Cynthia Lynn Lynn added 2 new photos — with Esther Lin Linand 2 others.
“ဇလပ်ပုံပြင်”
ကမ္ဘာပေါ်တွင် မျိုးစိတ်တစ်ထောင်ခန့်ရှိသည့် Rhododendrone ခေါ်ဇလပ်တွေ၌ ဖြူ၊နီ၊ ၀ါ၊ခရမ်း၊ လိမ္မော်၊ ပန်းရောင် စသည်ဖြင့် ရောင်ကွဲများရှိပါသည်။ ထိုဇလပ်ပန်းများကို သူ့ဝိသေသအလိုက် မျိုးစိတ်ကြီး (၅)မျိုးခန့် ခွဲခြားကြောင်းလည်း လေ့လာမှတ်သားမိဖူးသည်။ အာဖရိက၊အမေရိက နှင့် အာရှတွင်သာ ပွင့်တတ်သော ဇလပ်များသည် ချစ်ခင်ချင်စရာ။ အာရှရှိ ဟိမ၀န္တာတောင်ကြောကြီးတွေပေါ်မှာ အထူးသဖြင့် ပေါက်ရောက်သော၊ ဟိမ၀န္တာအတက်အလက် တစ်ခုဖြစ်သည့် ချင်းတောင်တန်းတွေပေါ်မှာ ပျော်မွေ့ရှင်သန်သော ဇလပ်ပန်းလေးများသည် ချင်းတောင်သဘာဝ အလှအပကိုခံစား ဖူးသူတိုင်းအတွက် ပြောပြစရာ ဇာတ်လမ်းတစ်ပုဒ်တော့ ဖြစ်နေပေလိမ့်မည်။
၂၀၁၃ နွေရာသီက မြန်မာပြည် ချစ်ခြင်းမေတ္တာ လူမှုရေးလုပ်ငန်း၌ အဖွဲ့ဝင်တစ်ယောက် ဖြစ်သည့် အားလျော်စွာ အဖွဲ့နှင့်အတူ တောင်ပေါ်ရောက်ခဲ့သည်။ ကန်ပက်လက်နှင့် မင်းတပ်ဒေသ ကျေးရွာ အချို့တို့၌ ဆိုင်ကယ်လမ်း ပေါက်ရန် လမ်းဖောက်လုပ်အား ပေးခဲ့ကြသည်။ ဌာနေချင်းပြည်ရောက်တော့ တောင်ဇလပ် တွေကို အရမ်းမြင်ချင်နေမိသည်။ သူ့ရာသီအခါမဟုတ်မှန်း သိပါလျက်နှင့် ပွင့်ကျန်လေးများရှိလိုရှိငြား မျှော်လင့်နေခဲ့သေးသည်။ အားမလိုအားမရ ဖြစ်ခဲ့ရသည်။ အပွင့်ကျန်လေးများမှာ ညှိုးခြောက်ကုန်ပြီ။သို့တိုင်အနီသွေးကမူ ပကတိကျန်နေသေး တာမို့ ကျေနပ်ခဲ့ရပါသည်။ ကျွန်မချစ်သော တောင်ဇလပ်တို့အကြောင်းအတွေးကြွယ်ခဲ့ရာမှ ဇလပ်ပုံပြင်အက်ဆေးတစ်ပုဒ် မွေးဖွားလာခဲ့ပါသည်……….။
--------------xxxxxxxxxx-------------------------xxxxxxxxxxxxxx-----------------
မြေနီကွေ့လမ်းလေးသည် နေပူထဲတွင် ဖုန်တထောင်းထောင်းနှင့်။ကားနောက်ပိုင်း၌ တလိမ့်လိမ့် တလူးလူး ဖုန်လုံးများက ဟည်းထကျန်ခဲ့သည်။ ဖုန်ထူနေသော စိမ်းတစ်လှစ်၊ ၀ါတသစ် ဆူးပင်တွေက တရိပ်ရိပ်ကျန်ရစ်သည်။ အ၀ါရဲနှင့် အနီစွေးစွေး ရောင်ပြေးဆူးသီးဆုပ်ဆုပ်တွေက လက်နှင့်သိမ်းကျုံးယူငင်ကာ စားချင်စရာ။ ဆူးပင်ပေးသော ဆူးခြစ်ရာလက်ဆောင်ကို ခန္ဓာအနှံ့၌ ခံယူပြီးကာမှ နေပူကျဲကျဲတွင် ချွေယူရရှိသော ဆူးသီးများကို သစ်ရိပ်အေးအေး အောက်၌လွေးခဲ့ဖူးသည့် ငယ်ဘ၀ကို ပြန်ပြောင်း သတိရမိသည်။
ကားကွေ့သွားသည်နှင့် လှပသော သစ်ညိုမှိုင်းမှိုင်းနှင့် ဆူးခြုံတန်းတို့ေ၀၀ါး ကျန်ရစ်ခဲ့သည်။ ငယ်ဘ၀ကလည်း ဘ၀ ခရီးတွင်ဝေ ၀ါးကျန်ခဲ့ပြီ။
ဒီခရီး၌ မြင့်မားတင့်တယ်လှသည့် သစ်ခေါက်ညိုညို ထင်းရှုးတွေပေါသည်။ ထင်းရှုးရိပ် တို့အောက်မှာ အနီသွေးတို့ရဲစွေးနေသည့် တောင်ဇလပ်နီကို အားမာန် အပြည့်ဖြင့် မြင်နေရသည်။ မီးသင်းထားသည့် ပြာမွဲမွဲ မြေပြင်ဝယ် တုံးတိတိအပင်အချို့လည်း အံတင်းတင်းကြိတ် ၍ အပူဒဏ်ကို ရင်ဆိုင်ကြသည်။ သေတွင်းမှလွတ်လာသူများပီပီ ဒုက္ခနှင့် ယဉ်ပါးနေရသည်ကိုပင် အမှုမရှိကြတော့ပြီ။ အဲဒီမှာ သစ်ခွတွေပွင့်သည့် အပင်တွေကျန်သေးသည်.။ သစ်ခွတွေက အချို့ဖြူဖြူပွင့်သည်။ အ၀ါလူးသည်လည်းရှိသည်။ သို့သော်ကျိုးတိုးကျဲတဲ။ နွေရာသီမို့ ဖြစ်မည်ထင်သည်။ အပွင့်တုံးကုန်ပြီ။ သစ်ပင်တွေက ခါးထစ်ခွင်ချီထားရသည်။
ဟော..ဟိုမှာ၊ မြင့်မားဝေသီကာ အိနြေ္ဒရလှသော ထင်းရှုးပင်တို့၌ ပဆုပ်ဖြူပွင့်နှင့် ရွက်စိမ်းကားကား ပန်းတွေရယ်။ သူ့အမည်က တောင်ဇလပ်ဖြူ။ သစ်ခွကဲ့သို့ ကပ်ပါးပင်ဖြစ်ဟန်တူသည်။ မြေပြင်မှာ သူ့ပင်စည်၌ ပွင့်ရဲသည့် ဇလပ်ဖြူက ရှိတတ်သော်လည်း ရှားသည်။ ပင်မြင့်ဝေယံမှာ ဟိန်းခိုပွင့်အာရ ပုံကို သူက ပိုသဘောကျသလို ရှိသည်။ မြေမှုန့် အလူးမခံချင်သည်လည်း ဖြစ်ပေလိမ့်မည်။ သူကအသန့်  ကြိုက်သည်။ အပွင့်ဖြူလေး စွန်းကွက်မဲညစ်သွားမည်ကို စိုးကြောက်ရှာသည်ထင့်။အဖက်မတန်သူများနှင့် ကွာကွာဝေးဝေး နေလိုသည်ထင့်။ မာနကလည်းကြီးရှာသည်ထင့်။ မြင့်မားသည့် ထင်းရှုးကဲ့သို့သော အပင်မျိုးကိုသာ သဘောကျပုံရသည်။ အခြား ပင်မြင့်ပင်များနှင့် ထင်းရှုးနှင့် သူ့ကိုတွဲ၍ တွေ့ရလေ့ရှိသည်။ ရေမြင့်လျှင်ကြာတင့်သည်။ အပင်မြင့်တော့ သူလည်းပိုတင့်တယ်တာပေါ့။ ကြာတော့ ….သူ့အနားကို လူတွေသိပ် မကပ်ကြတော့။သူ့အလှ သူ့ရနံ့ လေးတွေရယ်ကဖြင့် အသိအမှတ် ပြုထိုက်ပါပေသည်။ ဒါပေမယ့် ဟိုးအမြင့်ကြီးမှာပဲသူနေသည်။ လှမ်းချူဖို့ ခက်သည်ပေါ့။
အမြင့်မှာသာနေရသည်။ သူ့ဘ၀က အဆင်ပြေသလိုရှိပေမယ့် အထီးကျန်နေရသည်။ သူများအာဝါသအောက်မှာ ရှင်သန်နေရတာမို့ အပွင့်များများ ပွင့်ခွင့်မရှိ။ အပင်တွေကြီးထွားချင်သလောက် ကြီးထွားခွင့်မရ။ လောင်းရိပ်အောက်က ပန်းပွင့်သည် သူ့အဆင်း သူ့ရနံ့ဖြင့် စွဲမက်ချင်စရာ ကောင်းသော်လည်း ကန့်သတ်ချက်ဘောင်ထဲမှာပဲ မရဲတရဲလွတ်လပ်ခွင့် ရှိမည်။ သတ္တိမရှိတာလား ဇလပ်ဖြူရယ်ဟု အားမလို အားမရ မေးလိုက်မိချင်သည်။ မြေကြီးကို အဖက်မလုပ်ချင်တာကြောင့်လည်း စိတ်ကောက်ပစ်လိုက်ချင်သည်။ သို့ပေမင့် ..တောင်စောင်းကမ်းပါးယံ ရေညှိကြောတွေထဲက ထိုးဖောက်ရှင်သန်ဖူးပွင့်လာသော ဇလပ်ဖြူပင်တစ်ချို့ရှိသည်။ ဒီတော့ချူယူလိုသူတွေက ချစ်ကြသည်။ တကြူကြူသင်းသည့် ရနံ့သင်းပန်းပွင့်ကို တငုံ့ငုံ့ရှိုက်နမ်းရင်း မြေကြီးမှာပင် ပွင့်ရဲလာသည်အထိ တယုတယ ပျိုးထောင်ကြသည်။ အဲလိုငါနဲ့မတန်ဘူးဆို တဲ့မာန ခ၀ါချပစ်တော့လည်း သူ့အလှက မြေပြင်ထက်မှာ ပို၍ပင်ရှင်းသန့်ဖြူစင်နေတော့သယောင်..။
ဒါပေမယ့် ဇလပ်နီရယ်လောက်တော့ သူကမကျော်ကြား။ ဇလပ်နီကိုလည်း ထင်းရှုးပင်တွေနှင့် ခြံရံတွေ့ရတတ်သည်။ သူကချစ်ဖို့ကောင်းသည်။ သူ့အပင်ပေါ်မှာပဲ သူရှင်သန်မည့်မာန်ရှိသည်။ အသက်သာ သေသွားပါစေ။ သူများနှာခေါင်းပေါက်နှင့် ဘ၀ကို မရှင်သန်လို။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်မည်။ ကိုယ့် ဘ၀ကို ကိုယ်တည်ဆောက်မည်။ ဒီအားမာန်သတ္တိတွေကြောင့်ထင့်၊ ပွင့်ဖတ်နုနုလေးတွေသည် ရဲရဲနီစွေးသည့် သတ္တိသွေးတွေ လူးနေသည်။စိမ်းတောက်တောက် ရွက်ကြောတွေ ခြံရံလျက် သူ့ဘ၀ကိုငြိမ်းချမ်းစွာ ပျော်ရွှင်ကျေနပ်ခံယူရဲသည်။ ငါ့အပင်က ဟိုထင်းရှုးပင်လောက် မမြင့်ပါလားဟုအားမငယ်တတ်။ စိတ်ဓါတ်သည် ခိုင်မာတည်ကြည်လှသည်။ မီးသင်းမြေတွင်လည်း သူပွင့်ရဲသည်။ ခြောက်ကမ်းပါးတောင်စောင်းတွင်လည်း ရှင်သန်ရဲသည်။ အပင်မြင့်မြင့်ကြားထဲတွင်လည်း အိနြေ္ဒရှိစွာ ကျက်သရေဖြာနေတတ်သည်။ ဒီတော့သူ့အလှကို လူတွေဖွေရှာကြသည်။ သူ့အပွင့်တွေကို လူတွေပန်ဆင်ကြသည်။ သူ့ဘ၀နှင့် သူ့အလှကို အသိအမှတ်ပြုကြသည်။ ပြီးတော့ သူနှင့်ပါတ်သက်ရသည်ကို လူတွေဂုဏ်ယူကြသည်။ကြာတော့ဇလပ်နီသည် သူ့ကိုချစ်သည့် လူတွေရဲ့ သင်္ကေတဖြစ်လာသည်။ အလှဖြစ်လာသည်။ ပြီးတော့ဘ၀လည်းဖြစ်လာသည်။
သူ့ရဲ့သွေးစွန်းသစ္စာသည် သစ္စာမဲ့တတ်သူတွေအတွက် သတိပေးသံ ဖြစ်နေပေလိမ့်မည်။ သူ၌ဂရုဏာတွေ ထုံမွှန်းနေသည်။ သစ်ခွပန်းတွေကိုလည်း ကယုကယင် သူ့ရင်ခွင်ကြားတွင် ရှင်သန်ခွင့်ပေး သည်။ အလှချင်းပြိုင်ပွင့်ရလည်း မနာလိုဟန်မရှိ။ ထင်းရှူးမြိုင်တန်းထဲက သစ်ခွပန်းတပွေ့တပိုက်ဖြင့် ရဲရဲနီသည့် ဇလပ်ပင်သည် ဤတောဤတောင်တွင် အကျော်ကြားဆုံးနှင့် အလှဆုံးသာ ဖြစ်ပေလိမ့်မည်။ ပိတုန်း၊ လိပ်ပြာ ၊ ငှက်သံသကာတို့ဖြင့် ဝေစည်နေမည်မှာ မလွဲသည်တည်း။ ဇလပ်ဖြူသည် အဖိုးတန်သည်။ သို့သော် လူတွေရဲ့သင်္ကေတ ဖြစ်မလာခဲ့။ ဇလပ်နီသည် မြေကြီးပေါ်မှာပဲ ကြီးလာရသည်။ သို့သော်အမြင့်ဆုံး တန်ဖိုး ပြယုဂ်ကို ပိုင်ဆိုင်လာရသည်။
ဇလပ်နီဖြင့် တင်စားခံထိုက်သော လူမျိုးတို့သည်လည်း ဇလပ်နီသစ္စာဖြင့် မီးသင်းသောဘ၀၊ သစ်ပင်ရှည်တွေ ထိုးထောင်မြင့်မားနေသောဒေသမှာပင် မိမိဘ၀ကိုတည်ဆောက်၍ မိမိအလှကို ဖန်တီးကာ ဂုဏ်သိက္ခာတစ်ရပ်ကို တည်ကြည်လေးနက်ခိုင်မာစွာ စောင့်ထိန်းသွားကြမည်ဖြစ်သည်။ဘ၀ ကိုအရှုးံမပေးကြ။ အဆိုးအားဖြင့် ဘယ်တော့မှ အဆုံးမခံ။ အကောင်းအားဖြင့် အဆိုးကို အနိုင်ယူကြမည်။ နီရဲသော သတ္တိသွေးကိုလည်း ဘယ်တော့မှ အရောင်မပြောင်း။ မှန်တာလုပ်၊ ဟုတ်တာပြော၍ တကယ်လုပ်၊ အဟုတ်ကြီးပွားရမည်။ ကိုယ့်အရိပ်အောက်မှာ လာခို၍ အလှတရားရှင်သန်ခွင့် ရသော သစ်ခွလို ဘ၀မျိုးကိုလည်း စာနာထောက်ထား မေတ္တာပွားကြမည်။ ထိုအခါ ဇလပ်နီအလှသည် သစ်ခွရံသော ဘ၀ဖြင့် ပို၍တင့်တယ်နေပေလိမ့်မည်။
ဇလပ်ဖြူနှင့်တူသော သူများလည်းရှိမည်။ အလှရှိပါလျက်၊ ရနံ့ကြွယ်ပါလျက် သူတပါး လောင်းရိပ် အောက်၌မူ မရှင်သန်စေလိုပါ။ ကိုယ့်ဒူးကိုယ်ချွန်ပါလျှင် ထိုပွင့်ဖြူသည်သာ၍တင့်တယ်နေမည်သာ။
ရွံ့ကြောက်စိုးထိတ်၍ လောကဒဏ်မခံချင်သော ဇလပ်ဖြူသည် နူးညံ့သိမ်မွေ့မည်။ သို့သော်အားကျထိုက် သည့်သတ္တိကမူ ရှိချင်မှ ရှိရှာပေမည်။ သူ၌ရနံ့ကြွယ်သည့် အချင်းကလည်း ရှိပေမည်။ ဒါပေမယ့် ပင်မြင့်တို့မှာ နေသရွေ့ ရနံ့မွှေးကို ဘယ်သူရှိုက်ယူနိုင်အံ့။ ဇလပ်ဖြူလို နူးညံ့ကြပါစေ။ သို့သော်ဇလပ်နီလို ခိုင်မာကြပါစေ။ ဇလပ်ဖြူလို သင်းပျံ့ပါစေ။ သို့သော်ဇလပ်နီလို ၀န်းကျင်အလှကို ပို၍တိုးပွားစေကြပါလေ။ ဇလပ်ဖြူလို အညစ်စွန်းမခံ ဖြူစင်ရိုးသားကြပါစေ။ သို့သော် ဇလပ်နီလို ရဲရဲတောက် သတ္တိသွေးတွေ စွေးစွေးနီကြပါစေ။
ထိုဇလပ်ပုံပြင်သာ ရာဇ၀င်တွင်၍ ကမ္ဗည်းမော်ကွန်း မှတ်ကျောက်တင်နေပေတော့မည်တည်း ။ ။
ချိုး (မိုင်လင်းမြူးမံ) Cynthia Lynn Lynn
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။