We Love Music with Angelina Mi Su and 15 others
"တစ်ခုခုတော့ ပြောဦးလေ" *Say Something*
တစ်ခုခုတော့ ပြောဦးလေ
ကိုယ် မင်းကို စွန့်လွှတ်လိုက်ရမှာပေါ့
ဘယ်နေရာပဲ ဖြစ်ပါစေ ကိုယ် မင်းနောက် လိုက်ခဲ့နိုင်ပါတယ်
တစ်ခုခုတော့ ပြောပါဦးကွာ
ကိုယ် မင်းကို စွန့်လွှတ်လိုက်ရတော့မယ်လေ
ကိုယ် သိပ်ကို သိမ်ငယ်မိတယ်လေ
ဒါကို ကိုယ် နားကို မလည်နိုင်အောင်ပါပဲ
ကိုယ် ဘာဆို ဘာမှကို မသိတော့ပါဘူးကွာ
ကိုယ် ဒယိမ်းဒယိုင်နဲ့ ပြိုလဲကျတော့မှာပါ
ဘယ်လို တွားသွားရတယ်ဆိုတာလိုပဲ
ဘယ်လို ချစ်ရမလဲဆိုတာကိုလည်း
ကိုယ် သင်ယူနေရတုန်းပါပဲကွာ
တစ်ခုခုတော့ ပြောဦးလေ
ကိုယ် မင်းကို စွန့်လွှတ်လိုက်ရမှာပေါ့
မင်းနဲ့ မနီးစပ်နိုင်တော့တဲ့အတွက်
ကိုယ် သိပ်ကို ဝမ်းနည်းရပါတယ်

ကိုယ့်ရဲ့ မာနသိက္ခာတွေကို
မျိုသိပ်ထားလိုက်ပါ့မယ်
မင်းဟာ ကိုယ်ချစ်ရတဲ့သူပါပဲ
ခုတော့ ကိုယ် လမ်းခွဲစကားတွေ
ပြောနေရပြီလေ

"Say Something" ဆိုတဲ့ သီချင်းလေးဟာ သူငယ်ချင်းနှစ်ယောက် ဖွဲ့စည်းထားတဲ့ A Great Big World လို့ ခေါ်တဲ့ အမေရိကန်ပေါ့ပ်ဂီတအဖွဲ့တစ်ခုရဲ့ ဖြစ်တဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်။ ဒီသီချင်းလေးကို ၂၀၁၃ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ သူတို့ရဲ့ Is there anybody out there? ဆိုတဲ့ အယ်လ်ဘမ်ထဲမှာ ထည့်သွင်းသီဆိုခဲ့ပါတယ်။ သီချင်းလေးကို သူတို့အဖွဲ့ကိုယ်တိုင် ရေးစပ်ထားခဲ့တာဖြစ်ပြီး သီဆိုရာမှာတော့ Ian Axel တစ်ယောက်ထဲက သီဆိုခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့ သီချင်းလေးကို TV Show တစ်ခုဖြစ်တဲ့ So you think you can dance ကနေ ဇာတ်ဝင်တေးအဖြစ် အသုံးပြုရာကနေ နာမည်ကြီး အဆိုတော် Christina Aguilera က နှစ်ခြိုက်သဘောကျလွန်းပြီး သူနဲ့ အတူတွဲဆိုဖို့ ကမ်းလှမ်းခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီသီချင်းကိုက Christina နဲ့ တွဲဆိုပြီး ဂီတဗီဒီယိုလေးအဖြစ် ရိုက်ကူးပုံဖော်ချိန်မှာ A Great Big World အနေနဲ့ ဘယ်လောက်တောင် အံ့ဩပျော်ရွှင်ခဲ့ရတယ်ဆိုတာကို သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ Ian Axel နဲ့ Chad Vaccarino တို့ကို ဟန်ဆောင်မှု လုံးဝမပါပဲ ခုလို စိတ်အရင်းခံတဲ့ ပြောဆိုခဲ့ကြပါသေးတယ်။
Ian "ကျွန်တော်တို့ကို မန်နေဂျာက ဖုန်းခေါ်ပြီး "Christina က Say Something သီချင်းကို နင်တို့နဲ့ တွဲပြီး ပြန်ဆိုချင်တယ်တဲ့။ အဲဒါ ဘယ်လိုသဘောရတုန်း" ဆိုတော့ ကျွန်တော်တို့က "ပေါက်ကတွေ။ သွားစမ်းပါဗျာ။ ပါးစပ်ပိတ်ထား။ ဘာတွေ လာပြောနေတာလဲ" လို့ ပြန်ပြောမိတယ်လေ"
Chad "လုံးဝ မယုံခဲ့ဘူး။ လုံးဝဆို လုံးဝကို မယုံနိုင်ခဲ့တာပါ"
Ian "ဟုတ်တယ်လေ။ Christina နဲ့ တွဲဆိုရမှာကို ဘယ်လိုသဘောရနေရမှာတုန်း" လို့ ပြောပြီး သူငယ်ချင်းနှစ်ယောက်က ဝမ်းသာမဆုံး ဖြစ်နေခဲ့ကြတာပါ။
စန္ဒရားကို အသားပေးတီးခတ်ထားတဲ့ ဒီဆွေးမြေ့မြေ့ သီချင်းလေးဟာ အရင်ကတည်းက လူကြိုက်များတဲ့ သီချင်းလေး ဖြစ်ခဲ့ပေမဲ့ Christina နဲ့ တွဲဖက်သီဆိုလိုက်တဲ့အခါမှာတော့ နိုင်ငံတကာမှာပါ အရမ်းပေါက်သွားတဲ့ သီချင်းလေး ဖြစ်ခဲ့တော့တာပါပဲ။ သီချင်းလေးဟာ မိမိ ချစ်ခင်မြတ်နိုးရတဲ့ တစ်စုံတစ်ယောက်ကို စွန့်လွှတ်လိုက်ရတော့မယ်ဆိုတဲ့ နာကျင်ခံစားမှုလေးကို အတိအကျက ပုံဖော်ပေးသွားနိုင်ခဲ့တဲ့အပြင် ဒီနာကျင်မှုတွေထဲမှာပဲ နစ်မြုပ်မနေပဲ ရှေ့ဆက်ပြီး ရုန်းကန်သွားရဦးမှာပဲဆိုတဲ့ အသိလေးကိုပါ ပူးတွဲပြီး လက်ဆင့်ကမ်းနိုင်ခဲ့ပြီး ဒီဝမ်းနည်းဖွယ် သီချင်းလေးဟာ တစ်ခေါက်နားထောင်ပြီးရင်ကိုပဲ ရင်ထဲမှာ နင့်ကနဲ ခံစားသွားရလောက်အောင် ပြုစားနိုင်ခဲ့တဲ့ သီချင်းလေးအဖြစ် တေးချစ်သူတွေရဲ့ အသိအမှတ် ပြုခြင်းကို ခံခဲ့ရပါတယ်။ တချို့ကလည်း ဒီသီချင်းလေးရဲ့ ဂီတဗီဒီယိုလေးထဲက Ian ရဲ့ ရင်ထဲက တိုက်ရိုက်ပွင့်အံကျလာပြီး နာကျင်မှူတွေ ရိုက်ခတ်နေတဲ့ အသံနဲ့ Christina ရဲ့ ပြောင်မြှောက်လှတဲ့ တေးသွားသီဆိုမှုနဲ့ ချိနဲ့နာကျင်နေတဲ့ သရုပ်ဆောင်မှုတွေဟာ ပရိသတ်တွေရဲ့ နှလုံးသည်းချေကို ပွတ်ချေချလိုက်သလိုပဲ ထိထိမိမိ ရှိလွန်းလို့ ဒီ Say Something ဆိုတဲ့ သီချင်းလေးကို အော်စကာထိုက်တဲ့သီချင်း လို့တောင် အမွှန်းတင်ကြပါသေးတယ်။
ရိုးရှင်းသလောက် အဓိပ္ပါယ်ပြည့်ဝလှတဲ့ ဒီသီချင်းလေးရဲ့ ဂီတဗီဒီယိုဟာလည်း လူကြိုက်များလှပြီး ဗီဒီယိုလေးထဲမှာ သေအံ့ဆဲဆဲ မေ့မျောနေတဲ့ ချစ်ဇနီး အဘွားအိုကြီးရဲ့ လူနာကုတင်ပေါ်ကို တတ်ပြီး ခွေခွေလေး လဲလျောင်းနေမိတဲ့ အဘိုးအိုတစ်ယောက်ရဲ့ မြင်ကွင်းလေးဟာ တေးချစ်သူအတော်များများရဲ့ မျက်ရည်စတွေကို ခြွေချနိုင်ခဲ့ပါသေးတယ်။ ဗီဒီယိုလေးကို ကြည့်ပြီး သီချင်းလေးကို နားထောင်ချင်တယ်ဆိုရင်တော့ ဒီလင့်လေးကို နှိပ်ပြီး နားဆင်ခံစားနိုင်ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။