အဆိုတော် အိုင်းရင်းဇင်မာမြင့် (ဓာတ်ပုံ - Pyi Chan (PCP – Studio) |
မေး။ ။ အခု လက်ရှိအခြေအနေမှာ အိုင်းရင်းဇင်မာမြင့်အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ဘယ်လို သတ်မှတ်ထားလဲ။
ဖြေ။ ။ ကျမက အခုမှ ပရိသတ်ချစ်ပြီး လက်ခံကာစ အဆိုတော်တယောက်ပါ။
မေး။ ။ နာမည်ကြီး အဆိုတော်ကြီးတွေနဲ့တွဲပြီး အတူ သီဆိုခဲ့တဲ့ ခံစားမှုက ဘယ်လိုရှိလဲ။
ဖြေ။ ။ ကျမ အရမ်းကြိုက်နှစ်သက်ခဲ့တဲ့ အဆိုတော်ကြီးတွေနဲ့ တွဲဆိုရတာ အတွေ့အကြုံအများကြီး ရပါ တယ်။ Twelve Ladies Show မှာ ဆိုရင် ကျမ ငယ်ငယ်ကတည်းက အရမ်းကြိုက်ရတဲ့ အဆိုတော် မင်းသမီး မခိုင်ကြီး (ထွန်းအိန္ဒြာဗို) နဲ့ အတူတွဲဆိုခဲ့ရတာ အရမ်းဝမ်းသာမိတယ်။ သူ့ ဘက်ကစပြီး ကျမနဲ့ အတူတွဲဆိုဖို့ တောင်းဆိုခဲ့တဲ့အတွက် ပိုပြီးတော့ ပီတိဖြစ်ခဲ့ရပါတယ်။
မေး။ ။ အိုင်းရင်းဇင်မာမြင့်လို့ မဖြစ်ခင်က ကိုယ့်အတွက် ဘယ်သူတွေက ကျေးဇူးရှိတယ်လို့ထင်လဲ။
ဖြေ။ ။ အဲဒါဆိုရင်တော့ အဓိကက ဘုရားသခင်ရဲ့ ကျေးဇူးပေါ့။ ဒုတိယကတော့ ကျမရဲ့ မေမေပါ။ နောက်ပြီးတော့ အိုင်းရင်းဇင်မာမြင့်လို့ မဖြစ်ခင်က ကျမကို ကြော်ငြာသီချင်းတွေ ခေါ်ဆိုပေးတဲ့ ဆရာ အောင်နိုင်စန်းတို့၊ ဆရာမြင့်မိုးအောင်တို့ပါ။
မေး။ ။လူတိုင်းက အောင်မြင်လာတဲ့အချိန်မှာ အတိုက်အခိုက်တွေရှိလာနိုင်တယ်ဆိုတော့ လူတွေကိုဘယ်လို သဘောထားပြီး ဆက်ဆံလဲ။
ဖြေ။ ။ ကျမ အသက်၂၃ နှစ်ရှိပြီရှင့်၊ ကျမ သီချင်းစဆိုတဲ့အချိန်က အသက် ၁၉ နှစ်၊ အဲဒီတုန်းကဆိုရင် မဟုတ်တာ ပြောတာကြားရင် အဲဒီလူကို ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုမိတယ်။ ကြာလာလေလေ အလုပ်တွေများလာတာနဲ့အမျှ ငါကအလုပ်မအားတဲ့လူပဲ၊ အားနေတဲ့ လူတွေက ပြောတာ၊ ပြောပါစေဆိုပြီးတော့ပဲ တွေးတော့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အားနေတဲ့လူတွေ ပျင်းလို့ ပြောတာပဲ၊ ပြောပါစေပေါ့နော်ဆိုပြီးတော့ သဘောထားလိုက်တော့ ကျမရဲ့စိတ်တွေ ပေါ့ပါးသွားတယ်။ အိုင်းရင်းကို ချစ်နေတဲ့ ပရိသတ်တွေ ပိုချစ်အောင်၊ လက်မခံသေးတဲ့ ပရိသတ်တွေ လက်ခံလာရအောင် ကြိုးစားမယ်ဆိုတဲ့ စိတ်လေးပဲ မွေးပါတော့တယ်။
မေး။ ။ အိုင်းရင်းဇင်မာမြင့်အနေနဲ့ မီဒီယာတွေနဲ့ထိတွေ့ ဆက်ဆံတဲ့ အတွေ့အကြုံကိုလည်း ပြောပြပါဦး။
ဖြေ။ ။ လွတ်လွတ်လပ်လပ် ရှိပါတယ်ရှင့်၊ အခုနက အင်တာဗျုးမေးသွားတဲ့ အစ်မတယောက်ဆိုရင် အိုင်းရင်းက စင်ပေါ်မှာ သီချင်းဆိုတာသာ Active ဖြစ်နေတာ အပြင်မှာတော့ မောင်နှမတွေလိုပဲ လွတ်လွတ်လပ်လပ်ပဲနော် ဆိုပြီး ပြောတယ်။ ကျမကို မေးခွန်းတွေမေးရတာ အရမ်းပြေလည်တယ်လို့ ပြောသွားတယ်။ အဲဒီလို ပြောတဲ့အခါမှာ ကျမ စိတ်ကကျေနပ်တယ်ရှင့်။ ကိုယ်က အဆိုတော်ဆိုပြီး ဘာညာစိတ်က မရှိဘူး၊ အားလုံးကို ကိုယ့်ရဲ့ ညီအစ်ကို မောင်နှမတွေလို့ သဘောထားပြီး ဆက်ဆံတော့ အားလုံးအဆင်ပြေတယ်ရှင့်။
အမှန်အတိုင်းပြောရရင် အိုင်းရင်းဇင်မာမြင့် ဘယ်လောက်ပဲ ကြိုးစားနေ ကြိုးစားနေပါ၊ ဒီလိုမျိုး ကျမ အနုပညာအလုပ်တွေ စလုပ်ချိန်မှာ တနိုင်ငံလုံးကို လိုက်မပြောနိုင်ဘူးလေ၊ အဲဒီလို တနိုင်ငံလုံး လိုက်မပြော နိုင်တဲ့ အခါမှာ မီဒီယာကနေတဆင့် ပရိသတ်တွေအကုန်လုံး သိရတယ်။ ကျမ ဘာလုပ်တယ် ဆိုတာကအစ FM အင်တာဗျူးတွေမှာလည်း ဖြေတော့ တနိုင်ငံလုံးသိရတယ်။
ဒီဂျာနယ် မဂ္ဂဇင်းတွေ ပရိသတ်တွေဖတ်လို့ အိုင်းရင်းဇင်မာမြင့် ဘာအနုပညာ လှုပ်ရှားမှုလုပ်နေလဲဆိုတာ တနိုင်ငံလုံး သိရတာပါ။ ကျမတယောက်တည်း အားနဲ့ တနိုင်ငံလုံးမှာရှိတဲ့ ပရိသတ်တွေကို လိုက်မပြောနိုင်တဲ့ အတွက်ကြောင့် မီဒီယာတွေရဲ့ ကျေးဇူးကြောင့်သာလျှင် အိုင်းရင်းဇင်မာမြင့်က အခုလို ရပ်တည်လာပြီး ပရိသတ်နဲ့ ထိတွေ့ခွင့်ရတယ်၊ ပရိသတ်နဲ့ အိုင်းရင်းဇင်မာမြင့်အကြားမှာ အဆက်အသွယ် မပြတ်သွားဘဲ မီဒီယာတွေက ပေါင်းကူးတံတားလေး ဖြစ်နေပါတယ်။
မေး။ ။ မီဒီယာတွေ အပေါ်မှာရော အိုင်းရင်းဇင်မာမြင့်ရဲ့ တကယ့်စိတ်ထားအမှန်က ဘယ်လိုရှိလဲ။
ဖြေ။။ ကျမက မီဒီယာတွေအပေါ် လေးစားတဲ့ အနေနဲ့ စတူဒီယိုမှာအသံသွင်းတဲ့အချိန်ကလွဲရင် ကျန်တဲ့အချိန်တွေကို ဖုန်းနဲ့တောင် အင်တာဗျူး ဖြေပါတယ်။ ဒါပေမယ့် အိုင်ရင်းတခုပြောတာကတော့ မေးခွန်းများရင် ဖုန်းနဲ့က အဆင်မပြေတဲ့အတွက်ကြောင့် အပြင်မှာ တွေ့ပြီးဖြေပေးပါတယ်။ အဲဒီ လိုလေးစားမှုထားပြီး မီဒီယာတွေ အပေါ်မှာ ကိုယ့်ကို ပံ့ပိုးနေတဲ့ ညီအစ်ကို မောင်နှမတွေလို သဘောထားပြီး လေးလေးစားစား ဆက်ဆံပါတယ် ရှင့်။
မေး။ ။ ကောလာဟလ ဆိုတာ တကယ် မဟုတ်ဘူးလို့ ပြောကြပေမယ့် တချို့ကောလာဟလတွေက တကယ် ဖြစ်တတ်တယ် ဆိုတော့ အဲဒါမျိုးကြုံဖူးလား၊ ကြုံခဲ့ရင် ဘယ်လိုဖြေရှင်းမလဲ။
ဖြေ။ ။ကျမ အခုအချိန်ထိတော့ ကောလာဟလ မရှိသေးပါဘူး။ ကျမရဲ့ အချစ်ရေးကိုလည်း တနိုင်ငံလုံး အတိုင်း အတာအထိသိကြမယ်လို့ထင်ပါတယ်။ အဲဒီ အပေါ်မှာလည်း ဘာမှ ဖုံးကွယ်ထားတာ မရှိပါဘူး။ ဒါပေမယ့် ကျမက မိန်းကလေးတယောက် ဖြစ်တဲ့အတွက် တကယ်လက်ထပ်တဲ့ အချိန်မျိုးကျမှသာလျှင် ပြောသင့်တယ်ထင်လို့ အဲဒီအတိုင်းထားတာပါ။ ကျမက ဒီတယောက်နဲ့ ချစ်ပြီးနောက် တယောက်နဲ့ ရှုပ်တာမျိုးလည်း မရှိပါဘူး။ ဒါကြောင့် ကျမမှာ ကောလာဟလ မရှိတော့ အခုချိန်အထိလည်း အေးအေးဆေးဆေးပါပဲ။ ဒီတယောက်နဲ့ ရန်ဖြစ်လည်း အဲဒီတယောက်နဲ့ပဲ အနာဂတ်ကို ဆက်သွားတယ်၊ ဒါပေမယ့် ကိုယ့်အပေါ် မကောင်းရင်တော့ ဖြတ်သင့်လည်း ဖြတ်ရမှာပဲပေါ့။ ဒါကြောင့် ကောလာဟလ မရှိတော့ အဲဒီခံစားမှုမျိုးလည်း မရှိပါဘူး။
မေး။ ။ အောင်မြင်မှု လမ်းကြောင်းပေါ်ရောက်လာတဲ့အချိန်မှာ ခလုတ်ကန်သင်းတွေ ကြုံရစမြဲဆိုတော့ အဲဒါတွေကိုရော ဘယ်လိုရှင်းလဲ။
ဖြေ။ ။ ကျမ အနေနဲ့ အဲဒီလိုမျိုးတွေတော့ အများကြီးကြုံဖူးပါတယ်။ ကျမက သူများကိုလည်း ဘယ်တော့မှ ခလုတ်ကန်သင်း ဖြစ်အောင် မလုပ်ခဲ့တော့ ကျမဆီကို ရောက်လာတဲ့ ခလုတ်ကန်သင်းတွေကလည်း နာရီဝက် တနာရီထက် မပိုပါဘူး၊ တော်တော်ကြီးမားတဲ့ ခလုတ်ကန်သင်းတွေတောင်မှ အချိန်တန်ရင် ပြီးသွားတာပါပဲ။ အိုင်းရင်းဇင်မာမြင့်ကတော့ ပုံမှန်ပါပဲ၊ ကိုယ့်ဘက်က ဘာမှ ဆုံးရှုံးသွားတာမရှိတော့ ဘာမှမဖြစ်ပါဘူး။
မေး။ ။ အောင်မြင်သွားတဲ့ အချိန်မှာနဲ့ မအောင်မြင်ခင်က စိတ်အခြေအနေ ဘာကွာသွားလဲ။
ဖြေ။ ။ အခုအချိန်ထိလည်း အရင်ကတည်းက အတိုင်းပဲ၊ ဘာမှ မပြောင်းလဲပါဘူး။ ပရိသတ်က ကိုယ့်ကို ချစ်ပြီး ဘုရားရဲ့ ကျေးဇူးတော်ကြောင့် ဒီထက်ပိုအောင်မြင်လည်း အိုင်းရင်းဇင်မာမြင့်ရဲ့ စိတ်ထားကတော့ အရင်အတိုင်းပြုံးပြုံးပါပဲ။
မြတ်သူအောင်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။