တသွေမတိမ်း အပ်ချမတ်ချ အမှားအယွင်းမရှိ အထက်ကတင်ပြခဲ့သည့်အတိုင်း ခိုင်ခိုင်မာမာ မငြီးမငြူ ဂုဏ်ထူးထွက်အောင် ဖြေဆိုနိုင်ပါသတဲ့။ ခေတ်တွေပြောင်းသွားပြီ။ ခေတ်တွေပြောင်းသွားပြီ။ ဒီမိုကရေစီအစိုးရ လက်ထက်မှာ မောင်ရင်တို့ခေတ် ဘက်ဆဲလားစာအုပ်တွေထဲမှာပါတဲ့ မအေနှမ မိုးမွှန်ပြီး နားရင်းပါးရင်းအုပ်စစ်၊ မော်တော်ဆိုင်ကယ်စီးစစ်၊ ငယ်ထိပ်ပေါ်ရေစက်ချစစ်တဲ့ လူမဆန်သော ညှင်းပန်းနှိပ်စက်နည်းတွေနဲ့ မစစ်ဆေးတော့ဘူး။ သတင်းစာကတောင် ရိုရိုသေသေ ဦးကြည်လင်း တပ်ခေါ်ရတဲ့ခေတ်။ ကြည်လင်းဂုဏော အနန္တောဆို ဖေ့စ်ဘုတ်ပေါ် ထိုင်ရှိခိုးနေတဲ့သူတွေ မမြင်ဖူးဘူးလား။ ဘကြီးအောင် မညာပါဘူး။ သူသာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့တနေ့ ကားတစ်စီးလောက်တော့ တကယ်ကို ပေးဦးမှာ။ ဒါမျိုးက သူတို့အတွက် ဖါခေါ်အမ်းသလောက်တောင် မရှိဘူး။
ကြည်လင်းစိတ်ထဲမှာ ကိုယ်ငယ်ငယ်က သင်္ကြန်ရေကစားတဲ့ သီချင်းလေးတောင် ဆိုချင်ဆိုနေဦးမှာ။ “ပိုက်စုတ်ကလေးနဲ့ ပက်တာလောက်တော့။ ရယ်တာပေါ့ ရယ်တာပေါ့။” လို့။ ကိုယ်ကတော့ သူ့ကိုစစ်တဲ့ဦးလေးကြီးတွေကို ဗန်းမော်ဆရာတော် စကားတစ်ခွန်း ပြောချင်မိတယ်။ “ဗန်းမော့်ကို စစ်ချင် ဗန်းမော်လို စာရအောင် ကျက်ခဲ့။” တဲ့။ စာဖြေ နဲ့ စာစစ် ဘယ်သူက ဝါရင့်သလဲ အသိသာကြီး။ မတော်လို့များ စစ်ကြောရေးကို ရောက်ခဲ့သည်ရှိသော် ဘာတွေကို ဘယ်လိုဖြေဖို့ လေ့ကျင့်သင်ကျက်ထားပြီးသားမှန်း တော်တော်ကို ပေါ်လွင်တာ။ ဘုရားသူခိုး ထောင်ထွက် အိမ်ယာအတည်တကျ မရှိသူတစ်ယောက်ကို သေနတ်နှစ်လက် ကျင်လည်စွာ ပစ်တတ်ဖို့ရော ဘယ်လောက်သင်ရမယ် ထင်သလဲ။ လက်ညှိုးကလေး ကွေးတတ်အောင်လေ။ ကျော်ဟိန်းပြောသလို ဆယ်နှစ်တော့ မကြာပါဘူး။ မသကာ ကြာလှ ၃ နှစ်ပေါ့။ ၂၀၁၄ ထောင်ကလွတ်တယ်။ အခု ၂၀၁၇။ ရွာကလူတွေပြောတော့ ခဏပြန်လာပြီးရင် ပျောက်ပျောက်သွားတယ်တဲ့။ သူ့သင်တန်းက Out Pass အပေးသားနော်။ ထောင်ကမထွက်ခင် ဘယ်သူတွေ လာတွေ့သလဲ။ ထောင်ကထွက်ပြီး ဘယ်ကိုတန်းပြန်သလဲ။ စိတ်ဝင်စားစရာ အကောင်းသား။ အို မဟုတ်တာ။ လုပ်ဇာတ်တွေပါအေ။ သူတော်ကောင်းကြီးတွေကို စိတ်နဲ့တောင် မပြစ်မှားပါနဲ့။
မြန်မာပြည်မှာ ထောင်ထွက်တစ်ယောက်ဟာ အစိုးရသစ်ရဲ့ အရေးကြီးပုဂ္ဂိုလ်တွေ လေယာဉ်နဲ့ ပြန်လာမယ့် နေ့ရက် အချိန် နေရာတွေကို အတိအကျ သိရုံတင်မကဘူး။ အခု ဘယ်နားရောက်နေပြီ။ ဘယ်အပေါက်ကထွက်လာတာ။ ဘယ်နေရာမှာ လုပ် ဆိုတာတွေကို ပိပိရိရိ အချိန်ကိုက်အောင် လုပ်နိုင်ဖို့ အပေါင်းအပါ ရှိကိုရှိမှ ဖြစ်မှာပါ။ လူသတ်သမားကို ဖုန်းတစ်လုံးနဲ့ စီစဉ်ညွှန်ကြားနေတဲ့သူ ရှိရမယ်။ လူသတ်သမားမှာ ဖုန်းတစ်လုံး ရှိရမယ်။ အဲ့ဒီဖုန်းကို ခြေရာခံရင် ဘယ်က ဘယ်အချိန် ဘယ်နှစ်ကော ခေါ်ထားတယ် သိရမှာပေါ့။ ရှိတယ်တဲ့။ ရှိတယ်တဲ့။ သို့သော်လည်း ပြိတ်သတ်ကြီးရယ် ခမျာမယ် ပြေးရင်းလွှားရင်း ဖုန်းက လမ်းမှာ ကျကျန်ရစ်ခဲ့ရှာတယ်တဲ့။ လုပ်ကြပါဦး အရပ်ကတို့။ အဲ့နေ့က လေဆိပ်ထဲ ဖုန်းကလေးတစ်လုံးလောက် ကောက်ရမိတဲ့သူ မရှိဘူးလား။ လေဆိပ်က Lost & Found မှာ သွားမေးမှပါလေ။ မရဘူးဆိုရင်တော့ သေချာတယ်။ အဲ့သည်ဖုန်းကို အစဖျောက်ပလိုက်တဲ့ တစုံတယောက်တော့ ရှိကိုရှိနေပြီ။ စစ်ကြပါဦးဟဲ့ လေဆိပ်ထဲက စီစီတီဗီတွေ။ သေသေချာချာ သေနတ်နဲ့ နားထင်တေ့ထားတဲ့ပုံတောင် မိနစ်မဆိုင်း ဖေ့စ်ဘုတ်ပေါ်တက်လာသေးတာ။ အဲ့ဒီအထဲမှာ အပြူးသားကြီး။ စီစီတီဗီကင်မရာကြီးကို ထင်းနေတာပဲ။ ဒါလည်းပဲ သို့သော်လည်းပါပဲ ပြိတ်သတ်တို့။ အခင်းမဖြစ်ပွားမီကလေးတင် စီစီတီဗီကင်မရာတွေ ပျက်သွားပါတယ်တဲ့။ တိုက်ဆိုင်လိုက်တာများကွာ။ ဖေဖော်ဝါရီလ ကိုးရက် အဲလေ ဟုတ်ပေါင် ဇန္နဝါရီလ ၂၉ ရက်။
လူမစွမ်းကို နတ်မ တာ မဟုတ်ပါဘူး။ အတွင်းလူတွေ မ နေတာပါ။ ကြံရာပါတွေထဲမှာ အတွင်းစည်းက ပါကိုပါပါတယ်။ အခု အဲသည်ကြံရာပါရှိနေတဲ့သူတွေလက်ကို တရားခံကြီး ဝကွက်အပ်ထားပြီး ဘေဘီကြိုက်တာပြော နားထောင်နေရတဲ့ ဘဝပါကွယ်။ ငါတော့ စော်ကားတာ သိပ်ကိုများနေပြီ။ အေးမြတ်သူကလေး အသွင်ယူပြီး လိပ်ပြာလာနှုတ်နေမှ အခက်။ ပြောတော့ဘူးနော်။ ချလစ်တယ်။ မွချိ မွချိ။ မိုးကြိုးကြီး ပစ်ရစီရဲ့။ ရဲတွေကို စော်ကားဖို့ သည်စာကို ရေးတာ မဟုတ်ပါဘူး။ သေတဲ့လူတွေလည်း သေကုန်ပြီ။ ကိုယ်နဲ့လည်း တစက်ကလေးမှ မပတ်သက်ဘူး။ တရားခံလည်း မိနေပြီ။ နောက်ကွယ်ကလူ ပါပါ မပါပါ။ ကိုယ့်အပူ တစ်ပြားသားမှ မပါဘူး။ သို့သော်လည်း သို့သော်လည်းဦးမယ် ပြိတ်သတ်ရေ။ လှတောသားများ ပါးစပ်က မပြောရရင်တောင် ငရုပ်သီးတောင့်လေး ထောင်ပြမိလို့ လှေပေါ်က ကန်ချခံရတဲ့အမျိုး။ ခါတိုင်းဖြစ်နေကျ ပေါ်ပင် Hot Issue များလို တစ်ရက်နှစ်ရက်နဲ့ ဖေ့စ်ဘုတ်ပေါ်မှာ မီးမသေသွားပဲ တောက်မယ့်မီးခဲ တရဲရဲကို လေကလေး ပင့်ကာပင့်ကာ မွေးမြူနေသူတွေကို တွေ့လိုက်တဲ့အခါ သူတို့ ဘာကိုလိုချင်နေပါလိမ့်လို့ စပ်စုတွေးတောကြည့်မိတယ်။ ကိုယ့်ဘာသာကိုယ်လည်း ပြန်သုံးသပ်ကြည့်တယ်။ ရွှေစွန်ညို ကိုနီလိုလို့ ဝဲတာ မဟုတ်မှန်း သိလာတယ်။ ဟုတ်ဟုတ် မဟုတ်ဟုတ်။ မဟုတ်ကာမှ လွဲရော။ ကိုယ့်လူတွေ သတိကြီးစွာထားဖို့ အသိပေးသင့်တယ်လို့ သဘောပေါက်လာတယ်။
သည်ကိစ္စမှာ နောက်ကွယ်က ကြိုးကိုင်သူကို ဘယ်သူလို့ ထင်ချင်သလဲ။ လက်ဆုပ်လက်ကိုင် မပြနိုင်ပဲနဲ့ ထင်ကြေးနဲ့ စွပ်စွဲတာတွေ ဘာမှ တရားမဝင်ဘူး။ တောစကားတောပျောက်။ ဖေ့စ်ဘုတ်ပေါ် လူအထင်ကြီးအောင် စဆရက လုပ်နေတာ။ အဲ့ဒီတော့ မစွပ်စွဲပါဘူးဗျာ။ လုံးဝမစွပ်စွဲဘူး။ ဒါကြီးက ဦးသန်းရွှေ လက်ချက်လည်း မဟုတ်ဘူး။ ဦးသိန်းစိန် လက်ချက်လည်း မဟုတ်ဘူး။ ဦးအောင်သောင်းသေတုန်းက နင်တို့မှ မငိုတာကိုး လို့ စွပ်စွဲပြစ်တင်နေပေမယ့် သွားလေသူကြီးနဲ့လည်း ဘာမှ မဆိုင်ဘူး။ ဘယ်သူ့လက်ချက်မှ မဟုတ်ဘူး။ အဲသည် ဘယ်သူ ဘယ်ဝါ ဘယ်တုန်းကဆိုတဲ့ ပုဂ္ဂလဒိဋ္ဌာန်တွေကို မေ့ပစ်လိုက်။ စံနစ်နဲ့ပဲ စကားပြောမယ်။ အတိတ်ကိုလှန်ရအောင်။ ဖဆပလအစိုးရဆီ ပြန်သွား။
မြန်မာပြည်မှာ ရွေးကောက်ခံအစိုးရဟာ ၁၉၆၂ မှာ အမြစ်ပြုတ်သွားတယ်။ တော်လှန်ရေးကောင်စီအစိုးရတက်လာတယ်။ ရှင်းရှင်းပြောရရင် စစ်တပ်လက်ကို အုပ်ချုပ်ရေးအာဏာ ရောက်လာတယ်။ လက်ဝဲဝါဒ၊ လက်ယာဝါဒ၊ အဲသည်အစွန်းနှစ်ဘက်ကြားမှာ မဇ္ဈိမပဋိပဒါဆိုပြီး မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်ဝါဒ၊ ကြိုက်ရာဝါဒနဲ့သွား။ အုပ်ချုပ်ရေးအာဏာကို စစ်တပ်က အစဉ်ထာဝရ ချုပ်ကိုင်ထားလို့ မရဘူး။ အဲ့ဒါကြောင့် ဦးနေဝင်းကြီးက ၁၉၇၃ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဦးမောင်မောင်ကို ရေးဆွဲခိုင်း၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနဲ့ အတည်ပြုပြီး သူက ပါတီဥက္ကဋ္ဌကြီးနေရာက နေတယ်။ သမ္မတတို့ ကာချုပ်တို့ကို သူ့သြဇာနာခံမယ့်သူကို ထားတယ်။ သူ့သဘောထားကိုလည်း ရှင်းရှင်းလင်းလင်း အသိပေးထားတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသာ တစ်ခုတည်းသော ဦးဆောင်ပါတီ တဲ့။ ဆိုလိုတာက ၆၂ ကနေ စလိုက်တာ ၈၈ အထိ အာဏာဟာ သူ့လက်ထဲမှာပဲ ရှိတယ်။ သူ့အောက်ကလူတွေအားလုံး သူထားရာနေ စေရာသွားရတယ်။ အဲ့ဒါ ၈၈ အထိ။ ၈၈ မှာ သူ့ကို လူထုထောက်ခံမှု ကျဆင်းလာကြောင်း သူသိသွားတယ်။ ရုပ်သေးအစိုးရထားပြီး နောက်ကွယ်က ကြိုးကိုင်ဖို့ ကြိုးစားသေးတယ်။ ဒါပေမယ့် ဆေးမမီတော့ဘူး။ သည်အခါမှာ ပါတီ ကောင်စီ အာမီဆိုတဲ့ ထောက်တိုင်ကြီး သုံးခုထဲက စစ်တပ်လက်ကို အာဏာအပ်ပလိုက်တယ်။ ငါ့လက်အောက် ငြိမ်ငြိမ်မနေချင်တဲ့ကောင်တွေ စစ်တပ်အောက် ပြန်နေကြကွာ ပေါ့။
သူထားခဲ့တဲ့ ဦးစောမောင် က ၁၉၉၀ မှာ ရွေးကောက်ပွဲရလာပ်နဲ့ အနိုင်ရသူကို အာဏာပြန်လွှဲပေးမယ် လို့ စကားတစ်ခွန်း ကျွံသွားတဲ့အခါ သူ့အောက်ကလူတွေက မင်းဆွေကို သူ့ညီပြောတဲ့ စကားအတိုင်း ပြန်ပြောတယ်။ “ထီးနန်းစည်းစိမ်ဆိုတာ ထမင်းဝိုင်း မဟုတ်ဘူ။ ကိုယ်စားတဲ့ထမင်းဝိုင်း သူများကျွေးချင် ကျွေးလို့ရတယ်။ ကိုယ်စံစားတဲ့ မင်းစည်းစိမ် ဘယ်သူ့မှ ပေးလို့မဖြစ်ဘူး။ ခများ သတ္တိမရှိ ဘေးဖယ်နေ။” ဆိုတာမျိုးလေ။ အပြင်မှာကျတော့ ကိုယ့်အထက်က ကာချုပ် ကိုယ် အဲ့လိုပြန်ပြောလို့မှ မဖြစ်တာ။ အဲ့လူကြီး ရူးလို့ပြောတာပါ ဆိုတာမျိုးဖြစ်အောင် ပလပ်ကျွတ်နေတဲ့ ရုပ်မြင်သံကြားသတင်းတွေ မြန်မာ့ရုပ်သံက တစ်နာရီလောက်ပြပြီး “မြင်တယ်နော်။ သူ ပြောတာတွေ အတည်မယူနဲ့။ ဟျောင့် အောင်ဖေ။ မင်း နားလိုက်တော့” ဆိုပြီး ဦးသန်းရွှေ တက်လာတာပေါ့။ ပေါက်ပန်းဈေးတွေ ပြောနေတာ မဟုတ်ပါဘူး။ ဦးခင်ညွန့် ရေးတဲ့အထဲ ဦးထွန်းကြည် ရေးတဲ့အထဲ ပြန်ဖတ်ကြည့်ပေါ့။ မသေတဲ့သူတွေလည်း မသေသေးဘူး။ သိချင် ကိုယ်တိုင် သွားမေးကြ။ ဆိုလိုတာက အာဏာကို ပေးချင်တဲ့သူက ပြန်ပေးတောင် မပေးချင်လို့ အတင်းပြန်လုထားတဲ့သူတွေ တပုံကြီး ရှိတယ် လို့ ပြောချင်တာ။ သိလား။ မယုံ သေချာပြန်ဖတ်။ နားမလည်သေး သိတဲ့သူတွေ မေးကြည့်။ တစ်ခုတော့ ရှိတယ်။ ဦးစောမောင်ဆီက ဦးသန်းရွှေ ယူတယ်။ ဦးသန်းရွှေဆီက ဦးသိန်းစိန်ယူတယ်။ လို့ လူတွေကို မမြင်နဲ့။ ဘယ်သူပဲဖြစ်ဖြစ်။ အဲသည်နေရာ ရောက်ရင် အဲသလိုပဲ လုပ်ကြလိမ့်မယ်။ မလုပ်လို့မရဘူး။ အာဏာကိုယ်တိုင်က လက်နက်နဲ့အတူနေချင်လို့ သူတို့နားထင်ကို တေ့ထားတာ။
သူတို့ ဘယ်လောက်ပဲ ချုပ်ကိုင်ချုပ်ကိုင်။ စစ်အစိုးရမှန်ရင် နိုင်ငံတကာအလယ်မှာ တန်းမဝင်ဘူး။ သူတို့ပိုက်ဆံတွေ ဘယ်ဘဏ်မှ အပ်လို့မရဘူး။ လက်နက်ဝယ်ချင်ရင်တောင် ဒေါ်လာတွေကို ရုရှားသွားတဲ့ စစ်ဗိုလ်တွေနဲ့အတူ လေယာဉ်ပေါ်မှာ ဆာလာအိပ်နဲ့သယ်ယူရတယ်။ ထိပ်ကချမ်းသာတဲ့သူတွေ အရမ်းချမ်းသာကုန်တယ်။ အောက်က နောက်တက်မယ့်သူတွေ ငါ့အလှည့်လည်း လာမပ ဆို ဘိနပ်ဦးထိပ်တိုက် ရှိခိုးပြီး အတွင်းစိတ်က မြန်မြန်သေပါစေ ဆုတောင်း ခစားတယ်။ အဲ့လိုနဲ့ပဲ သူတို့အချင်းချင်း လူမသိသူမသိ အာဏာအကြိမ်ကြိမ် လုပြီး လက်ဦးသူက ဖြုတ်ထုတ်သတ် လုပ်ကစားတယ်။ ရိုက်စစ်မနေပါနဲ့။ ကိုယ်စီကိုယ်စီ စာအုပ်တွေ ရေးစားနေပါတယ်။ ဘက်ဆဲလားတွေပါ။ ဒါလည်းပဲ ဘယ်သူ့ကိုမှ ပုဂ္ဂလဒိဋ္ဌာန် မပြောဘူး။ ဖြစ်ခဲ့တဲ့ သဘောကိုပဲ ပြောတာ။
ခုမတိုင်ခင်ကတော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအစိုးရပေါ့လေ။ စစ်တပ်တော့ စစ်တပ်ပဲ။ ဒါပေသိ ယူနီဖောင်းလေးချွတ်ပြီး အချိတ်လုံချည်လေးဝတ် အုပ်ချုပ်တယ်။ ကလေးလေးတွေကို ကျီစားတဲ့ ဘောလုံးသမားများလိုပေါ့။ “ပေးတော့မယ် ပေးတော့မယ်။ ရော့ သည်မှာ ပေးလိုက်ပြီ။” ဆို သူ့ဘောလုံး သူပြန် ပတ်သယ်သွားသလိုပဲ။ ကိုယ်ပစ်တဲ့ ပံ့သကူ ကိုယ့်ဘာသာ အဝတ်လဲပြီး ပြန်ကောက်သွားတယ်။ ဒီတစ်ပွဲပြီးရင် နောက်တစ်ပွဲကျလည်း သူတို့ပဲ ကစားဦးမှာလေ။ လူကြားကောင်းအောင် အနီတွေကို အာကရံပါကရံ ထမင်းသုပ်ဟင်းသုပ်နေရာလောက်တော့ အိမ်ဖြည့် ကစားခိုင်းမလို့။ သူတို့ချင်း သူတို့ချင်းကျတော့ အောင်ဘ ကုလား ဆွေသားတော်ရင်း မိတ်ဘက်ချင်း ဆို ဘယ်သူပြီး ဘယ်သူ အလှည့်ကျစားဖို့ စီနီယာတောင် စဉ်ထားပြီးသား။
“ဒါပေမယ့် ထင်သလို စေတနာ အကျိုးမပေးပုံရယ်။ ချစ်သူရယ် တို့နှစ်ယောက်ရဲ့ ကံကဆိုး။” ဆို ငိုချင်းချကုန်ရတာကတော့ ဘွားတော်က သူတို့ထင်သလို ချောက်ချီးချောက်ချက် မဲကလေးနဲ့ လာမထိုင်ပဲ ပြည်လုံးမေတ္တာခံယူသွားလို့ပါ။ ဘယ်နည်းနဲ့မှ အစိုးရမဖွဲ့နိုင်လောက်ပါဘူး ဆိုပြီး ဘူးလက်ကြီး လက်ခမောင်းခတ်နေတာ မဖတ်ဖူးတဲ့သူ မရှိပါဘူး။ သူ့တောင် ကျေးဇူးတင်ရဦးမယ်။ သူ့ကျေးဇူးနဲ့ ရွာလုံးကျွတ်နီကုန်တာ။ ဘုရားဘုရား။ ငါတစ်ယောက်များ ဝင်မနီမိရင် အဲ့ဒီအကုသိုလ်တုံးကြီး မျက်နှာပြန်မြင်နေရဦးမယ် ဆို ကြောက်အားလန့်အားနဲ့ကို နီကြတာ။ သူတို့မှ မဟုတ်ဘူး။ တကမ္ဘာလုံးက မျှော်လင့်မထားတဲ့ မဲတွေနဲ့ ဘွားတော်နိုင်လိုက်တာ ဘယ့်နှယ်မှ လုပ်လို့မရခဲ့ဘူး။ အနီရောင်သုတ်ထားရင် သေပြီးသားမသာတောင် နိုင်တယ်ဆိုတာ မသာမင်းမြှောက်ချင်လို့မဟုတ်ဘူး။ ဒင်းတို့အောက်ကို ဘယ်နည်းနဲ့မှ မနေချင်တော့ပါဘူးလို့ ဆိုလိုတာ။ ဒါပေမယ့် မပူပါနဲ့လေ။ ဒီမိန်းမ ဘယ်နည်းနဲ့မှ သမ္မတလုပ်လို့မရအောင် စီမံထားပြီးသားပါဆိုပြီး နှာကလေးနှပ်နေတုန်း ရှိသေးတယ်။ ဟိုက နိုင်ငံတော်အတိုင်ပင်ခံနေရာ ဝင်ထိုင်သွားတော့ အဲသည်ဘက် ကာစည်းကလည်း အလုပ်မဖြစ်ပြန်ဘူး။
သည်အတိုင်းတော့ မဖြစ်ချေဘူးဆိုပြီး နတ်သက်မကုန်ခင် အညှောင့်ထွက်အောင် ကျဲသွားတဲ့ ဌာနဆိုင်ရာအတွင်းက မိုးကျရွှေကိုယ်တွေ အားကိုးနဲ့ “လုပ်ကြည့်စမ်းပါလေ။ ကိုယ်တိုင်လုပ်ကြည့်တော့ မလုပ်တတ်မကိုင်တတ်နဲ့။ ကျွမ်းပစ်နေမှာပေါ့။” ဆို အိမ်သာအဆင်းအတက်ကအစ အထောက်တော်များနဲ့ မျက်ခြေမပြတ် စောင့်ကြည့်ရင်း အမှားစောင့်နေတယ်။ ပြန်ထွက်သွားရင်တောင် အထဲ ဘယ်နှစ်တုံးယိုသလဲ။ ချိုသလား ချဉ်သလား။ ရွှေမှုန်စားလို့လား။ ငွေမှုံစားလို့လား။ ဓါတုဗေဒဝန်ဆီ ပို့စစ်မယ့်ဟာတွေ။ ခက်တာက ဒါလည်းပဲ အလုပ်မဖြစ်ပြန်ဘူးလေ။ နှစ်တုံးနဲ့တစ်ပိုင်းလည်း ကုန်ပြီ။ ကိုယ်စားမိတာ ဘာမှန်းကလည်း ရေးတေးတေး ရှိသေး။ ဒီဘူတာရောက်မှ သူတို့သွေးမပျက် ဘယ်သူပျက်စရာ ရှိသလဲ။ ဒမယ် ဒမယ်။ သူတို့ဆိုတာ ဘယ်သူလဲလို့ လာမစွပ်စွဲနဲ့နော်။ ပြောထားပြီးသား။ ဘယ်သူ့ကိုမှ ပြောတာ မဟုတ်ဘူး။ ဖြစ်တတ်တဲ့သဘောကိုပဲ ပြောတာ။ မဟုတ်တဲ့သူတွေက ငါမဟုတ်ဘူးဆိုပြီး ဖြေသိမ့်လိုက်ကြ။ ဟုတ်နေတော့လည်း မြင့်ဆွေကို ကြည်လင်းနောက်တစ်ကောင် ငှားပြီး အိုင့်ဆီလွှတ်လိုက်ကြပေါ့ကွယ်။ ဘာခက်တာလိုက်လို့။ ဟိုညီကလေးပြောသလို မိတ်ဆွေတစ်ယောက်လွှတ်ပြီး ဆွေးနွေးဖို့အလည်ခေါ်လည်း လိုက်ပါတယ်။
ဘုရားစူးရစီရဲ့။ ဘယ်သူ့ကိုမှ အပုတ်မချ အတင်းစကားမဆိုပါဘူး။ သည်လိုသည်လိုတော့ဖြင့် ဖြစ်တတ်ချေ၏၊ ဖြစ်ခဲ့ချေ၏၊ လို့ပဲ စတိတ်မန့်တင်တာပါ။ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်။ (အဟိ။ ဒီစကား အကောင့်တုတွေ သုံးပါများလို့ ဘယ်သူ့ ခရက်ဒစ်ပေးရမှန်းတောင် မမှတ်မိတော့ဘူး) ဆက်ဦးစို့။ ဘယ်သူဘယ်ဝါ လို့ ရေရေရာရာ မသိရသော်ငြား အဲသလို အာဏာကို မစွန့်ခွာနိုင်သော၊ ပြန်လည်ရယူလိုသော လူအုပ်စု၊ သို့မဟုတ် လူအချို့တော့ ရှိလေတယ် မဟုတ်ဘူးလား။ အခုလည်း အဲ့လူတွေကို မစွပ်စွဲပါဘူး။ ဒီနေရာရောက်ရင် ဒီလိုပဲ ဖြစ်တတ်တာ လူ့သဘာဝပါ။ အဲ့လိုဆိုတော့ ငါသာ သူတို့နေရာ ရောက်ခဲ့ရင် ဘာဆက်လုပ်ရမလဲ ဆိုပြီးတော့ ကိုယ်ချင်းစာစိတ်ထားကလေး လက်ကိုင်ထားပြီး In her shoes ဝင်စဉ်းစားမိတယ်လေ။ အစိမ်းရောင်လှေကြီးက တိုက်တန်းနစ်ဖြစ်ခဲ့ပြီ။ အခုတခေါက်မို့ ခွက်ခွက်လန်တာ မဟုတ်ဘူး။ ကြားဖြတ်ကျရင်လည်း ဘဲဥတောင် ကွဲမယ့် အရိပ်အရောင် မရှိ။ အဲ့ဒါ ကိုယ့်အမြင်ပြောတာ မဟုတ်ဘူးနော်။ မာလိန်မှူးကြီးတွေ ကိုယ်တိုင်က သင်္ဘောက ခွာကုန်ပြီ။ လှေပေါ်မှာ ဘယ်သူတွေပဲ ကျန်ခဲ့သလဲ ပြန်ကြည့်။ ဒါဖြင့်ရင် ရေဗူးပေါက်တာ မလိုချင်ဘူး။ ရေပါတာပဲလိုချင်တဲ့သူကြီးတွေ ဘယ်နည်းနဲ့ခပ်ရခပ်ရ ရေပါအောင် ခပ်တော့မယ့်သဘောရှိတယ်။ ကိုင်း ဘယ်လိုခပ်ကြမတုန်း။
ဘွားတော်ကို ဂဏန်းများ လက်မချိုးသလို အဖျားအနားကရရ၊ အရင်းအချာကရရ ရတဲ့နေရာက ဖြတ်တောက်ပစ်ဖို့ ကြိုးစားမယ်လေ။ အခုလည်း အဲသည်အတိုင်း လုပ်နေတယ် မဟုတ်ဘူးလား။ ဘွားတော်က ကွမ်ရင်မယ်တော်ကြီးမို့ တစ်ချောင်းချိုးလို့ နှစ်ချောင်းပြန်ပေါက်ရင် လှေတစ်စီးလုံးမှောက်ပလိုက်ဖို့ပဲ ရှိတယ်။ ဘွားတော်ဟာ အင်မတန်မှကို ပျော့ညံ့တယ်။ ကုလားတွေကို နေရာပေးတယ်လေ။ အဲ့တော့ မျိုးချစ်တွေက မခံနိုင်ဘူးပေါ့။ ဘွားတော် လက်စွဲ ကုလားတစ်ကောင်ကို လူမိုက်ငှားပြီး ရှင်းပစ်လိုက်ပါပကောလား။ အတန်တန်သတိပေးထားရက်နဲ့ကွယ်။ IS တွေ မြန်မာနိုင်ငံထဲကို ဝင်နေတာ ကြာပါပြီ လို့။ ဟော အခု ကြည့်စမ်း။ သူတို့ အားထားရတဲ့သူကိုထိလို့ ဘွားတော်ကို လုပ်ကြံပြန်ပြီ။ အနောက်တံခါးက ကျိုးပေါက်နေတာ ကြာပေါ့။ အလိုလေးလေး။ မြန်မာပြည်ကြီး အချုပ်အခြာ အာဏာ ဆုံးရှုံးတော့မှာပဲ။ ချောက်ထဲကျဖို့ လက်နှစ်လုံးတောင် မလိုတော့ဘူး။ ကိုယ် မကယ်ချင်ဘူး။ ဒါပေမယ့် သားဆိုးများကြောင့်။ ဘယ့်နှယ်လဲ။ တော်တော်ကြောက်သွားပလား မမြဝင်း။
လောကကြီး ကိုယ့်လောက် ကလိန်းကလည်နိုင်တဲ့သူ ရှိပါဦးမလား မပြောတတ်ဘူး။ သူများမခံသာမယ့် အပြောအဆိုတွေနဲ့ ထေ့တေ့တေ့ ရိတိတိ အလမ္ပါယ်ကစားနေတယ်။ တပ်မတော်အပေါ် ပြည်သူလူထု အထင်အမြင် လွဲမှားအောင် လှုံ့ဆော်ရေးသားနေမိသလား လို့ ကိုယ့်ဘာသာ ပြန်စဉ်းစားကြည့်ပါတယ်။ မဟုတ်ရပါဘူး အဘရယ်။ တပ်မတော်က တပ်မတော်ပါ။ အာဏာလက်မလွှတ်ချင်တဲ့သူတွေဆိုတာ တပ်မတော်ထဲမှာပဲ ရှိပါတယ်လို့ အဘကို ဘယ်သူက ပြောသတုန်း။ ကျွန်တော်လည်း မပြောမိပါဘူး။ အဘဟာအဘ ထင်နေတာလားဟင်။ ဒါဖြင့် အရင်အစိုးရပေါ့။ ရော် ခက်ပါပြီ။ အရင်အစိုးရဆိုတာလည်း တခြားလူတွေမှ မဟုတ်တာ။ ကိုယ့်အဘတွေလေ။ သူတို့နဲ့လည်း သား ရင်းနှီးပါတယ်။ ပြောစရာလား။ မျက်နှာလွှဲ ခဲပစ်။ နိုင်ငံ့ဝန်ထမ်းပီပီ တည်ဆဲအစိုးရအပေါ် သစ္စာမဖောက်သလို ပြည်သူအပေါ်လည်း သစ္စာမဖောက်ပါဘူး။ (တီဗီဇာတ်လမ်းတွေ ကြည့်ထားသလေ) ဟင် ဒါဖြင့် နင်က ဘယ်အမေ့လင်ကို ရည်ညွှန်းပြီး သူတို့သူတို့နဲ့ ပြောနေတာလဲ။ ရှင်းစမ်း။ ရီးတီးရားတား လုပ်လို့ကတော့ သေရအောင်သာပြင်။
ဒီလို ရှိပါတယ် အဘရယ်။ နိုင်ငံ့ဝန်ထမ်းထဲမှာဖြစ်ဖြစ်၊ အရင်အစိုးရအထဲမှာဖြစ်ဖြစ်၊ အခုအစိုးရထဲမှာ ဖြစ်ဖြစ်၊ တပ်မတော်ထဲမှာပဲ ဖြစ်ဖြစ်၊ သူတို့အားလုံးဟာ လူတွေပါ။ လူ့သဘာဝ ရှိပါတယ်။ အဲသည် လူ့သဘာဝအတိုင်း ကောင်းတဲ့သူတွေ ရှိသလို ဆိုးတဲ့ ယုတ်တဲ့သူတွေလည်း ရှိပါတယ်။ ဆရာဝန်တွေထဲမို့လို့ သူတော်ကောင်းတွေချည့်ပဲ။ စစ်တပ်ထဲရောက်ရင် ဘုရားတကာတွေချည့်ပဲ မဆိုလိုပါဘူး။ ဘုန်းကြီးလောကမှာတောင် အကောင်းအဆိုး အတုအစစ် မကင်းမှတော့ လူ့လောကတော့ ပြောမနေပါနဲ့တော့။ အဲ့ဒီတော့ ကျွန်တော်ပြောတဲ့ အယုတ်တမာတွေထဲမှာ အခု သည်စာဖတ်တဲ့အဘ မပါဘူး။ ဘယ့်နှယ် သက်သေပြရမလဲ သိလား။ ဒါကြီးဖတ်မိလို့မှ အဘစိတ်ထဲ ဒီကောင် ငါ့ကို စော်ကားလေခြင်းလို့ ဒေါသစိတ်တွေ ဖြစ်မလာဘူးဆိုမှတော့ ကျွန်တော်ပြောတဲ့ အယုတ်တမာတွေထဲ အဘ မပါလို့ပေါ့။ ဟုတ်ဘူးလား။ မယုံရင် အခုချက်ချင်း ကိုယ့်ကိုယ်ကိုယ် မှန်ထဲသွားကြည့်။ ဒီကောင်ပြောတဲ့ လူယုတ်မာတွေနဲ့ ငါ့ဥပဓိရုပ်နဲ့ တစက်ကလေးမှကို မတူပါလား ဆိုတာ တွေ့လိမ့်မယ်။ ကျွန်တော်ပြောတာ မယုံတောင် ကိုယ့်မျက်စိတော့ ကိုယ် ယုံလိုက်ပါ။ စိတ်မဆိုးဘူး မဟုတ်လား ဟင်။ ယုဇနကလေး နားထောင်ရအောင် ဘ။
“ငါ့ရဲ့ရှစ်တို့ မင်းလေး ပြစ်မယူနက်။ ဒူးထောက်ရှုံးပေး မင်းကို ရှစ်နေမယ်။ ရင်ထဲက ရှစ်တေလည်း မင်းတွက်ဖဲ။”

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။