FOOD Magazine
................................
ထိုင်းဝက်အူချိုကြော်
................................
ကျွန်မက ဒီဝက်အူကြော်ကို စင်ကာပူက ထိုင်းဆိုင်တစ်ခုမှာ စားခဲ့ဖူးတာပါ။
ကျွန်မရဲ့ စင်ကာပူခရီးစဉ်က အပြေးအလွှားခရီးစဉ်ပါပဲ။
အဲဒီနေ့က မနက်ပိုင်းမှာ မအိ EVY FoodLover နဲ့တွေ့၊
နေ့လယ် သူငယ်ချင်းတွေနဲ့တွေ့ ညနေ ကိုထက်အစ်ကိုမိသားစုနဲ့တွေ့ဖို့ စီစဉ်ထားပါတယ်။

ကျွန်မသူငယ်ချင်းတွေက ထိုင်းစာလိုက်ကျွေးကြပါတယ်။
အဲဒီမှာ ဒီထိုင်းဝက်အူချိုကို စားဖူးတာပါ။ လိုက်ကျွေးတယ်ဆိုပေမဲ့
ကျွေးတဲ့သူတွေက လက်မလည်အောင်ကို စားကြပါတယ်။
ကျွန်မမှာ အချိန်ကလည်းမရှိတဲ့အထဲ ဒီဟာကို ခဏသာ စားပြီး
နောက်တစ်နေရာကို အမြန်ပြေးရတဲ့အခါ ဒါလေးကို တသသဖြစ်ကျန်ခဲ့ရပါတယ်။
ဒီတော့ စားချင်လာရင် မဖြစ်မနေ ရှာဖွေမေးမြန်းလုပ်စားရပါတယ်။
သားကြီးကျောင်းက သူငယ်ချင်းအမေက ထိုင်းမလေးကိုမေးပြီး
လုပ်စားရပါတယ်။ လုပ်ကြည့်ရအောင် . . . ။
ပါဝင်ပစ္စည်းများ
........................
• ၀က်အူချို - ၅၀၀ ဂရမ်
• နာနတ်ပွင့် - ၃ ပွင့်
• သစ်ကြံပိုးခေါက် - ၁ ခေါက်
• နံနံစေ့ - အနည်းငယ်
• ချင်း - အချိုဇွန်း ၁ ဇွန်း
• သကြား - အချိုဇွန်း ၂ ဇွန်း
• ခရုဆီ - အချိုဇွန်း ၂ ဇွန်း
• ပဲငံပြာရည်အကြည် - စားပွဲဇွန်း ၂ ဇွန်း
• ပဲငံပြာရည် အချိုအပျစ် - စားပွဲဇွန်း ၁ ဇွန်း
• ငရုတ်ကောင်း - အနည်းငယ်
• ရေ - တစ်ဖန်ခွက်စာ

ပြုလုပ်နည်း
..................
စစချင်း ၀က်အူချိုကို ဘေးကအရိအရွဲတွေကို ကတ်ကြေးနဲ့ညှပ်ထုတ်လိုက်ပါ။
ပြီးရင် အူအတွင်း ပိုင်းများ သန့်စင်စေရန် အူထိပ်ဝအပွင့်ဘက်မှ အူကို
လက်ဖြင့်ပွင့်စေပြီး အထဲကို ရှလကာရည်နှင့် ဆား အနည်းငယ်ထည့်
ရေဘုံပိုင်အောက်ရေခံကာ အူ လမ်းကြောင်းတစ်လျှောက် ညှစ်ပြီးဆေးချပါ။
ဒီမှာ တော့ သန့်စင်ပြီးသားတွေမို့ ကျွန်မ သိပ်ကြာကြာ မဆေးဘဲ
နှစ်ခါလောက်ပဲဆေးပါတယ်။
အထက်က ပါဝင်ပစ္စည်းများမှ အူချိုမှလွဲ၍ ကျန်တာကို ဖိုပေါ်မှာအပူပေးပြီး ပွက်ပါစေ။
မွှေးလာ ပါမယ်။ သန့်စင်ပြီး အူချိုလေးများကို ထည့်ပြုတ် လိုက်ပါ။
နူးလာရင် ရေစစ်ထားပါ။ ပုံမှန်အားဖြင့် ရေမကျန်အောင် နေခဏလှန်းပါတယ်တဲ့။
ကျွန်မ က လန်ဒန်မှာ နေရှားလွန်းလို့ Oven သုံးပါမယ်။ Oven မှာ
အပေါ်မီး ၁၈၀ ခန့်ဖြင့် ၁၅ မိနစ်ခန့် ကင် ပါတယ်။ ပြီးမှ ဆီပူမှာခတ်
ကြွပ်ကြွပ်နီလာ အောင်ကြော်ပေးပြီး ပူပူလေး ချက်ချင်းစားခြင်းဖြင့်
အကောင်ဆုံးအရသာကို ရမှာဖြစ်ပါတယ်။ အရသာက ချိုဆိမ့်လေးပါနော်။

အရေးကြီးတဲ့ အချဉ်ရည် (အရင်လုပ်ထားပါ)
............................................................
ဒီဟာကို ဒီအချဉ်ရည်ဖြင့် တွဲဖက်စားသုံးမှ အကောင်းဆုံးအရသာရပါတယ်။
• ပဲငံပြာရည်အကြည် - စားပွဲဇွန်း ၅ ဇွန်း
• ငရုတ်သီးလှော်မှုန့် - အချိုဇွန်း ၁ ဇွန်း
• ပဲမှုန့်အကျက် - အချိုဇွန်း ၁ ဇွန်း
• သကြား - အချိုဇွန်း တစ်ဝက်
• ငံပြာရည် - အချိုဇွန်း ၁ ဇွန်း
• ကြက်သားမှုန့် - အချိုဇွန်း ၁ ဇွန်း
• ကြက်သွန်ဖြူ - ၂ မြွှာ (ဓားနုတ်ပေါက်ပြီးသား)
အားလုံးကိုရောလိုက်ရင် လိုက်ဖက်တဲ့ အချဉ်ရည်လေးရပါပြီ။

...................................
Htet Family's Creation
...................................
www.htetfamily.com
Htet Family's Creation
...................................
www.htetfamily.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။