အမေရိကန်နှင့် ယုံကြည်စိတ် ဦးနှောက်တံခါး
အမေရိကားမှာ ကလေးတွေရဲ့ ယုံကြည်စိတ်ကို မိဘတွေက အားပေးတယ်။ ငါလုပ်ရင် ရမယ်ဆိုတဲ့ စိတ်ဓာတ် ကလေးငယ်တွေရဲ့ ဦးနှောက်ထဲ ရောက်သွားအောင် ပံ့ပိုးပေးတယ်။ ကလေးငယ်တစ်ယောက်က သံဘားတန်း လှေခါးခုံး တစ်ခုကို သူဖြတ်ကူးနိုင်မယ်လို့ ယုံကြည်တယ်။ အဲဒီ စိတ်ဓာတ်နဲ့ ခုံးနေတဲ့ သံဘားတန်း လှေခါးကို ကျော်ဖြတ်တယ်။ ဒါကို အမေရိကန် ဖခင်က မလုပ်နဲ့လို့ ဝင်မတား။ လုပ်ချင်စိတ် ရှိနေတာကို သတ္တိရှိရှိ လုပ်အောင် ကူညီတယ်။ ဒါလုပ်ရင် ပြုတ်ကျမယ်၊ ခြေကျိုး လက်ကျိုးဖြစ်မယ်လို့ အော်ငေါက်တာမျိုးလည်း မလုပ်။ ကလေးငယ်ရဲ့ လုပ်ချင်စိတ်၊ ယုံကြည်စိတ် ပိုမိုခိုင်မာသွားအောင် ကူညီတယ်။ ငါလုပ်နိုင်တယ်ဆိုတဲ့ သတ္တိစိတ်နဲ့ ခုံးနေတဲ့ သံဘားတန်း လှေခါးကို ကလေးငယ်ဟာ ကျော်ဖြတ်နိုင်ခဲ့တယ်။အဲဒီလို စိတ်ဓာတ်တွေနဲ့ ကြီးပြင်းတဲ့အထိ လောကကြီးကို ရဲရဲကြီး ဖြတ်လျှောက်သွားတယ်။ မိမိကိုယ်မိမိ ယုံကြည်စိတ်၊ အားကိုးစိတ်တွေနဲ့ ဘဝကို ဖြတ်သန်းတယ်။ မိဘ အပါအဝင် ဘယ်သူ့ကိုမှ မှီတွယ်ခိုကပ်နေလိုတဲ့စိတ် မရှိတော့။
ငါဟာ လောကထဲက လူသားတစ်ယောက်၊ မလုပ်နိုင်ဘူး ဆိုတဲ့အရာ မရှိစေရ။ မဖြစ်သေးတာသာ ရှိတယ်။ ငါ လုပ်နိုင်တယ်။ ဒီနည်း မဖြစ်ရင် နောက်တစ်နည်းနဲ့ ကြိုးစားမယ်။ အဲဒီလို ယုံကြည်တဲ့ စိတ်ဓာတ်တွေ လူငယ်တိုင်းမှာ ရှိနေရတယ်။ ရှင်သန်နေရတယ်။ နောက်ယောက်လိုက် ဝေလေလေ မလုပ်ဘဲ ကိုယ်ကိုယ်တိုင် ဦးဆောင်၊ ဦးရွက် လုပ်နိုင်ရတယ်။ အမေရိကားမှာ ကလေးငယ်တွေ ဆော့ကစားတဲ့အခါ မလုပ်ရဘူးလို့ အော်ငေါက်တာ လုံးဝ မရှိပါ။ ဒီကလေး ဘာလျှောက်လုပ်နေတာလဲလို့ ဘယ်မိဘမှ မတွေးပါ။
ထူးထူးခြားခြား စဉ်းစားတတ်တဲ့ ကလေးငယ်တွေကို ချီးမွန်းတယ်။ အားပေးကြတယ်။ ထူးထူးခြားခြား လုပ်ပြနိုင်တဲ့အခါ အလွန်သဘောကျကြတယ်။ “good job” လို့ အမြဲတန်း ချီးကျူးတယ်။ ဒါဟာ ကောင်းတဲ့ အလေ့အထ တစ်ခုပါ။ ဒါကြောင့်လည်း ရှေ့ဦးထွင်သူ အမြောက်အများ ပေါ်ထွက်ခဲ့တာဖြစ်တယ်။ ပေါ်ထွက်နေတာ ဖြစ်တယ်။
ဝမ်းလျှာမှောက်သွားနေတဲ့ ကလေးငယ်တစ်ဦး တံခါးနားရောက်တော့ တံခါးကို ကုတ်ပြီး အားယူထတယ်။ ပထမ အကြိမ် မအောင်မြင်ပါ။ ဘေးကို ပြုတ်ကျသွားတယ်။ ထပ်ပြီး ကုတ်တက်ပြန်တယ်။ ဒါကို မိခင်က သဘောကျစွာ ကြည့်နေတယ်။ သုံးလေးကြိမ်လောက် ကြိုးစားလိုက်တဲ့အခါ ကလေးငယ်ဟာ ခြေမခိုင့်တခိုင် တုန်တုန်ရီရီနဲ့ တခါးကို ကိုင်ပြီး မတ်တတ်ရပ်နိုင်သွားတယ်။ မိခင်ဖြစ်သူက လက်ခုပ်တီးပြီး အားပေးလိုက်တယ်။ “good job baby”လို့ အားပေးရင်း ချီပွေ့ နမ်းလိုက်တယ်။ မိခင် ရင်ခွင်ထဲမှာ ပြုံးနေတဲ့ ကလေးငယ်ကို ကျွန်တော်တွေ့လိုက်ရတယ်။ ကလေးတွေ တစ်ခုခုလုပ်မယ်လို့ ကြိုးစားလိုက်တိုင်း စိုးရိမ်ကြီးတတ်တဲ့ မြန်မာမိခင်တွေနဲ့ တခြားစီ ဖြစ်နေတာ တွေ့လိုက်ရတယ်။ အမေရိကန် မိခင်နဲ့ မြန်မာမိခင် တွေးခေါ်ပုံမှာ ပြောင်းပြန်ဖြစ်နေတာ မြင်လိုက်ရတယ်။
အမေရိကန်တွေက ကြိုးစားစိတ်ရှိတာကို သဘောကျကြတယ်။ တစ်ပါးသူကို မှီခိုတဲ့စိတ်ဓာတ်မျိုး သူတို့ လက်မခံ။ ကိုယ့်ခြေပေါ် ကိုယ်ရပ်နိုင်ရမယ်ဆိုတဲ့ စိတ်ဓာတ်ကို ငယ်ငယ် ကတည်းက ခေါင်းထဲရောက်အောင် သင်ပေးတယ်။
ကလေးတွေရဲ့ စိုးရိမ်စိတ်ကို ပျောက်အောင် လုပ်ပေးတယ်။ မိမိကိုယ်ကို ယုံကြည်စိတ် ရှိအောင် နည်းလမ်းမျိုးစုံနဲ့ သွန်သင်ပေးတယ်။ အဖေ၊အမေတွေကိုယ်တိုင် သားသမီးတွေနဲ့အတူ ကစားတယ်။ သွန်သင် တယ်။ အဲဒီလို လူမှုဆက်ဆံရေး နည်းလမ်းနဲ့ သွန်သင်တဲ့ စနစ်ကို အမေရိကားရောက်မှ ကျွန်တော်မြင်ဘူးပါတယ်။ သားသမီးနဲ့ မိဘတို့ရဲ့ ပွင့်လင်းတဲ့ လူမှုဆက်ဆံရေး အမေရိကားမှာ လက်တွေ့မြင်ရပါတယ်။
တစ်နှစ်သား ကလေးငယ်ကို မိခင်ကိုယ်တိုင် ဆီးဆော်(စီးလျှော) အမြင့်ကြီးပေါ်က လျှောချလိုက်တယ်။ ဖခင်ဖြစ်သူက လမ်းဆုံးအပေါက်ဝမှာ စောင့်နေတယ်။ မြန်မာမိဘတွေ လုပ်မှာ မဟုတ်ပါ။ အမေရိကန်တွေက ကလေးငယ်ရဲ့ ကြောက်စိတ်၊ စိုးရိမ်စိတ်တွေကို ငယ်ငယ် ကတည်းက ကင်းအောင် လေ့ကျင့်ပေးတယ်။ ယုံကြည်စိတ် ရှိအောင် လေ့ကျင့်ပေးတယ်။ ကလေးတွေ ကစားလို့ မတော်တဆ ပြုတ်ကျသွားတဲ့အခါ “Is OK” လို့ နှစ်သိမ့်ပေးတာ တွေ့ရတယ်။ အဲဒီ အလေ့ အမေရိကား မိဖတွေမှာ အသားကျနေပါပြီ။
အမေရိကားမှာမွေးတဲ့ လူငယ်တွေဟာ ငယ်စဉ် ကတည်းက ကြောက်စိတ်ကင်းကြတယ်။ ကိုယ့်အားကိုယ်ကိုး ကိုယ့်ခြေပေါ် ကိုယ်ရပ်ချင်တဲ့စိတ် ပြင်းထန်ကြတယ်။ သူတို့ကိုယ် သူတို့ ယုံကြည်ကြတယ်။ လူမှုဆက်ဆံရေးလည်း သွက်လက်ကြတယ်။ လူကြီးတွေနဲ့ ဆက်ဆံရာမှာလည်း စိုးရိမ်စိတ် မရှိ၊ ပြောရဲဆိုရဲ ရှိကြတယ်။
အမေရိကားမှာ မွေးဖွားကြီးပြင်းကြတဲ့ ကလေးတွေဟာ အော်ငေါက် မခံရပဲ ကြီးပြင်းခဲ့ကြတယ်။ ခြိမ်းခြောက် မခံရပဲ ကြီးပြင်းခဲ့ကြတယ်။ သူတို့ လုပ်ချင်တာကို လွတ်လပ်စွာ လုပ်ခွင့်ရပြီး ကြီးပြင်းခဲ့ကြတယ်။ ဦးနှောက် စဉ်းစားဥာဏ်ကို အပိတ် မခံရပဲ ကြီးပြင်းခဲ့ကြတယ်။ ဘယ်သူ့ အလွမ်းမိုးမှ မခံရဘဲ ကြီးပြင်းခဲ့ကြတယ်။ သူများခိုင်းမှ လိုက်လုပ်တဲ့ အလေ့ထက် ကိုယ့်အသိစိတ်နဲ့ လုပ်တဲ့အလေ့ ငယ်စဉ် ကတည်းက ရခဲ့ကြတယ်။ အကြောက်တရား ကင်းပြီး ကြီးခဲ့ကြတယ်။ ကိုယ်ပိုင်အတွေးအခေါ်ကို လက်တွေ့အသုံးချပြီး ကြီးခဲ့ကြသူတွေ ဖြစ်တယ်။
လူငယ်တွေရဲ့ ယုံကြည်စိတ်ကို အသုံးချခွင့် ပြုရတယ်။ အဲဒီလို အသုံးချနိုင်ဖို့ လူကြီးတွေက ကူညီရတယ်။ လူငယ်တွေရဲ့ စဉ်းစားတွေးခေါ်နိုင်တဲ့ ဦးနှောက်တံခါးကို ဖွင့်ထားပေးခြင်းဟာ အနာဂတ် တိုင်းပြည်တိုးတက်ဖို့ တံခါးပေါက်ကြီးကို ဖွင့်ပေးခြင်းနဲ့ တူတယ်။ ဒါကြောင့် အမေရိကားမှာ လူငယ်တွေရဲ့ ဆန်းသစ်မှုကို လူကြီးတွေက အဆုံးစွန်အထိ ခွင့်ပြုထားတယ်။
မင်းကျော်ကျော်ထွန်း(မော်လြ မိုင်)
၂၀၁၆ ဇွန်လ ၂၂-ရက်။

မင်းကျော်ကျော်ထွန်း(မော်လြ
၂၀၁၆ ဇွန်လ ၂၂-ရက်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။