အာကာသ နှင့် စကြာဝဠာ
>>> အာကာသ သမိုင်းကြောင်း <<< (ဖေဖော်ဝါရီလ ၁၅ ရက်နေ့)
ဖေဖော်ဝါရီလ ၁၅ ရက် နေ့ကတော့ အာကာသ ပညာရှင်ကြီး၊ သင်္ချာ ပညာရှင်၊ ရူပဗေဒ ပညာရှင်၊ တွေးခေါ်ပညာရှင် ဂယ်လီလီယို ဂယ်လီလီ (Galileo Galilei) ရဲ့ မွေးနေ့ဖြစ်ပါတယ်။ ၁၅၆၄ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ သူ့ကိုမွေးဖွားခဲ့ပါတယ် (၁၆၄၂ ခုနှစ် ဇန်န၀ါရီလ ၈ ရက်နေ့မှာ ကွယ်လွန်ခဲပါတယ်။)
ဂယ်လီလီယိုဟာ သိပံ္ပပညာတစ်ခေတ် ဆန်းသစ်မှုမှာ အဓိကနေရာက ပါဝင်ခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့အောင်မြင်မှုများထဲက တစ်ခုကတော့ တယ်လီစကုပ်ကို ဆန်းသစ်တီထွင်နိုင်ခဲ့တာဖြစ်ပြီး ထိုမှတဆင့် အာကာသဆိုင်ရာ လေ့လာတွေ့ရှိမှုအသစ်များကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ သူ့ကို ခေတ်သစ် အာကာသရှာဖွေမှုဆိုင်ရာ ဖခင်ကြီး၊ ခေတ်သစ် ရူပဗေဒ ဖခင်ကြီး၊ သိပံ္ပပညာ ဖခင်ကြီး၊ ခေတ်သစ် သိပံ္ပပညာ ဖခင်ကြီး စသည်ဖြင့် ခေါ်ဆိုကြပါတယ်။
သူရှာဖွေတွေ့ရှိခဲ့တဲ့ အရာများထဲက အချို့ကို ဖော်ပြရလျှင်.. သောကြာဂြိုဟ် (ခ) ဗီးနပ်စ်ရဲ့ လည်ပတ်ပုံ အဆင့်ဆင့်၊ ဂျူပီတာ (ခ) ကြာသပတေးဂြိုဟ်ရဲ့ ဂြိုဟ်ရံလကြီး (၄) စင်း (ထိုအချိန်က ထိုဂြိုဟ်ရံလများကို ဂယ်လီလီယို လများလို့တောင် ခေါ်ခဲ့ကြပါတယ်။) နေ၏အစက်အပြောက်များ၊ ကြမ်းတမ်းတဲ့ လ မျက်နှာပြင်၊ သာမန်မျက်စိဖြင့် မမြင်တွေ့နိုင်သော ကြယ်များ (အထူးသဖြင့် နဂါးငွေ့တန်း ထဲမှ ကြယ်များ) စသည်ဖြင့် မြောက်များလှစွာသော တွေ့ရှိချက်များကို သူတီထွင်ခဲ့သည့် တယ်လီစကုပ်များအသုံးပြုပြီး လေ့လာနိုင်ခဲ့ပါတယ်။
ထိုအချိန်က သူရင်ဆိုင်ခဲ့ရတဲ့ အဓိကပြဿနာကတော့ ဘာသာရေးဆိုင်ရာ အယူဝါဒများ ကြီးစိုးနေတဲ့ အမြင်မတူသူများဘဲဖြစ်ပါတယ်။ ပြင်းထန်သော အယူဝါဒဆွဲကိုင်သူများ၊ အုပ်ချုပ်သူများက သူ့ကို အမြဲတစေ ခြိမ်းခြောက်၊ ပြစ်ဒဏ်ပေးခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။ ၁၆၃၃ ခုနှစ်မှစလို့ နေအိမ် အကျယ်ချုပ်နဲ့ နေထိုင်ခဲ့ရပါတယ်။
အခုအချိန်မှာတော့ သူဟာ အာကာသပညာရပ်၊ ရူပဗေဒ ပညာရပ်၊ သင်္ချာဘာသာရပ်တို့ရဲ့ ရှေ့ဆောင်လမ်းပြ ပုဂ္ဂိုလ်၊ ဆရာတစ်ဆူဘဲ ဖြစ်ပါတော့တယ်...။
အာကာသနှင့် စကြ၀ဠာ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။