Fireflies
ဖယောင်းလိုလူ၊ သံမဏိလိုလူ ။ ( လူထုစိန်ဝင်း )
------------------------------------
လူ့လောကမှာ လူအမျိုးမျိုး စိတ်အထွေထွေ ရှိတယ်။ တချို့က လူနဲ့မူနဲ့ တစ်ထပ်တည်း ကျပြီး တချို့က လူတခြား၊ မူတခြား လုံးဝကွဲပြား ခြားနားတယ်။ သိသာထင်ရှားသူ နှစ်ဦးကို နှိုင်းယှဉ် ပြရမယ်ဆိုရင် သခင်စိုးနဲ့ သခင်ဗဟိန်းကို ပြရလိမ့်မယ်။ သခင်စိုးက လူပုံကြမ်းတမ်း သလို စိတ်ဓာတ်ပိုင်း၊ မူပိုင်းဆိုင်ရာ မှာလည်း အင်မတန် ကြမ်းတမ်းသူ ဖြစ်တယ်။ သခင်ဗဟိန်း ကျတော့ လူက လူချောလူရည်သန့် ၊ အနုအလှ လေးတွေကို ချစ်တတ်သလို အနေအထိုင်၊ အပြောအဆိုလည်း သိမ်မွေ့ ယဉ်ကျေးတယ်။ ဒါပေမဲ့ ယုံကြည်ချက်အပိုင်း၊ မူအပိုင်းမှာတော့ အင်မတန် ခိုင်မာ ပြတ်သားတယ်။
ဗိုလ်ချုပ်စိတ်မကောင်းဖြစ်ရတဲ့ကိစ္စ
ဘယ်လောက်ထိ ခိုင်မာပြတ်သားသလဲဆိုရင် ကွယ်လွန်ခါနီး ဆေးရုံပေါ်ရောက်နေတဲ့ အချိန်မှာ ကွန်မြူနစ်ပါတီကို ဖဆပလထဲက ထုတ်ပယ်ပစ်လိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး လူမမာ လာမေးချင်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ကိုတောင် သူဆီ ခေါ်မလာနဲ့၊ မတွေ့ချင်ဘူးလို့ ပြတ်ပြတ် သားသားပြောခဲ့တာ ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး တော်တော် စိတ်မကောင်း ဖြစ်ခဲ့ရှာတယ်။ ဦးနုကျတော့ နာမည်နဲ့ လိုက်အောင်လူနုပြီး လူ တစ်ဖက်သားကို ဘယ်တော့မှ နင်ဘဲငဆပြောလေ့မရှိဘူး။ စိတ်အင်မတန် နူးညံ့တယ်။ လူတိုင်း ကျေနပ်အောင် အမြဲ ကြိုးစားတယ်။ အဲဒီတော့ လူတိုင်းကို ကျေနပ်အောင် လိုက်လုပ်ရင် နောက်ဆုံးကျ ဘယ်သူမှ ကျေနပ်ကြမှာ မဟုတ်ဘူးဆိုတဲ့ သိုးဆောင်းစကား ဆိုရိုးရှိတဲ့အတိုင်း ဘယ်သူ့ ကျေနပ်မှုကိုမှ မရခဲ့ရှာဘူး။
လောကဓံရဲ့ ကြည်စားမှု
ဦးလေးလှက သခင်ဗဟိန်းလို လူစားမျိုး။ နာမည်နဲ့လိုက်အောင် လူက လူချောလူလှ ဖြစ်သလို၊ စိတ်လည်း အင်မတန် လှတယ်။ အင်မတန်မှလည်း နူးညံ့သိမ်မွေ့တယ်။ ဆရာဒဂုန်တာရာ ပြောတဲ့ စကားအတိုင်း သူ့ဘက် ကတော့ ‘မုန်းသူမရှိ၊ ချစ်သူသာရှိ၊ ရန်သူမရှိ၊ မိတ်ဆွေသာရှိ’ ဆိုတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဒါပေမဲ့ သူကမုန်းသူမရှိ၊ ရန်သူမရှိသဘောထားပေမယ့် သူ့ကိုရန်သူလို သဘောထားသူတွေ ရှိလေတော့ နာမည်ကျော် ပုဒ်မ ၅ နဲ့ အကျဉ်းထောင်ထဲမှာ လေးနှစ်နီးပါး သွားနေ ခဲ့ရပါတယ်။ ဒီနေရာမှာ လောကဓံတရားရဲ့ ပြက်ရယ်ပြုမှုလို့ ပြောရမလား၊ အကြည်စားသန်မှုလို့ ဆိုရမလား မသိတဲ့ အချက်ကတော့ ဦးလေးလှကို ထောင်ထဲ ပို့ခဲ့တဲ့ ဖဆပလ အဖွဲ့ကြီးကို စတင် တည်ထောင် သူတွေထဲမှာ သူဟာတစ်ယောက် အပါအ၀င် ဖြစ်ခဲ့ရုံတင်မက၊ ဂျပန်အပြေး အင်္ဂလိပ်တပ်တွေ ၀င်ဝင်ချင်း၊ ဖဆပလ အဖွဲ့ကြီးရဲ့ ဆိုင်းဘုတ်ကို မန္တလေးမှာ ပါမောက္ခ ဦးကျော်ရင် နဲ့အတူ အရင်ဆုံး တင်ခဲ့သူ ဖြစ်တယ်ဆိုတာပါပဲ။ ရန်ကုန်မှာတောင် အဲဒီအချိန်က ဖဆပလအဖွဲ့ ပြန်မဖွဲ့နိုင်သေးပါဘူး။
ဦးနုရဲ့ တောင်းပန်စကား
သူ့ကိုထောင်ထဲ ထည့်ခဲ့ပေမယ့် ဦးလေးလှက ဘယ်သူ့အပေါ်မှ အာဃာတ မထားခဲ့ပါဘူး။ မေတ္တာလည်း မပျက်ခဲ့ ပါဘူး။ ကွယ်လွန်သူ ၀န်ကြီးချုပ်ဟောင်း ဦးနုက ‘နှစ် ၉၀ပြည့် လူထုဦးလှ’ စာအုပ်မှာ အမှတ်တရ ဆောင်းပါး တစ်ပုဒ် ရေးသားပေးပို့ခဲ့ ပါတယ်။ အဲဒီမှာ . . .”ကိုလှရေ။ ကိုလှ ဒုက္ခရောက်အောင် ကျွန်တော် လုပ်ခဲ့တဲ့ အပြစ်ဟာ မသေးပါဘူး။ အင်မတန် ကြီးမားပါတယ်။ ကျွန်တော် ၀မ်းနည်းပါတယ်။ ကျွန်တော် တောင်းပန်ပါတယ် အစရှိတဲ့ စကားတွေကို ပြောရုံမျှနဲ့ ကျေအေးနိုင်လောက်တဲ့ အပြစ်မဟုတ်ပါဘူး။ ကိုလှဟာ ကျွန်တော့် ထက်ကြီးရင် ကျွန်တော်က ကိုလှကိုထိုင်ပြီး ရှိခိုး တောင်းပန်ရမယ့် အပြစ်မျိုးဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော် အနူးအညွတ် တောင်းပန်ပါရစေ။ အပြစ်တွေရှိသမျ ကျွန်တော့်ကို ခွင့်လွှတ်ပါ။ ကျွန်တော့်ကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးပါ . . .”လို့ ရေးခဲ့ပါတယ်။ အဲဒီစကားတွေကို မန္တလေး ဘူတာကြီးမှာ ရထား ထွက်အံ့ဆဲဆဲ ဦးလှကို ရုတ်တရက် တွေ့လိုက်ရတုန်း ဦးနုကသွား ပြောခဲ့တာပါတဲ့။ ဒီစကားတွေကို ပြောချင်တာကြာပြီ ဖြစ်ပေမယ့် မပြောဖြစ်ခဲ့လို့ ခုလိုကြုံကြိုက်တုန်း ကတိုက်ကရိုက် သွားပြောခဲ့ရတာလို့လည်း ဦးနုက ရေးပြ ထားပါတယ်။
သဘောထားကြီးတဲ့သူ
ဦးလေးလှက ဘယ်သူ့ အပေါ်မှာမှ မုန်းစိတ်၊ အာဃာတစိတ်လုံး ၀မရှိခဲ့ပါဘူး။ နိုင်ငံရေး လုပ်တယ်ဆိုတာ နိဗ္မာန် ရောက်ကြောင်း တရားအားထုတ်တာ မဟုတ်ဘူး။ သဘော ထားကွဲကြ၊ စကားများကြ၊ အပြန်အလှန် ဝေဖန် တိုက်ခိုက်ကြ ဆိုတာတွေ ဖြစ်မြဲထုံးစံပဲလို့ ဦးလေးလှက ကောင်းကောင်းကြီး သဘောပေါက် နားလည်ထားပြီးသား ဖြစ်ပါတယ်။ ဦးလေး သဘောထားကြီးတာ နိုင်ငံရေးလုပ် ဖော်ကိုင်ဖက်တွေအပေါ်မှာမှ မဟုတ်ပါဘူး။ ထောင်ကျတဲ့ အကြိမ်တွေ မရေတွက် နိုင်လောက်အောင် များနေပြီ ဖြစ်တဲ့ သူမျိုးအပေါ်မှာလည်း သဘောထားကြီး ရုံမက မေတ္တာစေတနာ ထားနိုင်သူ ဖြစ်ပါတယ်။ မိတ်ဟောင်းဆွေဟောင်းတွေ၊ လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးသမား အိုကြီးတွေ၊ စာရေးဆရာအို ကြီးတွေ အပေါ်စေတနာ ထားပုံတွေက လည်းပြောလို့ ကုန်နိုင်ဖွယ် မရှိပါဘူး။ ဦးလေးရှိတဲ့ မန္တလေးဆိုတာမပြောနဲ့တော့ ရန်ကုန်တိုက်ခွဲမှာ လာကြတာ တွေကိုက မနည်းပါဘူး။ လူငယ်ပီပီ တစ်ခါတလေ ကိုယ်က စေတနာ တွန့်တိုမိပေမယ့် ဦးလေးကတော့ ဘယ်တော့မှ မတွန့်တိုပါဘူး။ ”အသင့်အတင့် တော့ ကြည့်ပေးလိုက်ပါကွယ်” ဆိုတဲ့ လက်သုံးစကားကိုသာ ပြောမြဲဖြစ်ပါတယ်။
နှလုံးကြီးသူ
ဦးလေးလှဟာ အပြောအဆို၊ အနေအထိုင်၊ အစားအသောက် နေရာတကာ ယဉ်ကျေးသူ၊ နှလုံးကြီးသူ ဖြစ်ပါတယ်။ ဖဆပလ ခေတ်မှာလည်း ၀န်ကြီးချုပ်ဦးနု မန္တလေးရောက်တိုင်း ဦးလေးကို ခေါ်တွေ့ပြီး စကားစမြည် ပြောလေ့ရှိပါတယ်။ ၁၉၆၂ခုနှစ် အာဏာသိမ်းပြီးနောက် ပိုင်းမှာလည်း အဲဒီအချိန်က တော်လှန်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်နေ၀င်း မန္တလေးရောက်တာနဲ့ ဦးလေးလှကို ခေါ်တွေ့ပြီး စကားစမြည် ပြောတာပါပဲ။ တစ်ခါတလေ ဦးလေးလှ ရန်ကုန် ရောက်လာရင်လည်း ရောက်ပြီး မကြာခင် အိမ်တော်ကအခေါ် ရောက်လာမြဲ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးမှာတော့ ဦးလေးလှဟာ အင်မတန်မှကို ပျော့ပျောင်း နူးညံ့ပါတယ်။ ဒါပေမဲ့ လူထုသတင်းစာရဲ့ မူဝါဒနဲ့ ပတ်သက်တာ ဆိုရင်တော့ နည်းနည်းမှ အလျော့မပေးပါဘူး။ စာဖတ်ပရိသတ်ရဲ့ မျက်နှာတစ်ခုတည်းကိုသာ ကြည့်ပါတယ်။ ဒါကြောင့်လည်း စာဖတ်ပရိသတ် အပေါင်းက လူထုဦးလှကို ချစ်ကြတာ ဖြစ်ပါတယ်။ မန္တလေးသား စစ်စစ်မဟုတ်ပေမယ့် မန္တလေး တစ်မြို့လုံး ကလေး၊ လူကြီးမရွေး ထေကြီး၊ ၀ါကြီး ဆရာတော်ကြီး များကအစ ချစ်ကြပြီး အားကိုးအားထား ပြုကြတဲ့ ပုဂ္ဂိုလ်ဆိုလို့ ဦးလေးလှ တစ်ယောက်သာ ရှိလိမ့်မယ် ထင်ပါ တယ်။ ဘာကြောင့်လဲဆိုတော့ မြို့နဲ့ ပတ်သက်သမျ ဝေယျာဝစ္စတိုင်းမှာ ဦးလေးလှ မပါတဲ့ ကိစ္စမရှိလို့ပဲ ဖြစ်ပါတယ်။ ဗထူးကွင်း အုပ်ချုပ်ရေးအဖွဲ့ဝင် လူကြီးလုပ်ခဲ့သလို တက္ကသိုလ်ဆီးနိတ် အဖွဲ့ဝင် လူကြီးလည်း လုပ်ခဲ့ပါတယ်။ အရပ်ထဲက ကြက်တောင်ရိုက်အသင်း လူကြီးဖြစ်သလို၊ မန္တလေးတောင်ခြေ ဂေါက်ကွင်းလူကြီးလည်း ဖြစ်ခဲ့ပါ တယ်။ ဒါ့အပြင် လူကြီးတွေအတွက် စာအုပ်တွေမျိုးစုံ ရေးခဲ့သလို ကလေးတွေအတွက် ပုံပြင်စာအုပ်တွေချည်း ၄၆ အုပ်တောင် ရေးခဲ့တာ ဖြစ်ပါတယ်။ဒါကြောင့် ဦးလေးလှဟာ ဦးနုတို့ ဗိုလ်ချုပ်နေ၀င်းတို့ရဲ့ မိတ်ဆွေဖြစ်ခဲ့သလို ကလေးတွေရဲ့ မိတ်ဆွေလည်း ဖြစ်တယ်လို့ ပြောရင်း နိဂုံးချုပ် လိုက်ပါတယ်။
creditး လူထုစိန်ဝင်း
--------------
လူထုဦးလှ နှစ် ၁၀၀ပြည့် အထိမ်းအမှတ် ဆောင်းပါး
၂၀၁၀ပြည့်နှစ် ဇန်နဝါရီလ ၂၀ရက်နေ့ထုတ် Weekly Eleven ဂျာနယ်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။