ဟောင်ကောင်တွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများကြောင့် ဟောင်ကောင်၏ စီးပွားရေး ကဏ္ဍကို ထိခိုက်လာခြင်းအပေါ် စိုးရိမ်မိကြောင်း နာမည်ကျော် ဟောင်ကောင် ရုပ်ရှင်မင်းသား ဂျက်ကီချန်းက ပြောကြားခဲ့သည်။
တရုတ်၏ ဩဇာလွှမ်းမိုးမှုကို တွန်းလှန်သည့် ဆန္ဒပြမှုများ ဟောင်ကောင်တွင် ဖြစ်ပွားခဲ့ပြီးနောက် ဒေသ၏ စီးပွားရေး ကဏ္ဍတွင် ကြီးမားသည့် ထိခိုက်မှုများ ရှိခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ တရုတ်၏ Twitterအဖြစ် လူသိများသော Weibo ဝက်ဘ်ဆိုက်တွင် ချန်းက “ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်းမှာ ဟောင်ကောင်ရဲ့ စီးပွားရေး ကဏ္ဍကနေ ဟောင်ကောင်ဒေါ်လာ (၃၅၀)ဘီလီယံဖိုးလောက် နစ်နာ ဆုံးရှုံးခဲ့တယ်လို့ သတင်းတွေမှာ ဖတ်ရပါတယ်။ ဒီအတွက် ကျွန်တော် တကယ့်ကို စိတ်ပူမိတယ်”ဟု ရေးသားခဲ့သည်။
၎င်းက ဆန္ဒပြမှုများ၏ နောက်ဆက်တွဲအဖြစ် ဟောင်ကောင် စီးပွားရေးကို ရိုက်ခတ်လာနိုင်ခြေကိုသာ ထောက်ပြခဲ့ပြီး ဆန္ဒပြမှုများနှင့် ပတ်သက်၍မူ ဝေဖန်ခဲ့ခြင်း မရှိပေ။ “ဟောင်ကောင်မြို့ခံ အားလုံးဟာ ဟောင်ကောင်ကို ချစ်မြတ်နိုးကြတယ် ဆိုတာကို ကျွန်တော် ယုံကြည်ပြီးသားပါ။ အရာရာ အကောင်းဆုံး ဖြစ်ဖို့ ဆန္ဒပြုပါတယ်။ ဟောင်ကောင်ရဲ့ တောက်ပတဲ့ မနက်ဖြန်ကို တည်ဆောက်ဖို့ဆိုတာ အားလုံးရဲ့ ထောက်ခံမှုနဲ့ ကြိုးစားအားထုတ်မှုတွေ လိုပါတယ်”ဟု ချန်းက ဆိုသည်။
၎င်းက “COUNTRY ဆိုတဲ့ သီချင်းစာသားမှာ ကြွယ်ဝချမ်းသာတဲ့ အိမ်ဂေဟာတွေ မရှိဘဲ တောင့်တင်းအားကောင်းတဲ့ နိုင်ငံတစ်ခု မဖြစ်နိုင်ဘူးလို့ ဆိုထားပါတယ်။ ကျွန်တော့် အနေနဲ့ကတော့ အားလုံးနဲ့အတူ ပူးပေါင်းပြီး ကြိုးကြိုးစားစားနဲ့ အနာဂတ်ကို ရင်ဆိုင်သွားချင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံကို ချစ်ပါ။ ကျွန်တော်တို့ရဲ့ ဟောင်ကောင်ကို ချစ်ပါ”ဟုလည်း တိုက်တွန်းထားသည်။
ချန်း၏ မှတ်ချက်ပြု ရေးသားမှုအပေါ် ဝေဖန်မှု၊ ထောက်ခံမှုများဖြင့် တုံ့ပြန်ခဲ့သည့် COMMENT (၁၆၂၀၀)ကျော်ထိ ရှိခဲ့ပြီး အချို့က ချန်းသည် အမှန်တရားဘက်မှ ချဉ်းကပ်ခြင်းဟု ချီးကျူးကြသည်။ အချို့က ချန်းသည် ဆန္ဒပြမှုများကို လျော့ပါးအောင် လုပ်ဆောင်နေခြင်းဟု စွပ်စွဲခဲ့သလို ဟောင်ကောင်အရေးထက် မိမိ၏ အိမ်တွင်းရေးကို နိုင်နင်းအောင် ဦးစွာ ကြိုးစားသင့်ကြောင်း ဝေဖန်ခဲ့သည်။ ချန်း၏ သားဖြစ်သူ ဂျေဆီချန်းသည် မူးယစ်ဆေးဝါးမှုဖြင့် လတ်တလောတွင် တရားရင်ဆိုင်နေရသည်။
_Ref: Channelnewsasia
_Ref: Channelnewsasia
7daydaily
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။